သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်သစ်နဲ့ ပြည်နယ်အစိုးရ ငြိမ်းချမ်းရေးဆွေးနွေး


မွန်ပြည်သစ်ပါတီအနေနဲ့ ပြည်ထောင်စုအစိုးရနဲ့ ဆွေးနွေးရာမှာ တနိုင်ငံလုံး အကျုံးဝင်တဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ UNFC တပ်ပေါင်းစုအနေနဲ့သာ ဆွေးနွေးလိုတယ်လို့ မွန်ပြည်နယ် ရေးမြို့မှာ တနေ့က တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲမှာ အစိုးရဘက်က စေလွှတ်လာတဲ့ ပြည်နယ်ငြိမ်းချမ်းရေးအဖွဲ့ကို တင်ပြခဲ့ပါတယ်။ သဘောတူညီချက် တစ်စုံတရာ မရရှိသေးပေမဲ့ ပြည်နယ်ငြိမ်းချမ်းရေးအဖွဲ့ အနေနဲ့ အထက်အာဏာပိုင်တွေကို တင်ပြသွားမယ်လို့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ တဘက်က ငြိမ်းချမ်းရေး ဆွေးနွေးနေသလို တဘက်မှာလည်း တိုင်းရင်းသားဒေသတွေကို ထိုးစစ်ဆင်နေတာတွေ လုပ်နေတာကြောင့် အခုလို မတူညီတဲ့လုပ်ရပ်တွေကြောင့် တပ်ပေါင်းစုအသွင်နဲ့သာ ဆွေးနွေးရမယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ အခြေအနေ အပြည့်စုံကို ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြထားပါတယ်။

မွန်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်အစိုးရ ငြိမ်းချမ်းရေး ကော်မီတီတို့ဟာ မွန်ပြည်နယ် ရေးမြို့နယ် ခလရ (၆၁) တပ်ရင်းဧည့်ဂေဟာမှာ ပဏာမ တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ခဲ့တယ်လို့ ပါတီရဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။ မွန်ပြည်သစ်ပါတီနဲ့ မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီးနောက်ပိုင်း အခုလို ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာပါ။ မွန်ပြည်သစ်ပါတီနဲ့ ပြည်နယ်အစိုးရတို့ တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ ပါဝင်တဲ့အချက်တွေကိုတော့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက အခုလိုပြောပါတယ်။

“မွန်ပြည်သစ်ပါတီနဲ့ မနေ့တုန်းက ပြည်နယ်အစိုးရပေါ့လေ လွှတ်လာတဲ့အပေါ်မှာ ကျနော်တို့လူတွေ သွားတွေ့တယ်။ အဓိကအားဖြင့် တပြည်လုံး အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာဖို့ နိုင်ငံရေးပြဿနာကို UNFC တပ်ပေါင်းစုနဲ့ ဗဟိုအစိုးရတို့ ဆွေးနွေးဖို့ အဲဒါကို ကျနော်တို့ဘက်က တင်ပြတာပါ။ သူတို့ဘက်ကတော့ ဒါကို အထက်ကိုတင်ပြပေးမယ်လို့ပဲ ပြောပါတယ်။”

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ရေရေရာရာ သဘောတူညီချက်တွေ ဘာမှမရရှိသေးသလို မွန်ပြည်သစ်ပါတီအတွက် ဘာအခွင့်အရေးမှ သီးခြားတောင်းဆိုတာ မရှိဘူးလို့ နိုင်ဟံသာက ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းလာပေမဲ့ တဘက်မှာ တခြား တိုင်းရင်းသား အဖွဲ့တွေကို ထိုးစစ်ဆင်နေတဲ့ အနေအထားကြောင့် UNFC အနေနဲ့သာ ဆွေးနွေးဖို့ တောင်းဆိုရတယ်လို့ နိုင်ဟံသာက အခုလိုပြောပါတယ်။

“တဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းနေပြီးတော့ တဘက်က ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ဘက်မှာ ထိုးစစ်တွေ အကြီးအကျယ်လုပ်နေတာ။ ဒါက မတူညီတဲ့ လုပ်ရပ်တွေပေါ့ဗျာ။ ကျနော်တို့ကတော့ အဲဒီလို မဖြစ်စေချင်ဘူး။ အဲဒီလို အဖြစ်မခံနိုင်အောင်လည်း ကျနော်တို့က UNFC အနေနဲ့ပဲ တွေ့ဆုံ နေရာချချင်တယ် ဆိုတဲ့ဟာကို ကျနော်တို့က တောင်းဆိုနေပါတယ်။”

ဒီဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီက ဗဟိုအလုပ်မှုဆောင် ကော်မီတီဝင် နိုင်တလညီ ခေါင်းဆောင်ပြီး ဗဟိုကော်မီတီဝင် နိုင်ဗညားလယ်၊ ဒုဗိုလ်မှူးကြီး နိုင်ဟံသာတို့ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သလို ပြည်နယ်အစိုးရ ကိုယ်စားလှယ်ဘက်က လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် ဦးစီးပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး ထွန်းထွန်းညီအပါအဝင် ပြည်နယ် စည်ပင်သာယာရေး အရာရှိတွေ ပါဝင်တယ်လို့ မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာဗိုန်ခိုင်က ပြောပါတယ်။

မွန်ပြည်သစ်ပါတီဟာ ၂၀၁၀ ခုနှစ် စက်တင်ဘာလမှာ မြန်မာအစိုးရက တိုက်တွန်းထားတဲ့ ဌာနေပြည်သူ့စစ် တပ်အသွင် ပြောင်းလဲရေးကို လက်မခံငြင်းပယ်ခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာစစ်တပ်က ထိုးစစ်ဆင်လာမယ် ဆိုတဲ့ သတင်းတွေကြောင့် ပါတီဗဟိုဝန်းကျင်ဒေသက ရွာသား ၆၀၀ နီးပါးဟာ ထိုင်းနယ်စပ် ခလော့ခနီ ဒုက္ခသည် စခန်းနဲ့ ဗလဲ့ဒွန်ဖိုက် စခန်းတွေဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ မွန်ပြည်သစ်ပါတီရဲ့ ဖွံ့ဖြိုးရေးရုံး၊ စီးပွားရေးဌာန၊ ဆက်ဆံရေးဌာနတွေလည်း ပိတ်ပင်ခဲ့ရပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေးတည်ဆောက်မှု ပျက်ပြယ်သွားပြီလို့ သတင်းတွေ ပေါ်ထွက်နေပေမဲ့ နှစ်ဘက်အပြန်အလှန် တိုက်ခိုက်မှုတော့ မရှိခဲ့ပါဘူး။

မွန်ပြည်သစ်ပါတီဟာ ၁၉၉၅ ခုနှစ်၊ ဇွန်လ ၂၉ရက်နေ့မှာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပြီး အဲဒီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကြောင့် မွန်ပြည်သစ်ပါတီ အခြေခံဒေသတွေဖြစ်တဲ့ ရေးတောင်ပိုင်း ဒေသ၊ ဘိတ်ခရိုင်နဲ့ မော်လမြိုင်-ထားဝယ် မော်တော်ကားလမ်း အနောက်ဘက်ဒေသတွေမှာ စစ်ရေးအရ သွားလာလှုပ်ရှားခွင့် မရရှိတော့ဘဲ ပိတ်ပင်ကန့်သတ်ခြင်း ခံထားရပါတယ်။

XS
SM
MD
LG