သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ နဲ့ တိကျမှန်ကန် မဲစာရင်း


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ လာမယ့် ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်တဲ့ စမ်းသပ်ချက်တရပ်ဖြစ်ပြီး အတတ်နိုင်ဆုံး အဆင်ပြေအောင် စီစဉ်ထားတဲ့အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း က ပြောဆိုပါတယ်။ မဲဆန္ဒရှင် စာရင်းတွေကိုလည်း အတိအကျ၊ မှန်ကန်အောင် တအိမ်တက်ဆင်း စာရင်းကောက် ပြုစုနေပါတယ်လို့ ဦးလှသိန်း က ပြောပါတယ်။ VOA မြန်မာပိုင်း အယ်ဒီတာဒေါ်ခင်စိုးဝင်း က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ကို နေပြည်တော်မှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ ဥက္ကဋ္ဌကြီးအနေနဲ့ အခုလို မအားလပ်တဲ့ကြားက VOA အမေရိကန်အသံကို တွေ့ဆုံမေးမြန်းခွင့် ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

ဦးလှသိန်း ။ ။ မင်္ဂလာပါ။ ကျနော်လည်း ဖြေကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုဆိုရင် မြန်မာပြည်တဝှမ်း လွှတ်တော်အသီးသီးရဲ့ လစ်လပ်သွားတဲ့ နေရာတွေအတွက်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်ဖို့အတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီလ (၁) ရက်နေ့မှာလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်မယ့်ပါတီ ဘယ်နှစ်ခုလောက်ရှိပါလဲ။ ကိုယ်စားလှယ်လောင်း ဘယ်နှစ်ယောက်လောက် ရှိပါလဲရှင့်။

ဦးလှသိန်း ။ ။ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီပေါင်း (၂၄) ပါတီနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် (၇) ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အရင်တုန်းက ၂၀၁၅ ရွေးကောက်ပွဲမှာ ကျင့်သုံးခဲ့တဲ့ နည်းဥပဒေတွေအတိုင်းပဲ ဆက်ကျင့်သုံးဖို့ ရှိပါလား။ ဒါမှ မဟုတ်လို့ရှိရင် ထပ်ပြီးပြင်ဆင်တာတွေများ ရှိပါလားရှင့်။

ဦးလှသိန်း ။ ။ ဒီနည်းဥပဒေက တတိယအကြိမ်အထိ ပြင်ဆင်ပြီသားပါ။ ဒါကြောင့်မို့ ပြင်ဆင်ဖို့ အနည်းအကျဉ်းပဲ ရှိပါတော့တယ်။ ဒီရွေးကောက်ပွဲမှာတော့ တတိယအကြိမ် ပြင်ဆင်ထားတဲ့အတိုင်းပဲ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီ နည်းဥပဒေအတိုင်း ဆက်လုပ်မယ်ဆိုရင် ပြီးပြည့်စုံတယ်လို့ ထင်ပါလားရှင့်။

ဦးလှသိန်း ။ ။ ဒီဥပဒေကတော့ အချိန်အခါနဲ့ အခြေအနေအရ အရေးကြီးပါတယ်။ အချိန်အခါ အခြေအနေကို ကြည့်ပြီးမှ ဥပဒေကလည်း လိုအပ်သလို ပြင်ဆင်ရတာပါ။ အခုအချိန်အထိတော့ ဒီအချိန်အခါ အခြေအနေနဲ့တော့ ဒီနည်းဥပဒေက အဆင်ပြေနေပါတယ်။ ၂၀၂၀ ကျရင်တော့ ဒီအတိုင်း ဖြစ်ချင်မှာ ဖြစ်မှာပါ။ နိုင်ငံရေးပါတီတွေ၊ CSO တွေ၊ ဥပဒေကြမ်းကော်မတီက ပုဂ္ဂိုလ်တွေ၊ ရှေ့နေချုပ်ရုံးက ပုဂ္ဂိုလ်တွေ၊ တရားရုံး ပုဂ္ဂိုလ်တွေ အားလုံးစုပေါင်း Workshop လေး လုပ်ပြီးမှ ၂၀၂၀ အမီ အသေးစိတ်ပြင်မှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ မဲစာရင်း ပြုစုတဲ့နေရာမှာ အခက်အခဲတွေလည်း ရှိခဲ့တယ်။ အားနည်းချက်တွေလည်း ရှိခဲ့တယ်။ အရင်ရွေးကောက်ပွဲ ကော်မရှင်ကဆိုရင် (၃၀) ရာခိုင်နှုန်းလောက်ပဲ မှန်ကန်မယ်လို့ ခန့်မှန်းခဲ့တာ ရှိပါတယ်။ အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုတဲ့ အခြေအနေလေး သိပါရစေရှင့်။

ဦးလှသိန်း ။ ။ မဲစာရင်း မှန်ကန်မှု ပိုပြီးတော့ ကောင်းမွန်လာအောင်ဆိုပြီး ကျနော် ဒီရောက်မှ မဲစာရင်းကောက်တဲ့နေရာမှာ Door to Door တအိမ်တက်ဆင်း ကောက်ဖို့ စီစဉ်လိုက်ပါတယ်။ ဒီစနစ်က ဘာဖြစ်လဲဆိုရင် မဲစာရင်း ကောက်မယ့်လူဟာ အိမ်တိုင်းရာရောက် အိမ်ထောင်ဦးစီးကို ယခင် ၂၀၁၅ ပါတဲ့ စာရင်းတွေက မှန်ကန်မှု ရှိရဲ့လားလို့ မေးမှာပါ။ အဲဒီအထဲမှာ ဘယ်သူကတော့ ကွယ်လွန်သွားပြီ၊ ဘယ်သူကတော့ (၁၈) နှစ် ပြည့်ပါတယ်လို့ အိမ်ထောင်ဦးစီးကိုယ်တိုင် အာမခံချက်၊ လက်မှတ်ရေးထိုးပြီးမှ ကျနော်တို့ ဒီစာရင်းကို အတည်ပြုမှာပါ။ ဒါကြောင့် ဒီဟာက ကွယ်လွန်သူတွေ၊ (၁၈) နှစ် ပြည့်ပြီး မပါဘူးဆိုတာ မဖြစ်အောင် ကျနော်တို့က Door to Door ကာယကံရှင်ကို မေးပြီးမှ .. စီစဉ်ထားပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်လိုက်လို့ မဲစာရင်းက မမှားတော့ဘူးလားလို့ အာမတော့ မခံနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဲစာရင်း မှန်ကန်မှု များအောင် စီစဉ်တာပါ။ အမှားအယွင်းကတော့ လူတွေလုပ်တာ မှန်သမျှ အမှားအယွင်းကတော့ အနည်းအကျဉ်းတော့ ရှိနေအုံးမှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီကြားဖြတ်ရွေးကောက်ပွဲတင် မကဘဲ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်း ပြုစုမယ့် အခြေအနေ၊ အလားအလာလေး ဘယ်လို ရှိပါလဲ။

ဦးလှသိန်း ။ ။ ဒါက Pilot test ပါ။ အခု ကျနော်တို့ Door to Door တအိမ်တက်ဆင်းကောက်လို့၊ ဒီနည်းက မဲစာရင်းအနေနဲ့ မှန်ကန်မှုတွေ ရှိတယ်လို့ အထောက်အထားတွေ ရရင်၂၀၂၀ မှာ ဒီပုံစံကို ဆက်လက်ကျင့်သုံးမှာ။ တကယ်လို့ ပါတီတွေက ဒီထက်ကောင်းတဲ့ မဲစာရင်းမှန်ကန်မှုနဲ့ အကြံပြုရင် လက်ခံသွားမှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ မဲဆွဲစည်းရုံးရေးကာလမှာ ထိန်းကွပ်စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းတဲ့ အခြေအနေလေးလည်း သိပါရစေရှင့်။

ဦးလှသိန်း ။ ။ ကျနော်တို့ အခုက ရွေးကောက်ပွဲလုပ်မှာက တိုင်း (၃) တိုင်း၊ ပြည်နယ် (၅) ခု - စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း။ ပြည်နယ် (၅) ခု - ကယား၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း - တိုင်း (၃) တိုင်း နဲ့ ပြည်နယ် (၅) ခု - ခရိုင်အားဖြင့်တော့ (၁၃) ခုပါ။ မြို့နယ်က (၂၂) မြို့နယ်ပါ။ တိုင်းခရိုင်မြို့နယ်တွေအားလုံးမှာ ကျနော်တို့ ရွေးကောက်ပွဲ စေ့စပ်ညှိနှိုင်းရေးကော်မတီတွေ အခု (၁၈) ရက်နေ့က အားလုံးခွဲပြီးသွားပါပြီ။

ဒေါ်ခင်စိုးဝင်း ။ ။ နောက်ပြီးတော့ ကြိုတင်မဲပေးနိုင်မှု အစီအစဉ် ဆောင်ရွက်မှု အခြေအနေလေးကော။ ကြိုတင်မဲပေးတာ အရင်တုန်းကဆို ကြိုတင်မဲတွေက အတော်လေးကို အငြင်းပွားစရာတွေ ရှိခဲ့ပါတယ်။ ကြိုတင်မဲပေးနိုင်တဲ့ အခြေအနေလေးကို ဘယ်လို စီစဉ်ထားပါလဲရှင့်။

ဦးလှသိန်း ။ ။ ကြိုတင်မဲတွေက အရင်တုန်းကတော့ သူ့ရဲ့ Timeline က နည်းနည်းအချိန်တိုပါတယ်။ တိုတဲ့အခါကြတော့ တချို့လုပ်ငန်းတွေက မပြီးပြတ်တဲ့အတွက် Extension တွေ တောင်းပါတယ်။ အဲဒီတုန်းကတော့ ရွေးကောက်ပွဲ ကျင်းပဖို့ရက်က (၃) လ ကြိုကြေညာတာပါ - ရက် (၉၀)။ ကျနော်က အဲဒီအခက်အခဲတွေကို လွှတ်မြောက်အောင်ဆိုပြီးတော့ (၆) လ၊ (၁၇၃) ရက် ကြိုပြီးကြေညာထားတဲ့အတွက် အချိန်က နှစ်ဆနီးပါး ဖြစ်သွားပါတယ်။ ဒါကြောင့်မို့ လုပ်ရတဲ့ Schedule တွေက အစီအစဉ် တခုနဲ့တခု မထပ်တော့ဘဲနဲ့ လုံလောက်တဲ့ အချိန်ရတဲ့အတွက် ဒီကြိုတင်မဲကိစ္စမှာ ဖြေရှင်းနိုင်ဖို့ ရက်ကို လုံလောက်အောင် ယူထားပါတယ်။ အရင်တုန်းကတော့ ရက်တိုတဲ့အတွက် ပို့တာယူတဲ့နေရာမှာ အချိန်ကမလောက်တဲ့အတွက် အနှောင့်ယှက်လေးတွေ၊ အခက်အခဲလေးတွေ တွေ့ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ ရွေးကောက်ပွဲ ကော်မရှင် လည်ပတ်လို့ရအောင် မဲစာရင်းတွေကောက်ဖို့ ဘာညာအကုန်လုံး ကုန်ကျတဲ့ ရန်ပုံငွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်က ခွဲဝေချထားပေးတဲ့ငွေ လုံလောက်မှု ရှိပါလား။

ဦးလှသိန်း ။ ။ နိုင်ငံတော်က တင်ပြသလောက် လုံလောက်အောင် ချပေးပါတယ်။ ကျန်တဲ့ အစိတ်အပိုင်းတွေလည်း နိုင်ငံခြားက အဖွဲ့အစည်းတွေက ကူညီပေးတဲ့အတွက် အားလုံးအဆင်ပြေပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ IFEX, IDEA နဲ့ တခြားအမေရိကန် ပြည်ထောင်စုကဆို Carter Center, NDI, IRI သင်တန်းတွေပေးတဲ့ အခြေအနေတွေလည်း ရှိပါတယ်။ သူတို့ရဲ့ ပံ့ပိုးမှုကလည်း ထိရောက်မှု ရှိပါလားရှင့်။

ဦးလှသိန်း ။ ။ ထိရောက်ပါတယ်။ Buddha Education တို့၊ Civic Education တို့က သူတို့က CSO တွေနဲ့ အဖွဲ့အစည်းတွေက အဓိက လုပ်ပေးတာပါ။ မဲရုံးမှုးသင်တန်းပေးတာတို့၊ ကော်မရှင်အဖွဲ့ဝင်တွေကို ဥပဒေ၊ နည်းဥပဒေတွေကို ပို့ချတာတို့ကို သူတို့ပဲ ဦးဆောင်ပြီး လုပ်ပေးနေတာပါ။ သူတို့ရဲ့ အကူအညီက အများကြီးရပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ CSO တွေဆိုတော့ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေပေါ့။ အဲဒီ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဘယ်လိုများ သုံးသပ်လို့ ရပါလဲရှင့်။

ဦးလှသိန်း ။ ။ သူတို့ ပူးပေါင်းပါဝင်မှုက ကောင်းပါတယ်။ ကျနော်တို့ အောင်မြင်မှုရတာတွေက သူတို့ရဲ့ အထောက်အပံ့ အများကြီးပါပါတယ်။ သူတို့က ကျနော်တို့ ဝန်ထမ်းတွေအနေနဲ့ ဒါတွေဆောင်ရွက်ဖို့ အချိန်မရှိပါဘူး။ လူအင်အားလည်း မရှိပါဘူး။ သူတို့ ကူညီမှုနဲ့ နယ်စွန်နယ်ဖျား ဝေးလံခေါင်ပါးတဲ့နေရာတွေအထိ သွားရောက်ပြီးတော့ မဲ ဘယ်လိုပေးရမယ်။ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာတွေအထိ သူတို့က သင်တန်းတွေ ပေးပါတယ်။ ဒါကြောင့် သူတို့ရဲ့ အကူအညီတွေက အများကြီး ထိရောက်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အရင်တုန်းကတော့ ဒီလိုမျိုး CSO တို့၊ NGO တို့ဆိုရင် တက်ကြွလှုပ်ရှားသူတွေလို့ မြင်ပြီးတော့ နိုင်ငံတော်အစိုးရကို ဆန့်ကျင်တဲ့လူတွေလို့ သတ်မှတ်ခဲ့တာပေါ့။ အခု သူတို့ရဲ့အခန်းကဏ္ဍက တကယ်ဆိုလို့ရှိရင် အရပ်ဖက်အဖွဲ့အစည်းတွေက ထဲထဲဝင်ဝင် ပါဝင်လာခြင်းအားဖြင့် ပိုပြီးအကျိုးရှိလာတယ်လို့ ယူဆတာပေါ့။

ဦးလှသိန်း ။ ။ ပိုအကျိုးရှိပါတယ်။ သူတို့က ကျနော်တို့ အခုဆက်ဆံကြည့်သလောက်တော့ နိုင်ငံရေးအရောင်အသွေး ကင်းပါတယ်။ တကယ့်ကိုပဲ လူမှု့အဖွဲ့အစည်း လူမှုရေးဆောင်ရွက်ချက်သက်သက်ပါပဲ၊ နိုင်ငံရေး ရောယှက်မှုမပါပါဘူး။ နိုင်ငံရေးပါတီရဲ့ အရိပ်အရောင် မရှိပါဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ ရွေးကောက်ပွဲတခု ကျင်းပတယ်ဆိုရင် နိုင်ငံတကာမှာလည်း အကဲခတ် ပုဂ္ဂိုလ်တွေ လာပါတယ် - Observers တွေ။ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတကာအကဲခတ် ပုဂ္ဂိုလ်တွေ၊ ပြည်တွင်းအကဲခတ် ပုဂ္ဂိုလ်တွေ လာဖို့ရှိပါလားရှင့်။

ဦးလှသိန်း ။ ။ ရှိပါတယ်။ ၂၀၁၅ ခုမှာ ပြည်ပက လာရောက်လေ့လာတဲ့ ပုဂ္ဂိုလ်တစ်ထောင်ကျော်ပါတယ်။ ပြည်တွင်းက တစ်သောင်းကျော်ပါတယ်။ အဲဒီအတိုင်းပါပဲ ဖိတ်ခေါ်ထားပါတယ်။ သူတို့ကမ်းလှမ်းလာတော့မှ ကျနော်တို့ စီစစ်လက်ခံမှာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ နောက်တခုက ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု စစ်ဆေးတာတွေမှာ လွှတ်တော်တက်ပြီးတဲ့အခါကြမှ မကိုက်ညီဘူးဆိုပြီး ပယ်ဖျက်ခံနေရတာ ကြားရပါတယ်။ အငြင်းပွားမှု စစ်ဆေးတဲ့နေရာမှာ ကြန့်ကြာတာတွေ ဖြစ်နေတာ။ ဥပဒေ အားနည်းချက်ကြောင့်လား ဘယ်လိုများ စမ်းစစ်လို့ ရပါလဲရှင့်။

ဦးလှသိန်း ။ ။ အဲဒါကတော့ အခြေအနေအရ ဘာကြောင့်လဲဆိုရင် ကျနော်တို့က ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ကြေညာပြီး (၄၅) ရက်အထိ စောင့်ရပါတယ်။ ကန့်ကွက်လွှာတွေကို ချက်ချင်းစစ်လို့ မရပါဘူး။ (၄၅) ရက်ပြည့်သွားပြီးအခါကြတော့လည်း ကျနော်တို့က တစ်လအလိုမှာ လွှတ်တော်က ပြန်စတင်နေပါပြီ။ စတင်နေတော့ ဒီအမှုတွေက တချို့ဆိုလဲ အမှုတွေက မတူပါဘူး။ သက်သေတွေက (၄၀)၊ (၅၀) အထိ တင်ပါတယ်။ ဒီ (၄၀) (၅၀) ထဲက လိုအပ်တဲ့ အရေအတွက်လောက်ပဲ ကျနော်တို့ စစ်နိုင်တာပါ။ (၄၀) (၅၀) ကို စစ်ရင် အချိန်တွေ အများကြီးကုန်ပါတယ်။ နောက်ပြီးတော့ တချို့ကလည်း သက်သေတွေက ဝေးလံတဲ့ဒေသက လာရတဲ့ ဖြစ်တဲ့အတွက် ကျနော်တို့က ရက်ကိုယူရပါတယ်။ ရက်ကပ်ပြီး ချိန်းလို့မရပါဘူး။ နောက်တခုက ရွေးကောက်ပွဲတွေက ခုံရုံးက စစ်ပြီးတဲ့အခါ မကျေနပ်ရင် အယူခံခုံရုံးကို ထပ်တက်ရပါတယ်။ များသောအားဖြင့် တက်တာတွေက များပါတယ်။ များတဲ့အခါ အမှုတခုက ပထမခုံရုံးစစ်တယ်။ မကျေနပ်လို့ ဒုတိယခုံရုံးကိုတက်တယ်။ စုံညီခုံရုံးပြီးတော့ စုံညီခုံရုံးက ဆုံးဖြတ်ချက်တခု ချရပါတယ်။ အဆင့်တွေက ကြန့်ကြာနေတဲ့အတွက် ဖြစ်တာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ ရွေးကောက်ပွဲ ကျင်းပတဲ့နေရာမှာ မဲဆန္ဒနယ်မြေတချို့ မတည်ငြိမ်တဲ့ဒေသတွေမှာ အခုလာမယ့် ရွေးကောက်ပွဲမှာပါလား။ ဥပမာ ရှမ်းမြောက်ပိုင်းတို့ဘာတို့။

ဦးလှသိန်း ။ ။ ကျနော်တို့ အရင် ၂၀၁၅ တုန်းက မကျင်းပနိုင်တဲ့ နှစ်မြို့နယ်တွေ ရှိပါတယ်။ ကျေးတီးမြို့ နဲ့ နိုင်ရှင်းမြို့ပါ။ အခုလုံခြုံရေး အခြေအနေကောင်းရင် လုပ်ဖို့စီစဉ်ထားပါပြီ။ ရွေးကောက်ပွဲ ကျင်းပပေးဖို့။

ဒေါ်ခင်စိုးဝင်း ။ ။ ရခိုင်ဘက်မှာကော။

ဦးလှသိန်း ။ ။ ရခိုင်က လုပ်ဖြစ်ပါတယ်။ အမ်းမြို့နယ် တခုပဲ ရှိတာပါ။ ကျနော်တို့ လုပ်လို့ရပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အားလုံးခြုံကြည့်မယ်ဆိုရင် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့က အဆင်သင့်နီးပါး ဖြစ်နေပါပြီလားရှင့်။

ဦးလှသိန်း ။ ။ ကျနော်တို့ Timeline အတိုင်း အချိန်ဇယားအတိုင်း သွားနေပါတယ်။ အားလုံးက အခုအချိန်အထိ Timeline အတိုင်း ဘောင်ဝင်နေပါတယ်။ အဆင်ပြေပါတယ်။ ပြီးစီးပါပြီ။

ဒေါ်ခင်စိုးဝင်း ။ ။ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပဖို့ စိုင်းပြင်းတဲ့အနေနဲ့ ဒါကတော့ အစမ်းသပ်ကာလသဘောပေါ့။ ကြားဖြတ်ရွေးကောက်ပွဲက ၂၀၂၀ ကို ပြင်ဆင်တဲ့ အစမ်းသပ်ကာလ ဖြစ်သွားတာပေါ့။ ဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဘာတွေများ ရည်မှန်းထားပါလဲရှင့်။ မဲစာရင်း ပြုစုတာကအစ။

ဦးလှသိန်း ။ ။ ကျနော်တို့က မဲစာရင်းကိုတော့ Pilot Test အနေနဲ့ လုပ်လိုက်တာပါ။ ဒီမဲစာရင်းဟာ မှန်ကန်မှု အများဆုံးပဲလို့ ကျနော်တို့ စီစစ်လို့ရရင် ဒီဟာကို ၂၀၂၀ မှာ ဆက်လက်ကျင့်သုံးမှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ ပြီးခဲ့တဲ့ သင်ခန်းစာတွေကို သင်ခန်းစာယူပြီးတော့ ပြီးခဲ့တဲ့တုန်းက အခက်အခဲ တွေ့ခဲ့တာတွေ၊ အားနည်းချက်တွေကို သင်ခန်းစာယူပြီးတော့မှ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားတယ်လို့ ပြောရမှာပေါ့နော်။

ဦးလှသိန်း ။ ။ ကျနော်တို့ အခုကြားဖြတ် အောင်မြင်သွားရင် လုပ်ရတဲ့ ပမာဏသာ ပိုများသွားတာပါ။ ကျန်တာကတော့ လုပ်ထုံးလုပ်နည်းကတော့ တမြို့နယ်ချင်းလည်း ဒီအတိုင်းပါပဲ၊ မြို့နယ် (၃၃၀) လည်း ဒီအတိုင်းပါပဲ။ ကျနော်တို့ လုပ်အားပိုထည့်ရတာပဲရှိပါတယ်။ ပြင်ဆင်ပြီးစီးမှုက အတူတူပဲ ဒီ Schedule အတိုင်းပဲသွားမှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလောလောဆယ် စိန်ခေါ်ချက်တွေကော ဘာတွေရှိပါလဲရှင့်။ စိန်ခေါ်ချက် ပြဿနာ။

ဦးလှသိန်း ။ ။ ကြီးကြီးကျယ်ကျယ်တော့ လက်ရှိအချိန်အထိတော့ မတွေ့သေးပါဘူး။ တွေ့လာလည်း အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်သွားမှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG