သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲကပြောတဲ့ NLD အနေအထား


၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခဲ့သူတဦး
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခဲ့သူတဦး

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ အာဏာရပါတီ NLD က သူယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ် စုစုပေါင်း (၁၈)နေရာအနက် (၉)နေရာမှာ အနိုင်ရရှိ ခဲ့ပါတယ်။ မွန်၊ ရှမ်း၊ ရခိုင် စတဲ့ တိုင်းရင်းသားဒေသတွေမှာ NLD ပါတီအနေနဲ့ ရှုံးနိမ့်ခဲ့ရတာ ဘာကြောင့်ပါလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ပြောပြမှာပါ။

တနိုင်ငံလုံးလစ်လပ် မဲဆန္ဒနယ်ပေါင်း (၁၉)နေရာအတွက် ဧပြီလ (၁)ရက်နေ့က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အာဏာရပါတီ NLD က ထက်ဝက် အနိုင်ရရှိခဲ့ ပါတယ်။ NLD ပါတီအနေနဲ့ အခုကြားဖြတ်ရွေးကောက်ပွဲမှာ မျှော်မှန်းထားသလောက် အနိုင်မရခဲ့ဘူးလို့ အကဲခပ်တွေက သုံးသပ်ကြပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ အနိုင်ရရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ပါတီဥက္ကဌလည်း ဖြစ်တဲ့ ဒေါက်တာအေးမောင်ကတော့ လစ်လပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် သူအနိုင်ရရှိခဲ့တာနဲ့ ပတ်သက်လို့ အခုလို သုံးသပ်ပါတယ်။

“ အမ်းမှာ နိုင်ရတဲ့အကြောင်းရင်းက အဓိကတော့ ကျနော်တို့ ကျေးလက်ကို စည်းရုံး ထားလိုက်နိုင်လို့ပါ။ ပါတီတည်ဆောက်မှု အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်။ မဲဆွယ် ကာလမှာလည်း အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့ ကာလ ဖြစ်ကြောင်းကို နားလည်အောင် တင်ပြနိုင်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း ပြည်နယ် မဲဆန္ဒနယ် အားလုံးနီးပါးလောက်ကို နိုင်အောင် ကြိုးစားနိုင် ခဲ့ပါတယ်။ ချင်းတိုင်းရင်းသား များကလည်း ကျနော်တို့ကို ထောက်ခံတဲ့ အင်အားစု အတော်များပါတယ်။ မြို့ပေါ်မှာလည်း ကျနော်တို့ တဝက်လောက် နိုင်ပါတယ်။”

ရှမ်းပြည်နယ် ကျေးသီး၊ မိုင်းရှူး၊ ကျိုင်းတုံ အပါအဝင်မဲဆန္ဒနယ်မြေ (၆)နေရာလုံးမှာ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့ပါတယ်။ အခုလိုရှမ်းပြည်နယ်မှာ NLD ပါတီ ရှုံးနိမ့်ရတဲ့ အကြောင်းအရင်းတွေထဲမှာ သူတို့ပါတီအတွက် ဘာသာစကား အခက်အခဲနဲ့ ကြုံတွေ့ခဲ့ရသလို၊ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် လက်ရှိ အာဏာရ ပါတီဖြစ်နေတဲ့ NLD အပေါ်မှာ ဒေသခံတွေရဲ့ ထောက်ခံမှု နည်းလိမ့်မယ်ဆိုတာ ကိုတော့ ကြိုတင်ခန့်မှန်းထားကြောင်းNLD ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က သတင်းထောက်တွေကို ပြောပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ NLD ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ေ ဟာင်း ဒေါက်တာတင့်ဆွေကတော့ ကြားဖြတ် ရွေးကောက်ပွဲရလာဒ်ကို ကြည့်ပြီး NLD အနေနဲ့ ပါတီရဲ့ အနာဂတ် နည်းဗျူဟာကို ပြန်ပြီး သုံးသပ်ဖို့ လိုကြောင်း ပြောပါတယ်။

“NLD က ထင်သလောက် မနိုင်ဘူးလို့ ထောက်ပြကြပေမယ့်လည်း မမှားဘူးပေါ့၊ သို့သော်လည်း NLD ဖက်ကလည်း ဒီထက် နည်းနာ စသဖြင့် ချည်းကပ်မှု မဲဆွယ်စည်းရုံးမှု သို့မဟုတ် အမတ်လောင်း ရွေးချယ်မှု စသဖြင့်ပေါ့နော်၊ ဒါတွေမှာ ပြင်သင့်တာ သင်ခန်းစာ ယူသင့် တာတွေရှိမလားပေါ့။ ဒါတော့ NLD ခေါင်းဆောင်ပိုင်းက ပိုနားလည်ပြီး သုံးသပ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။”

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် လစ်လပ်သွားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ အတွက် USDP ကြံခိုင်ဖွံဖြိုးရေးပါတီက အနိုင်ရရှိခဲ့ပါတယ်။ အဲဒီမှာ NLD က ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းအရင်းတွေထဲ ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်း ချောင်းဆုံမြို့က တံတား အမည်ပေးရေးကိစ္စကို ဒေသခံတွေ မကျေမနပ်ဖြစ်မှုနဲ့ ပတ်သက်နေတယ်လို့ ခန့်မှန်းကြ သလို၊ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းဟာ ဒေသခံမဟုတ်ဘူးဆိုတဲ့ အချက်က အဓိကဖြစ်တယ်လို့ သုံးသပ်ကြသူတွေရှိပါတယ်။ ဒေါက်တာတင့်ဆွေရဲ့ အမြင်ကတော့-

“ ဒီ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်တွေ နိုင်တာကတော့ ဒါ ဖြစ်လဲဖြစ်သင့်တယ်၊ ကြိုလည်းကြိုဆိုရမှာပါ။ သို့သော် တိုင်းရင်းသား လူမျိုးဖြစ်ပြီးတော့ တခါ နိုင်ငံရေးပါတီအရကတော့ ကြံ့ခိုင်ရေးပါတီက ဟိုးအရင်ကတည်းက သူက ဒေသခံ လူမျိုးတွေကို ဦးစားပေးလုပ်တဲ့ ပေါ်လစီနဲ့ လုပ်တော့ကာ အထူးသဖြင့် မွန်ဒေသမှာ အခုဖြစ်သွားတာကတော့ ဘာလဲလို့ မေးရမှာပေါ့နော်။ အဲဒီတော့ မွန်လူမျိုးတွေက ပိုပြီးတော့ ဒါကိုလေးလေးနက်နက် စဉ်းစားပြီးတော့ နောင်ကာလ ရွေးကောက်ပွဲတွေမှာ ဗျူဟာအသစ်နဲ့ ချည်းကပ်ရင်တော့ သူတို့လူမျိုးစုဆိုင်ရာ ကိုယ်စားလှယ်ပြုမှု ပိုပြီးရနိုင် လိမ့်မယ်လို့ ယူဆပါတယ်ခင်ဗျ ”

အခုကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၂သန်းကျော်ရှိခဲ့ပေမယ့် ဆန္ဒမဲပေးသူ အရေအတွက် အတော်လေး နည်းပါးကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် သူတွေက ပြောပါတယ်။

NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်မှုမရှိတဲ့ ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)ရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းက အနိုင်ရရှိခဲ့ ပါတယ်။

NLD အနိုင်ရရှိခဲ့တဲ့ နေရာတွေကတော့ ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းတိုင်းက ပြည်သူ့လွှတ်ေ တာ် ၅ နေရာ၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့က အမျိုးသားလွှတ်တော် တနေရာစီနဲ့ ရှမ်းပြည်နယ်လွှတ်တော် တနေရာ အားလုံးပေါင်း ၉ နေရာဖြစ်ပါတယ်။

USDP ပါတီက မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာနဲ့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော် နေရာတို့မှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG