သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧပြီ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်မှု ပါတီတချို့ အခက်အခဲ ရင်ဆိုင်


ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ ပိုပြီး လွတ်လပ်လာပေမဲ့ အတားအဆီး တချို့ကတော့ ရှိနေဆဲပဲလို့ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။ ဒါပေမဲ့ ပြည်သူလူထုရဲ့ ရွေးကောက်ပွဲမှာ ပါဝင်လာမှုကတော့ သိသိသာသာ တိုးတက်လာတယ်လို့လည်း စည်းရုံးရေး ဆင်းနေတဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ပြည်သူ့လွှွတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ကိုက လွှတ်တော်အမတ် လစ်လပ်နေရာ ၁၉ နေရာအတွက် လာမယ့် ဧပြီလထဲမှာ ကြားဖြတ် ရွေးကောက်ပွဲတွေကို ကျင်းပဖို့ ရှိနေတာပါ။ အခု ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲက ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရ လက်ထက် ကျင်းပမယ့် ပထမဆုံး ရွေးကောက်ပွဲပါ။ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆွယ် စည်းရုံးရမှု အခြေအနေက လွတ်လပ်မှု ရှိပါသလား ဆိုတာကိုတော့ ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် စည်းရုံးရေး ဆင်းနေတဲ့ ရခိုင်အမျိုးသားပါတီက ဒေါက်တာ အေးမောင်က အခုလို ပြောပါတယ်။

“ကျနော်တို့နဲ့ ရွေးကောက်ပွဲ မဲဆွယ်တဲ့ ရက်တွေ မထပ်အောင်လို့ ကျနော်တို့ လုပ်နိုင်ကြပါတယ်။ အခုထိတော့ ရွာထဲမှာ ထိပ်တိုက်တွေ့တာ မရှိသေးပါဘူး။ ကျနော်တို့ အစီအစဉ်လေးတွေ ဦးအောင်တဲ့လူကို ဦးစားပေးကြပါတယ်။ အစီအစဉ်မှာ ထပ်နေရင်လည်း ပါတီတခုက နောက်ဆုတ်ပေးကြတဲ့ နေ့တော့ ရှိပါတယ်။ အေးအေးဆေးဆေး လူထုကို သဘောပေါက်အောင် အရင်ထက် ပိုပြီးတော့ ဆောင်ရွက်နိုင်တယ် ထင်ပါတယ်။”

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၆ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF က ဦးခိုင်မောင်ရည် အတွက်တော့ မဲဆွယ်စည်းရုံးရေးမှာ အခက်အခဲတချို့ ရှိခဲ့တာပါ။

“အခက်အခဲအနေနဲ့ ကျနော်တို့ မဲဆွယ်စည်းရုံးတဲ့အခါမှာ ကျနော်တို့ရဲ့ လက်ကမ်းစာစောင်တွေ ဝေတဲ့အခါမှာ ပထမတုန်းက ပါတီလက်ကမ်းစာစောင်လေးတွေ လုပ်ဆောင်ချက်လေးတွေ ဝေကြတဲ့အခါမှာ တချို့အိမ်ယာဝင်းတွေကို ဝင်ခွင့်မရပါဘူး။ ကျနော်တို့က တရားဝင်အစိုးရကနေ ကျနော်တို့ကို တရားဝင် မဲဆွယ်စည်းရုံးခွင့် ပေးထားပေမဲ့ သက်ဆိုင်ရာ အိမ်ယာတွေက VIP အိမ်ယာလည်း မဟုတ်၊ သီးသန့်နေကြတာလည်း မဟုတ်ဘဲနဲ့ အိမ်ယာတွေ ဝင်းတွေမှာ လုံခြုံရေးတွေ ထားပြီး လုံခြုံရေးတွေက ခွင့်မပြုလို့ မဝင်ရတာမျိုးတွေလည်း ရှိပါတယ်။ အဲဒါဆိုရင် အုပ်ချုပ်ရေးက ရွေးကောက်ပွဲမှာ ပါဝင်ကူညီပေးတဲ့ အနေအထာမျိုးက အတော် အားနည်းနေတာကို တွေ့ရပါတယ်။”

ဒါပေမဲ့ အခုကြားဖြတ် ရွေးကောက်ပွဲက လစ်လပ်တဲ့ လွှတ်တော်အမတ်နေရာ နည်းတာကြောင့်ရော နောက် နိုင်ငံရေးပါတီတွေဘက်က စည်းရုံးလှုပ်ရှားမှု နည်းတာကြောင့်ရော လူထုကြားမှာတော့ သိပ်ပြီး စိတ်မဝင်စားလှဘူးလို့လည်း ကိုယ်စားလှယ်လောင်း ဦးခိုင်မောင်ရည်က ပြောပါတယ်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာတော့ လူထုကြား ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပိုပြီး သတ္တိရှိလာတယ်လို့ ကိုယ်စားလှယ်လောင်း ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ပိုပြီးတော့ ပြောင်းလဲလာပါတယ်။ မဲဆန္ဒရှင်တွေရဲ့အသိက ပိုမြင့်လာပါတယ်။ သတ္တိပိုရှိလာတာပေါ့။ ပထမတုန်းကတော့ ကြောက်ရတယ်။ ကျနော်တို့ဆီမှာဆိုရင် အရင်တုန်းက ပုဂ္ဂိုလ်ကြီးတွေက အဝတ်ဟောင်းလေး တထည်လောက်နဲ့ မဲတွေကို ရအောင် ယူသွားတာမျိုး ရှိတယ်လို့ ပြောတယ်။ ဆိုပါတော့ ကျေးရွာကို အဝတ်ဟောင်းလေးတွေ ဆာလာအိတ် ၂ အိတ်လောက် လာပုံပေးတယ်ပေါ့ဗျာ။ တအိမ် တထုတ်ဆီ ပေးလိုက်ဆိုတာမျိုးနဲ့ လုပ်သွားကြတာမျိုးလည်း တချို့က ပြောကြပါတယ်။ ဆိုတော့ အခုကတော့ တရားမျှတမှုရှိရှိနဲ့ သွားစေချင်တဲ့ လူထုရဲ့ လိုလားချက်တွေကို ပြပါတယ်။”

လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော် အမျိုးသား လွှတ်တော်နဲ့ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် ၁၉ နေရာကို ဝင်ရောက် ယှဉ်ပြိုင်ကြရမှာပါ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လစ်လပ်နေရာ အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ၁၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပါတီပေါင်း ၂၄ ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေလည်း ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG