သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံးကိုးရဲစခန်း တိုက်ခိုက်ခံရမှုအတွင်း ရဲတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံး


မုံးကိုးတိုက်ပွဲ (Northern Alliance - Burma)
မုံးကိုးတိုက်ပွဲ (Northern Alliance - Burma)

ဒီဇင်ဘာလဆန်းပိုင်းက မြောက်ပိုင်းမဟာမိတ်တွေရဲ့ထိုးစစ်ကြောင့် မုံးကိုးမြို့ရဲစခန်းက အရာရှိတဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့တယ်လို့ ရဲစခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါအပြင် ရဲဝန်ထမ်းမိသားစုဝင်တဦးအပါအဝင် အရပ်သားနှစ်ဦးလည်း သေဆုံးခဲ့ပါတယ်။ တပ်မတော်ဖက်က ထိခိုက်သေဆုံးမှုအတိအကျကိုတော့ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ တပ်မတော်ကနေ ဒေသတွင်း နယ်မြေရှင်းလင်းရေးတွေလုပ်ပြီး တိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့်လည်း စစ်ဘေးရှောင်တွေကတော့ နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ အခြေအနေအသေးစိတ်ကိုတော့ ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွမ်းအိမ် သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ မုံးကိုးမြို့နယ်ကို မြန်မာ့တပ်မတော်ကနေ ပြန်လည်ထိန်းချုပ်လာနိုင်လို့ နယ်မြေ ရှင်းလင်းရေးလုပ်ဆောင်ရာမှာ တိုက်ပွဲကာလအတွင်း မုံးကိုးရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေရဲ့အလောင်းကို တွေ့ရှိရတယ် လို့ မူဆယ်မြို့မရဲစခန်းက ဒုရဲမှူးအေးမြင့်က VOA ကို အခုလိုပြောပါတယ်။

“ကျနော်ကတော့ သိတာကတော့ တပ်ဖွဲ့ဝင် အရာရှိ ၂ ဦး ၊ အခြားအဆင့် ၁၄ ဦး၊ အားလုံးပေါင်း ၁၆ ဦးရှိတယ်လို့သိတယ်။ အသက်ရှင်လျက်ကတော့ ၄ ဦးပြန်ရတယ်။ ၁၂ ဦးကတော့ သေဆုံးကုန်တယ်၊ ပျောက်ဆုံးတာကတော့ အလောင်းတွေ့ပါပြီခင်ဗျ၊ အားလုံးပေါင်း ၁၂ ဦးသေပါတယ် ရဲတပ်ဖွဲ့ဝင်တွေက။”

မုံးကိုးနယ်မြေရဲစခန်းက စုစုပေါင်းရဲတပ်ဖွဲ့ဝင် ၉ယောက်ကျဆုံးကြောင်း အသက်ရှင်လျက်ပြန်တွေ့သူ ၄ ဦးနဲ့ ပျောက်ဆုံးဆဲ ၃ ဦးရှိတယ်လို့ အစိုးရကနေ အတည်ပြုထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ဒီကနေ့ထပ်မံတွေ့ရှိချက်အရ ပျောက်ဆုံးသူ(၃)ဦးရဲ့ရုပ်အလောင်းကိုပြန်တွေ့ရှိပြီးဖြစ်လို့ သေဆုံးသူ(၁၂) ရှိခဲ့တယ်လို့ ဒုရဲမှူးအေးမြင့် ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ(၂)ရက်နေ့တုန်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့လို့ခေါ်တဲ့ ကချင်အဖွဲ့KIA၊ တအာင်းပလောင်တပ် TNLAနဲ့ ကိုးကန့်တပ် MNDAA ပူးပေါင်းအဖွဲ့က အင်အားသုံးပြီး မုံးကိုးကိုတိုက်ခိုက်လာခဲ့တုန်း ကျဆုံးသွားတာဖြစ်ပြီး ကျဆုံးရဲတပ်ဖွဲ့ဝင်တွေအတွက်လိုအပ်တဲ့ထောက်ပံ့မှုတွေဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ မူဆယ်ခရိုင်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းပြောပါတယ်။

“တိုက်ပွဲကာလမှာ အသတ်ခံရတာပါ၊ တိုက်ပွဲကာလမှာ ကျဆုံးတာပေါ့နော်။ သူတို့တပ်ဖွဲ့မှာ ဝန်ထမ်းတွေနဲ့ ခံစားခွင့်ရှိပါတယ်။ ပြည်ထဲရေးကတော့ အဲဒါတွေကို ဆက်လက် စီမံဆောင်ရောက်မှာပေါ့။ ဒီမှာရှိတဲ့ ခရိုင်တပ်ဖွဲ့မှူး ကတော့ လောလောဆယ်ထောက်ပံ့မှုတွေလုပ်ပေးမှာပေါ့။ ရှမ်းပြည်နယ်၊ အစိုးရအဖွဲ့တွေကလည်း ထောက်ပံ့တာတွေရှိပါတယ်။”

လက်ရှိမူဆယ်ခရိုင် မုန်းကိုးဒေသအတွင်းမှာ တိုက်ပွဲတွေငြိမ်သက်နေသလို တပ်မတော်ကလဲနယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဦးဇော်မင်းကပြောပါတယ်။

ပြီးခဲ့တဲံနိုဝင်ဘာ(၂၀)ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မ တော် (AA)၊ မြန်မာအမျိုး သားများ ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ကိုးကန့်အဖွဲ့စတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု အဖွဲ့နဲ့ မြန်မာ့တပ် မတော်တို့အကြား တရုတ် – မြန်မာနယ်စပ်မူစယ် ကြူကုတ်-ပန်ဆိုင်း မုန်းကိုး ဒေသအတွင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွါးလာခဲ့တာပါ။

တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ဒေသခံတွေကလဲ စစ်ဘေးလွတ်ရာ တရုတ်နိုင်ငံထဲထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မုံးကိုးဒေသကို ဒီဇင်ဘာ(၄)ရက်နေ့ကစပြီးမြန်မာ့တပ်မတော်ကနေထိမ်းချုပ်ထားနိုင်ခဲ့ပြီးဆိုပေမဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ ဒီအခြေအနေကို မုန်းကိုး ဖေါင်းဆောင်သိက္ခာတော်ရဆရာတော် ဦးဇင်ဟန်လကအခုလို ပြောပါတယ်။

“သူတို့ နယ်မြေရှင်းလင်းရေးလုပ်နေတာ ၃ - ၄ ရက်လောက်ရှိပြီ။ နယ်မြေရှင်းလင်းရေးလုပ်ပြီးမှ ပြန်ခိုင်းမယ်လို့ပြောတယ်။ အားလုံးကလေ အခု သေနတ်သံငြိမ်နေတော့၊ သေနတ်သံလည်းမကြားရတော့ အိမ်တအားပြန်ချင်ပြီဆိုပြီးတော့ လာပြောနေကြတာ၊ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးမလှုပ်နိုင်သရွေ့ကတော့ ဆက်ဖြစ်မှာပဲ အဲဒါကျနော်တို့လည်း စိုးရိမ်နေတယ်။ တပ်မတော်က ဝုန်းတိုင်းဝုန်းတိုင်းတက်လာပြီဆိုရင် ကြက်ပျောက်ငှက်ပျောက် ဘယ်ရောက်သွားသလဲမသိဘူး အချိန်မရွေးထပ်ဖြစ်နိုင်တယ်ခင်ဗျ။”

တိုက်ပွဲအတွင်း နေအိမ်တွေဘုရားကျောင်းတွေ ပျက်စီးမှုရှိခဲ့သလို ဒေသခံတွေအများအပြားထိခိုက်မှုတွေရှိခဲ့တယ်လို့လဲ ဒေသခံရွာသားတွေကပြောပါတယ်။

မုံးကိုးတိုက်ပွဲစဉ်အတွင်း မြန်မာ့တပ်မတော်ဘက်ကရော မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဘက်ကပါ ထိခိုက်ကျဆုံးမှုတွေ များပြားနေပေမဲ့ အတည်ပြုထုတ်ပြန်တာမျိုးတော့မတွေ့ရှိရသေးပါဘူး။

ဒီတိုက်ပွဲအတွင်း မုံးကိုးရဲစခန်းကအဖွဲ့ဝင်(၁၆)ဦးအနက် အရာရှိအပါအဝင်ကျဆုံး(၉)ဦး အသက်ရှင်လျှက်ပြန်တွေ့သူ (၄)ဦး ပျောက်ဆုံး(၃)ဦးရှိနေသလို ရဲဝန်ထမ်းရဲ့ဇနီးနဲ့ အရပ်သားတဦးလဲ တိုက်ခိုက်မှုအတွင်းသေဆုံးသွားတယ်လို့
နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီကနေ ဒီဇင်ဘာ(၇)ရက်နေ့စွဲနဲ့သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG