သုံးရလွယ်ကူစေသည့် Link များ

ကြားဖြတ်ရွေးကောက်ပွဲ မဲရလဒ်တွေ စတင်ရေတွက်


မြန်မာနိုင်ငံမှာ ဒီကနေ့ ဧပြီလ ၁ ရက်နေ့ စနေနေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံတော် အုပ်ချုပ်ရေးတာဝန် ရရှိပြီး တနှစ်အကြာမှာ လူထုထောက်ခံမှုအခြေအနေကို ပထမဆုံး ဆန်းစစ်နိုင်မှုလည်း ဖြစ်ပါတယ်။ မနက် (၆)နာရီကတည်းက နိုင်ငံတ၀ှမ်း မြို့နယ်ပေါင်း (၂၂)မြို့နယ်မှာ မဲဆန္ဒရှင်တွေ မဲပေးခဲ့ကြတာပါ။

အခု ကြားဖြတ် ရွေးကောက်ပွဲမှာ အာဏာရပါတီ NLD အပါအ၀င် ကြံခိုင်ဖွံဖြိုးရေးပါတီနဲ့ အခြားနိုင်ငံရေးပါတီ ၂၄ ခုက ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၉၅ ဦးက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် နေရာ ၁၉ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်အပါအဝင် ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း စတဲ့ တိုင်းဒေသကြီး ၃ခုနဲ့ ရခိုင်၊ ရှမ်း၊ မွန်၊ ကယား၊ ချင်း စတဲ့ ပြည်နယ် (၅)ခုမှာရှိတဲ့ မြို့နယ်ပေါင်း (၂၂)မြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပတာပါ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ အစိုးရ ရာထူးတာဝန်တွေ ခန့်အပ်ခံရတာ၊ ကွယ်လွန်သွားတာ၊ လုံခြုံရေး အကြောင်းပြချက်နဲ့ ပထမအကြိမ်က ရွေးကောက်ပွဲ မကျင်းပနိုင်တာ စတဲ့ အကြောင်းတွေနဲ့ လစ်လပ်နေ့တဲ့ လွှတ်တော်ကိုယ်စားလှယ် (၁၉) နေရာအတွက် အခုလို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေနည်းကျ ရွေးချယ်တဲ့ အစိုးရရဲ့ ပထမဆုံးနှစ်မှာ နိုင်ငံပြုပြင်ပြောင်းလဲရေး အရှိန် နှေးကွေးတယ်ဆိုပြီး လူထုရဲ့ စိတ်ပျက်သံတွေ ကြားရပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီကိုပဲ ပြည်သူတွေ ထောက်ခံဆဲဖြစ်တယ်လို့ နိုင်ငံရေးစောင့်ကြည့်အကဲခတ်တွေက သုံးသပ်ပါတယ်။ ၅နှစ်တကြိမ်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမတိုင်ခင်မှာလည်း နောက်ထပ် ကြားဖြတ်ရွေးကောက်ပွဲတွေကို လိုအပ်ရင် ထပ်ပြီးကျင်းပသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

XS
SM
MD
LG