သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှုနဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ တိုင်ကြားခံရ


မွန်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတချို့မှာ မွန်ပြည်နယ် အစိုးရအနေနဲ့ တင်ဒါ မခေါ်ပဲ နီးစပ်ရာ လုပ်ပိုင်ခွင့် ချပေးခဲ့တယ်ဆိုပြီး မွန်ပြည်နယ် အရပ်ဖက်အဖွဲ့တွေကနေ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားလိုက်ပါတယ်။ အထူးသဖြင့် ရေးမြို့နယ် သပြေရွာသစ်ကို ဆက်သွယ်တဲ့ အောင်သပြေ-နှစ်ကရင် ကျေးရွာ ချင်းဆက်လမ်း တည်ဆောက်ဖို့အတွက် တင်ဒါ မခေါ်တဲ့ ကိစ္စ ကျိုက်ထီးရိုးဘုရား အမှိုက်မီးရှို့စက် ဝယ်ယူရာမှာ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနဲ့ မညီတဲ့ကိစ္စတွေကို တိုင်ကြားခဲ့တယ်လို့ လူမှုအဖွဲ့အစည်း တာဝန်ရှိသူတွေက ဆိုပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မေးမြန်းချက်အပေါ် ဝန်ကြီးချုပ်ရဲ့ဖြေကြားချက်နဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနဲ့ မညီလို့ အဂတိ လိုက်စားမှု ရှိ၊ မရှိကို စစ်ဆေးအရေးယူပေးဖို့ တိုင်ကြားရတယ်လို့ ရေးမြို့နယ် လူမှုအကျိုးဆာင်အဖွဲ့က အတွင်းရေးမှူး ဦးအောင်နိုင် ဝင်းက ပြောပါတယ်။

“ပြီးခဲ့တဲ့ မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ချောင်းဆုံ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး ပေးတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့ ပြည်နယ် အစိုးရကနေပြီးတော့မှ ပြည်နယ်အစိုးရကနေပြီးတော့မှ ဝန်ကြီးနဲ့ ဝန်ကြီးချုပ် ဖြေချိန်မှာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ လွှဲမှားနေတယ်လို့ မြင်တယ်။ နောက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့လည်း ငြိစွန်းနေတယ်လို့ မြင်တဲ့အတွက် အဓိကကတော့ ၂၀၁၈ မီနီဘတ်ဂျက်မှာ ဆောင်ရွက်ခဲ့တဲ့ အောင်သပြေ-နှစ်ကရင်လမ်းမှာ SMD ကုမ္ပဏီကို တင်ဒါမခေါ်ဘဲနဲ့ ချထားပေးတဲ့ ဘတ်ဂျက် သန်း ၁,၀၀၀ ကိစ္စပေါ့။ အဲဒီ ကိစ္စရယ် နောက်တချက်က ကျနော်တို့ ကျိုက်ထီးရိုးဘုရားမှာ အမှိုက်စွန့်ပစ် စက်ပေါ့နော်။ အဲဒီစက်နဲ့ ပတ်သက်တဲ့ လုပ်ထုံး လုပ်နည်းတွေ လွှဲမှားအပိုင်း အဲဒီဟာနဲ့ ပတ်သက်တဲ့ဟာရယ် နှစ်ခုပေါ့။ ဒီအပေါ်မှာ ကျနော်တို့က တည့်မတ်ချင်တဲ့ စိတ်နဲ့ ကျနော်တို့က တိုင်ကြားတဲ့ သဘောပါပဲ။”

မွန်ပြည်နယ် ဘက်စုံဖွံ့ဖြိုးရေး အကောင်အထည် ဖော်နေတဲ့ ရေးမြို့နယ် သပြေရွာသစ်ကို ဆက်သွယ်တဲ့ အောင်သပြေ-နှစ်ကရင် ကျေးရွာချင်း ဆက်လမ်း တည်ဆောက်ဖို့ အတွက် နိုင်ငံတော်ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၁,၀၀၀ ကို တင်ဒါ မခေါ်ဘဲ Southern Myanmar Development Co,Ltd (SMD) ကို မွန်ပြည်နယ် ဝန်ကြီးချုပ်ကနေ လုပ်ပိုင်ခွင့် ပေးလိုက်တဲ့ ကိစ္စဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နှုတ်မိန့် ညွှန်ကြားချက်နဲ့ လုပ်ဆောင်တာလို့ ဝန်ကြီးချုပ်က လွှတ်တော်မှာ ဖြေဆိုခဲ့ပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နေပြည်တော် ရှင်းလင်းပွဲတခုမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ညွှန်ကြားတာ မရှိဘဲ မွန်ပြည်နယ် ဝန်ကြီးချုပ်က လွှတ်တော်အတွင်း စကားမှားယွင်း ပြောဆိုခဲ့ကြောင်း ရှင်းလင်းခဲ့ပါတယ်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းတင်အောင်ဟန်ကတော့ သူ လျှပ်စစ်ဝန်ကြီးအဖြစ် တာဝန်ယူနေစဉ် ၂၀၁၈ ဘတ်ဂျက် ကာလမှာ ဒေသအတွင်း လျှပ်စစ်မီးကိစ္စအပါအဝင် လမ်းဖေါက်လုပ်ရေးကိစ္စမှာ တင်ဒါ မခေါ်ဘဲ ဝန်ကြီးချုပ်ရဲ့ အမိန့်ဆုံးဖြတ်ချက်နဲ့သာ လုပ်ဆောင်ခဲ့ရတယ်လို့ မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“ဒီလုပ်ငန်းကို တင်ဒါ မခေါ်ဘဲနဲ့ ဦးစိန်ဝမ်းတို့ကုမ္ပဏီကို ပေးလိုက်ရင် လွှတ်တော်ကျရင် ကျနော်တို့ဘယ်လိုတွေ ရှင်းပြမလဲ ရှင်းပြလို့ မတတ်တော့ဘူးလေ။ ဒီဟာက နောက်ပြီးတော့ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း အရလည်း သိန်းက ၁၀၀ ကျော်နေတာ တင်ဒါခေါ်ရမှာ အရေးပေါ် ကိစ္စမို့လို့ ဋ္ဌာနကို ပေးလုပ်တယ်ဆိုရင် တစ်မျိုးပေါ့။ အခုဟာက အဲလိုကြီး ဒါရိုက်ပေးတဲ့ဟာက မသင့်ဘူးပေါ့နော်။ မသင့်ဘူးဆိုတော့ အဲဒီမှာ ဆရာကလည်း ကျနော်ကို နည်းနည်း စိတ်ဆိုးဟန် တူပါတယ်။ အဲဒီမှာ သူ ဝူးဝူးနဲ့ လုပ်ပြီးတော့ ဒါကို သူတာဝန် ယူတယ် လွှတ်တော်ကိုတဲ့။ ဒီကိစ္စကို သူတာဝန်ယူတယ်တဲ့။ လွှတ်တော်ကိစ္စလည်း သူရှင်းမယ်တဲ့။ ဘာညာပြောပြီးတော့ သူဆုံးဖြတ်ခဲ့တာ။”

ဒါ့အပြင် ကျိုက်ထိုမြို့နယ်က ကျိုက်ထီးရိုးဘုရား အမှိုက်မီးရှို့စက် ဝယ်ယူရာမှာ ပြည်နယ် အစိုးရအဖွဲ့က ကျပ်သန်း ၄၀၀ ကျော် ကုန်ကျမယ့်အထဲက ဘုရားရန်ပုံငွေကို ကျပ်သန်း ၂၀၀ အသုံးပြုခဲ့တဲ့အတွက် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနဲ့ မညီတာတွေ ရှိနေလို့ မွန်ပြည်နယ် လူမှုအဖွဲ့အစည်းတွေကနေ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ကို တိုင်ကြားထားတာ ဖြစ်ပါတယ်။

တိုင်ကြားစာနဲ့ပက်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ပြန်ကြားရေး တာဝန်ခံဦးကျော်စိုးကို မေးမြန်း ရာမှာ ကော်မရှင်စည်းကမ်းအရဖြေကြားခွင့်မရှိဘူးလို့ဆိုပါတယ်။

“ဒါနဲ့ပက်သက်ပြီးတော့ပေါ့နော်။ တိုင်ကြားစာပို့ထားတဲ့တိုင်ကြားတဲ့သူကိုယ်တိုင်မေးတယ်ဆိုလို့ရှိရင်တော့ ဒီတိုင်ကြား တဲ့သူကိုကျနော်တို့က သူ့ရဲ့နာမယ်တွေ မှတ်ပုံတင်နံပါတ်တွေ နေရပ်လိပ်စာတွေ ဖုန်းနံပါတ်တွေ စီစစ်ပြီးတော့မှ မှန်ကန်တယ်ဆိုရင်တောင်မှ သူရဲ့တိုင်စာရောက်မရောက်ဆိုတာဖြေပါတယ်ခင်ဗျ။ ပုဂ္ဂိုလ်တဦးတယောက်နေပြီးတော့မှ ဒီတိုင်စာရောက်တာ မရောက်ဘူးလားဆိုတာကို ကျနော်တို့ဘယ်သူ့ကိုမှဖြေကြားခြင်းမရှိပါဘူး။ ဒါကတော့ကော်မရှင်ရဲ့ ကျင့်ဝတ်နဲ့စံနှုန်းပါခင်ဗျ။”

မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့လုပ်ဆောင်ချက်အပေါ်အရေးယူဖို့တောင်းဆိုနေတဲ့အပေါ် အုပ်ချုပ်ရေးအပိုင်းက စီစစ်ပြီးမှ ပါတီကဆက်လုပ်သွားနိုင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“ကျနော်တို့ကတိုင်ကြားမှုမှန်မမှန်ကို အုပ်ချုပ်ရေးပိုင်းအကြီးကဲတွေကနေ သူတို့အသိပေးရမှာပါ။ သူတို့အသိပေးတဲ့ အချက်အပေါ်မူတည်ပြီးတောမှ ပါတီက ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားရမယ်။”

အောင်သပြေ နှစ်ကရင်လမ်းခင်းတာမှာ တင်ဒါမခေါ်ဘဲ လက်သင့်ရာချပေးတဲ့ကိစ္စအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့ ကနေ စစ်ဆေးအရေးယူ ပေးဖို့ မွန်ညီညွှတ်ရေးပါတီ ထူထောင်ခွင့်ရသူတွေက ပြီးခဲ့တဲ့လက တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။

နိုင်ငံတော်သမ္မတရုံးရဲ့ တင်ဒါဆိုင်ရာ ညွှန်ကြားချက် (၁/၂၀၁၇) အရ ကျပ် ၁၀ သန်းအထက် လုပ်ငန်းတွေကို စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ တင်ဒါခေါ်ယူရမှာဖြစ်ပြီး ဒီညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ပြည်သူ့ ဘဏ္ဍာငွေတွေ နစ်နာ ဆုံးရှုံးခဲ့ရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံရမှာဖြစ်တယ်လို့ အဂတိကော်မရှင်က ကြိုတင်သတိ ပေးချက်ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG