သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် သီးခြား အခမ်းအနားတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ကျင်းပ ခဲ့ကြပါတယ်။ စာနယ်ဇင်း သမားတွေ၊ စာပေလောကသားတွေ စုပေါင်းပြီးတော့ ကိုယ့် အစီအစဉ်နဲ့ကိုယ် လွတ်လွတ်လပ်လပ် ကျင်းပခဲ့ကြတာပါ။ ဒီလိုလုပ်နိုင်တဲ့အပေါ် အားတက် ၀မ်းသာ ရှိကြတာနဲ့ တချိန်ထဲမှာပဲ မြန်မာနိုင်ငံက စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေဟာ တိုးတက်လာနေပြီ ဆိုတဲ့ အမြင်မျိုးနဲ့အတူ အားရကျေနပ်စရာ အဆင့်ထိတော့ မရောက်သေးဘူးဆိုတဲ့ အမြင်ကလည်း တွဲနေပါတယ်။
အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထား ပါတယ်။

စာနယ်ဇင်း လွတ်လပ်ခွင့်ဆိုတဲ့ ခေါင်းစဉ်ကို တရားဝင်အသုံးပြုပြီး မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတွေကို လွတ်လွတ်လပ် ကျင်းပခွင့် ရတာဟာဖြင့် မြန်မာ့ စာနယ်ဇင်းသမိုင်းမှာ ပထမဆုံးဖြစ်ပါတယ်။ ဒီနေ့ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ၁၉၉၃ ခုနှစ်ကတည်းက စတင် သတ်မှတ်ခဲ့တာပါ။ ရန်ကုန်မြို့ Central ဟော်တယ်မှာ ကျင်းပတဲ့ အခမ်းအနားကို မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီ (MJA) က ဦးစီးကျင်းပတာ ဖြစ်ပါတယ်။

စာနုယ်ဇင်းသမားတွေ ကိုယ်တိုင် ဦးစီးကျင်းပတဲ့ ဒီအခမ်းအနားနဲ့ ပတ်သက်ပြီး MJA ရဲ့ အတွင်းရေးမှူး ဦးဖိုးနိုင်လင်းက ဗွီအိုအေကို အခုလိုရှင်းပြပါတယ်။

"ကျနော်တို့အနေနဲ့ ဒီ သတင်းစာ ဆရာများအသင်းကိုလည်း ဖြစ်မြောက်စေချင်တယ်ဗျာ။ တကယ်တန်းတော့ ဒီမတိုင်ခင်မှာ ကျနော်တို့ အစည်းဝေးတခု လုပ်ဖို့ အစီအစဉ် ရှိတယ်ဗျ။ ဒါပေမယ့်လို့ ကျနော်တို့က ဒီ အစည်းအဝေး လုပ်မယ့်ရက်နဲ့ ဒီ World Press Freedom Day နဲ့က တိုက်ဆိုင်နေတဲ့ အခါမှာ ဒီပွဲလေးကို အထိမ်းအမှတ်လည်း ဖြစ်သွားအောင် စာနယ်ဇင်း လွှတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားကို လုပ်ဖြစ်တာပါ။ ကျနော်တို့ အကုန်လုံး တက်တက်ကြွကြွ ရှိပါတယ်။ ကျနော်တို့ရော၊ လူကြီးတွေဖြစ်တဲ့ ဆရာ မောင်ဝံသတို့၊ ဆရာ ဦးသီဟစောတို့၊ ဆရာ ဦးအောင်လှထွန်းတို့လည်း အကုန် တက်တက်ကြွကြွ ပါဝင်ကြပါတယ်ဗျ။"

စာနယ်ဇင်းလွတ်လပ်ခွင့် နှစ် ၅၀ နီးပါးလောက် မှေးမှိန် ဆိတ်သုဉ်းခဲ့ပြီးတဲ့နောက် အခု ပြန်ပေါ်လာတာဟာ ထူးခြားတယ်လို့ မြင်သူကတော့ ၀ါရင့် သတင်းစာဆရာ တဦးဖြစ်သူ မောင်ဝံသပါ။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေပြီး ဒီမိုကရေစီပန်းတိုင်ဆီ သွားနေပြီဆိုရင် စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ မလွဲမသွေ ရှိရမှာဖြစ်ပြီး မြှင့်တင်ပေးရမယ်ဆိုတဲ့ ခံယူချက်ရှိဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

"စာနယ်ဇင်း လွှတ်လပ်ခွင့် မရှိခြင်းသည် စာနယ်ဇင်း လွှတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ချယ်၊ ထိန်းချုပ်ထားတဲ့ ဥပဒေတွေကြောင့် ဖြစ်တာ။ အဲဒီလို စည်းမျဉ်း စည်းကမ်းတွေကြောင့် ဖြစ်တာ။ အဲဒါကြောင့် စာနယ်ဇင်း လွှတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ချယ်၊ ထိန်းချုပ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ၊ ဥပဒေတွေကို တဖြည်းဖြည်းနဲ့ ဖြေလျော့ပေးမယ်၊ ပယ်ဖျက်ပေးမယ်၊ ရုပ်သိမ်းပေးမယ်ဆိုရင် ကျနော်တို့က စာနယ်ဇင်း လွှတ်လပ်ခွင့်ကို ကျင့်သုံးခွင့်ရမယ်လို့ အဲဒီလို ယုံကြည်ပါတယ်။"

မန္တလေးမှာလည်း လူငယ်စာနယ်ဇင်းသမား နှစ်ဦးက ဦးစီးပြီးတော့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနား တခုကို မနက် ၉ နာရီက ဆင်ဖြူတော် စားသောက်ဆိုင်မှာ ကျင်းပခဲ့ပြီး မန္တလေးနဲ့ အနီးအနား ဒေသတွေက စာနယ်ဇင်းသမားတွေ၊ ကဗျာဆရာ၊ စာရေးဆရာတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါဟာလည်းပဲ မန္တလေးမှာ ပထမဆုံးကျင်းပတဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနား ဖြစ်တာကြောင့် ၀မ်းသာပြီး နှစ်တိုင်း ကျင်းပနိုင်ဖို့ ကောင်းပါတယ်လို့ အခမ်းအနား တက်ရောက်ခဲ့တဲ့ စာရေးဆရာ ညီပုလေးက ပြောပါတယ်။

အခုဆိုရင် ပြောခွင့် ဆိုခွင့် ရေးသားခွင့်လေးတွေ ပိုရလာနေပြီ ဖြစ်ပေမဲ့ အဲဒီအခြေအနေက ဆက်တိုက် ဖြစ်မှာလားဆိုတာကိုတော့ စောင့်ကြည့်ရမယ်လို့ သူကဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အနေအထား နဲ့ပတ်သက်လို့တော့ စာရေးဆရာညီပုလေးရဲ့ အမြင်က -

"ကျနော်ကတော့ အားမရသေးဘူးဗျ။ စာပေ စိစစ်ရေးဆိုတာ ရှိနေသေးတယ်ဗျ။ နောက် စာနယ်ဇင်း လွှတ်လပ်ခွင့်ရယ်၊ ရေးသားနေကြတဲ့ စာနယ်ဇင်းသမားတွေရဲ့ ဘ၀ အာမခံချက်ပေါ့နော်၊ အဲဒါမျိုးတွေလည်း ဥပဒေတွေ ဘာတွေနဲ့ ကာကွယ်မယ့် အဖွဲ့အစည်းတွေ ဘာတွေ ရှိဖို့၊ ပေါ်ပေါက်ဖို့ လိုသေးတယ်ဗျ။"

မန္တလေးမြို့က စာရေးဆရာ ညီပုလေးပါ။

သတင်းစာဆရာ၊ စာရေးဆရာ မောင်ဝံသကတော့ စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေက အားရစရာ ဆိုတာထက် တိုးတက်မှု ရှိတယ်လို့တော့ ဆိုနိုင်ကြောင်း ၀ါရင့် သတင်းစာဆရာကြီး တဦးဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီးတော့ ပြန်ပြောပြခဲ့ပါတယ်။

"ဥပမာအနေနဲ့ ကျနော် ပြောမယ်ဆိုရင်ဗျာ၊ ဒီနေ့ထုတ်တဲ့ မြန်မာ တိုင်းမ်စ် (Myanmar Times) ဂျာနယ်မှာ၊ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ အင်တာဗြူး ပါတယ်။ ဦးဝင်းတင်ကို အဲဒီလို မေးခွန်း၊ ခုနက ဆရာတို့မေးတဲ့ မေးခွန်းမျိုးကိုပဲ မြန်မာတိုင်းမ်စ်က မေးတဲ့အခါကျတော့ ဆရာဦးဝင်းတင်က - တိုးတက်မှု ရှိတယ်လို့ ကျနော် ပြောနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုရင်၊ အရင်တုန်းကဆိုရင် ဦးဝင်းတင်ဆိုတဲ့ နံမည်လည်း မသုံးရဘူး၊ ဦးဝင်တင်ရဲ့ ကလောင်နံမည်လည်း မသုံးရဘူး၊ ဦးဝင်းတင် ရေးတဲ့စာတော့ ဝေလာဝေးပေါ့။ အဲ အခုဆိုရင် ဦးဝင်းတင် အင်တာဗြူးတွေ ထည့်လို့ရတယ်၊ ဦးဝင်းတင်ရေးတဲ့ ဆောင်းပါးတွေ ထည့်လို့ရတယ်၊ ဦးဝင်းတင် စာအုပ်တွေ ထုတ်လို့ရတယ်။ ဒါကြောင့်မို့ ဒါကတော့ ဘာဘဲပြောပြော တိုးတက်တယ်လို့ ပြောနိုင်ပါတယ်လို့၊ အဲဒီလို သူပြောပါတယ်။"

သတင်းစာဆရာ၊ စာရေးဆရာ မောင်ဝံသပါ။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက အခုအခါမှာ စာနယ်ဇင်းဆိုင်ရာ ဥပဒေ မူကြမ်း တရပ်ကို ရေးဆွဲ ပြုစုနေပြီး မြန်မာ့ မီဒီယာ လောက ဖွံ့ဖြိုး တိုးတက်စေဖို့ ဆိုပြီးတော့ ဆွေးနွေး ပွဲတွေလည်း လုပ်ခဲ့ပါတယ်။ အဲဒီဥပဒေဟာ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့ မဟုတ်ပါဘူးဆိုပြီး ပြန်ကြားရေးဝန်ကြီး ကိုယ်တိုင်ကလည်း ပြောထားဖူးပါတယ်။ စာပေ စိစစ်ရေး အဖွဲ့ဆိုတာ တချိန်မှာ ရှိတော့မှာမဟုတ်ဘူး ဆိုပြီးတော့လည်း အဖွဲ့ရဲ့ ထိပ်တန်းတာဝန်ရှိသူ တဦးကိုယ်တိုင်က ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း လက်ရှိအချိန်ထိတော့ ၁၉၆၂ ခုနှစ် ပုံနှိပ်ထုတ်ဝေရေး အက်ဥပဒေက အသက်ဝင်နေဆဲ ဖြစ်ပြီး အဲဒီဥပဒေနဲ့ မညီလို့ ဆိုပြီးတော့ စာပေစိစစ်ရေးအဖွဲ့က ခေါ်ယူ သတိပေးတာတွေကိုလည်း မကြာခနဆိုသလို ကြားနေရဆဲပါ။

အဲဒါကြောင့်လည်း သတင်းလွတ်လပ်ခွင့်ဆိုင်ရာ စောင့်ကြည့်တဲ့ အမေရိကန်အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့် ရှောက်ရေးကော်မတီ CPJ က ကမ္ဘာပေါ်မှာ ဆင်ဆာတည်းဖြတ်မှု အများဆုံး (၁၀) နိုင်ငံစာရင်းထဲ အဆင့် (၇) မှာ မြန်မာနိုင်ငံကို ထည့်သွင်း သတ်မှတ်ထားဆဲရှိပါတယ်။

XS
SM
MD
LG