သုံးရလွယ်ကူစေသည့် Link များ

တံတားအမည်ပေးမှု လူမျိုးစုအခွင့်အရေးလေးစားဖို့ နိုင်ငံတကာက တိုက်တွန်းရန် မွန်ဒေသခံတွေ တောင်းဆို


သံလွင်-ချောင်းဆုံတံတား ဒေသခံများ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြနေ (ဓါတ်ပုံ- ဦးအောင်သူငြိမ်း)

ဒေသခံတိုင်းရင်းသားတွေက ကန့်ကွက်နေတဲ့ကြားက သံလွင်(ချောင်းဆုံ)တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားအဖြစ် အမည်ပြောင်းလဲ လိုက်တာဟာ လက်ရှိအာဏာရ NLD အရပ်သားအစိုးရက တိုင်းရင်းသားလူမျိုးစု လူနည်းစုတွေရဲ့ သဘောထားဆန္ဒကို မျက်ကွယ်ပြုတာ၊ နိုင်ငံတကာစံနှုန်းဖြစ်တဲ့ လူမျိုးစုတွေရဲ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်ဆိုပြီး နိုင်ငံတကာသံရုံးတွေနဲ့ ကုလအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို တောင်းဆိုချက်သုံးခုပါဝင်တဲ့ အိတ်ဖွင့်စာတွေကို မွန်တိုင်းရင်းသားတွေက ဒီကနေ့ ပေးပို့လိုက်ကြပါတယ်။ မွန်ပြည်နယ် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနဘက်ကတော့ နှစ်ဦးနှစ်ဘက် အတတ်နိုင်ဆုံး အဆင်ပြေအောင် ဖြေရှင်းပေးနေတယ်လို့ဆိုပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ်ဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDအရပ်သားအစိုးရ လက်ထက်မှာ အခုလို ဒေသခံတိုင်းရင်းသားတွေဘက်က ကန့်ကွက်နေတဲ့ကြားက မွန်ပြည်နယ် မော်လမြိုင်နဲ့ချောင်းဆုံကို ဖြတ်ပြီးဆက်သွယ်ထားတဲ့ ချောင်းဆုံသံလွင်တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပေးဖို့ ပြည်သူ့လွှတ်တော်ကနေ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တဲ့ အပေါ်မှာ ဒါဟာ လူနည်းစုတွေရဲ့အခွင့်အရေးကို အသိအမှတ်ပြု လေးစားမှုမရှိပဲ လူနည်းစုတွေရဲ့ အခွင့်အရေး ချိုးဖောက်တာဖြစ်တဲ့အကြောင်း မွန်တိုင်းရင်းသားတွေက နိုင်ငံတကာကို အိတ်ဖွင့်ပေးစာတွေ ပေးပို့လိုက်ပါတယ်။

အမေရိကန်၊ တရုတ်၊ ပြင်သစ်၊ ဂျပန် ဂျာမာန်နဲ့ EU စတဲ့နိုင်ငံတကာအစိုးရအဖွဲ့၊ သံရုံးတွေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပေးပို့လိုက်တဲ့ အိတ်ဖွင့်ပေးစာထဲ လက်ရှိအစိုးရအနေနဲ့ တိုင်းရင်းသားတွေရဲ့သဘောဆန္ဒ၊ တိုင်းရင်းသားတွေရဲ့အသံကို ထည့်သွင်းစဉ်းစားအလေးထားစေဖို့ အစိုးရကို နိုင်ငံတကာအနေနဲ့ တိုက်တွန်းပြောဆိုပေးဖို့ ရည်ရွယ်တယ်လို့ သံလွင်ချောင်းဆုံတံတား အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားရေးအသွင် ဆန္ဒထုတ်ဖော်ရေးကော်မတီဝင်ဖြစ်တဲ့ နိုင်အောင်မွန်က အခုလိုပြောပါတယ်။

“တိုင်းရင်းသားအရေးနဲ့ ဆိုင်တဲ့အခါကျတော့ ကျနော်တို့က ဒါကိုပြောတယ် ပြောတော့ မသိကျိုးကျွန်ပြုတဲ့အခါကျတော့ ကျနော်တို့က ပြောလို့ရတဲ့နေရာပေါ့နော် တိုင်လို့ရတဲ့နေရာကို ပို့ချင်လို့ပါ အဲဒါပါပဲ။ ဒီတံတား အမည်ပြောင်းတဲ့ ကိစ္စက ဒေသခံတွေရဲ့ ဆန္ဒကို ပြတာပေါ့လေ၊ ဒေသခံတွေ ရဲ့ ဆန္ဒတွေက ဒါတွေရှိပါတယ်ပေါ့ ၊ အမှန်မှန်တော့ ဒါပြည်နယ်အစိုးရက သိသင့်တဲ့ ကိစ္စပေါ့လေ ဒါက နိုင်ငံတော်အရ ပေါ်လစီ ကိစ္စမဟုတ်လောက်တော့ဘူးလေ ကျနော်ပြောချင်တာက ၊ ဒီလိုအရေး လုပ်ပိုင်ခွင့်တွေ ဒီမှာ မရှိတော့ဘူးဆိုရင် ကျနော်တို့က ဖက်ဒရယ်ပြည်ထောင်စုကို သွားလို့မရဘူးပေါ့နော်။ ဒေသခံတွေ ရဲ့ ဆန္ဒတွေကလိုက်လျောနိုင်ဖို့အတွက် ကျနော်တို့က ဒါကို အဓိကတောင်းဆိုတာပဲလေ။”

ဒီမိုကရေစီစနစ်နဲ့ ပြည်သူ့ဆန္ဒနဲ့အညီ မဲပေးရွေးချယ်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ( Democracy Transition ) နဲ့ အမျိုးသားနိုင်ငံတည်ဆောက်ခြင်း ဖက်ဒရယ်ပြည်ထောင်စုတရပ် ပေါ်ထွန်းလာစေဖို့ဆောင်ရွက်နေချိန်မှာ တိုင်းရင်းသားမျိုးနွယ်စု လူမျိုးစုတွေရဲ့ ဆန္ဒသဘောထားကို လျစ်လျူမရှု့သင့်ဘူးလို့လည်း အိတ်ဖွင့်ပေးစာထဲ ပြောဆိုထားတာပါ။

“အာဏာရအစိုးရကိုပေါ့လေ လက်ရှိဦးစားပေးဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးကိစ္စရော ၊ တိုင်းရင်းသားတွေ အများစုနေထိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက် တိုင်းရင်းသားအခွင့်အရေးတွေပေါ့နော် ဒါတွေကို ကျနော်တို့က ဂရုမစိုက်ပဲနဲ့ ကိုယ်လုပ်ချင်သလိုလုပ်ခဲ့ရင် ဒီနိုင်ငံက ငြိမ်းချမ်းရေးရဖို့ဆိုရင်တော်တော်လေး ဝေးဦးမှာဆိုပြီးကျနော်တို့က ပြောချင်တာပေါ့လေ။”

မွန်ပြည်နယ်တွင်းမှာ မှီတင်းနေထိုင်ကြတဲ့ မွန်အပါအဝင် တိုင်းရင်းသားပေါင်းစုံ ရဲ့ဆန္ဒသဘောထားနဲ့အညီ မွန်ပြည်နယ်အစိုးရကရော ပြည်ထောင်စုအစိုးရကရော အလေးအနက်ထား စဉ်းစားဆောင်ရွက်ပေးဖို့နဲ့ ဒေသခံတွေရဲ့သဘောထာားကိုသွေဖီတဲ့ နောင်အလားတူအဖြစ်မျိုး မဖြစ်စေချင်ဘူးလို့လည်း မွန်ပြည်နယ်ဒေသခံတိုင်းရင်းသားအဖွဲ့တဖွဲ့ဖြစ်တဲ့ မွန်ပြည်နယ် ပအို့ဝ်စာပေယဉ်ကျေးမှုဥက္ကဋ္ဌ ဦးခွန်ရွှေသင်းကလည်း တောင်းဆိုပါတယ်။

“အဓိကအားဖြင့်တော့ လူနည်းစု တိုင်းရင်းသားဆိုပေမယ့်လည်း တိုင်းရင်းသားအများစုက နာမည်ပြောင်းတာကို မနှစ်ခြိုက်ဘူးလေ။ လက်ရှိအစိုးရပေါ့နော် ဘယ်အစိုးရပဲဖြစ်ဖြစ် ဒါလေးကိုတော့ အလေးထားပြီးတော့ စဉ်းစားပေးစေချင်တယ်ပေါ့နော်။ ကျနော်တို့က အကြမ်းနည်းတွေနဲ့လည်းမသုံးပါဘူး သုံးဖို့လည်း ဆန္ဒမရှိပါဘူး။ ကျနော်တို့ ခံစားချက်လိုလားချက်ကို တင်ပြထားတယ်၊ ဖော်ထုတ်ထားတယ် အခုသိအောင်လည်း ဒါတွေဖြန့်ဝေထားပေးတယ်။ အဲဒါတွေလည်း အဲဒီအပေါ်မှာ အစိုးရကတော့ အလေးထားပြီးတော့ စဉ်းစားပေးစေချင်ပါတယ်။ ကျနော်တို့ ဖြစ်စေချင်တဲ့အတိုင်းပဲ ဖြစ်ရမယ်ဆိုတဲ့ စိတ်မျိုးတော့မရှိပါဘူး။ စဉ်းစားပေးဖို့လိုတာပါပဲ ၊ မွန်တိုင်းရင်းသားတွေနဲ့အတူတူ ကရင်တိုင်းရင်းသား၊ ပအို့တိုင်းရင်းသားတွေလည်း ပါဝင်ပြီးတော့ ကျနော်တို့ဒေသခံတွေရဲ့ ဆန္ဒကို ဖော်ထုတ်ပေးထားတာပေါ့နော်။”

ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးမယ်လို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ထားတဲ့ မွန်ပြည်နယ် ချောင်းဆုံသံလွင်တံတား အမြန်ဆုံး ဖွင့်လှစ်ပြီး ခရီးလမ်းပမ်းသွားလာရေးအဆင်ပြေလွယ်ကူစေနိုင်ဖို့ ဒေသခံပြည်သူတွေနဲ့ အစိုးရကြား တွေ့ဆုံညှိနှိုင်းမှုတရပ်ကို အစိုးရက စီစဉ်ပေးဖို့ နိုင်ငံတကာအသိုင်းဝိုင်းနဲ့ အဖွဲ့အစည်းတွေဘက်က အစိုးရကို တိုက်တွန်းပေးဖို့ဆိုတဲ့အချက်တချက်လည်းပါဝင်ပါတယ်။ဒီအပေါ်မှာတော့ မွန်ပြည်နယ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက နိုင်ဝင်းနိုင်ကတော့ အတတ်နိုင်ဆုံး ပြေလည်အောင်ဖြေရှင်းပေးဖို့ ကြိုးစားနေပါတယ်လို့ အခုလိုတုန့်ပြန်ပါတယ်။

“ကျနော်တို့ ကြားရသလောက်ကတော့ သူတို့ကတော့ ပထမ ၀န်ကြီးရုံးကိုလာတင်မယ်လို့ ပြောတယ်။ ၀န်ကြီးကတော့ သူကလေ တိုက်ရိုက်တင်ပါလို့တော့ ပြောထားတယ်လေ အဲဒါတော့သိရတာပေါ့နော်။ ကျနော်တို့ကတော့ ဘာမှ မှတ်ချက်တော့ မပြုချင်ပါဘူး ဒီလိုပါခင်ဗျ ၊ ဘာဖြစ်လို့လဲဆိုတော့ တဖက်ကလည်း ကိုယ့်တိုင်းရင်းသားအဖွဲ့အစည်း၊ တဖက်ကလည်း အစိုးရဌာနဆိုတော့လေ သီးခြားမှတ်ချက်ကတော့ မပြုချင်ပါဘူး။”

သံလွင်တံတား (ချောင်းဆုံ) အား အမည်ပြောင်းလဲ ပေးအပ်ခြင်းဟာ ဒေသတိုင်းရင်းသားများ၏ ဆန္ဒသဘောထားကို လျစ်ရူရှူပြီး အတင်းအကျပ် တဖက်သတ် ဆုံးဖြတ်ချခြင်းဖြစ်ပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး ချစ်ကြည်လေးစားရေနဲ့ ရိုင်းပင်းကူညီရေးကို ချိုးဖောက်တာဖြစ်ပြီး ဒီလုပ်ရပ်ကြောင့် ဗမာနဲ့ မွန်အပါအဝင် တိုင်းရင်းသားတွေအကြား အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်စေသလို ကုလသမဂ္ဂရဲ့ ဌာနေတိုင်းရင်းသားတွေ အခွင့်အရေးကြေညာစာတမ်း၊ လူမျိုးစုကိုးကွယ်ယုံကြည်မှုနဲ့ ဘာသာစကားနဲ့သက်ဆိုင်တဲ့ လူနည်းစုအခွင့်အရေးကြေညာစာတမ်းအပါအဝင် နိုင်ငံတကာမှ အသိအမှတ်ပြုထားသည့် လူမျိုးစုအခွင့်အရေတွေကို ချိုးဖောက်ခြင်းသာ ဖြစ်တယ်ဆိုပြီး ထောက်ပြထားတဲ့ မွန်ပြည်နယ်ရှိ မွန်တိုင်းရင်းသားများမှ နိုင်ငံတကာအသိုင်းအဝိုင်းတွေဆီကို လိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာကို မြန်မာပြည်အခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းတွေ နိုင်ငံတကာသံရုံးတွေ၊ နိုင်ငံတကာ သံတမန်တွေနဲ့၊ မြန်မာ့ ဒီမိုကရေစီအရေး စိတ်ဝင်စားသော အဖွဲ့အစည်းအသီးသီးထံကို ပြီးခဲ့တဲ့ ဧပြီလ (၂၄) ရက်နေ့က စတင်ပေးပို့နေခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG