သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မွန်နိုင်ငံရေးခေါင်းဆောင် နိုင်ငွေသိမ်း ကွယ်လွန်


မွန်အမျိုးသား ခေါင်းဆောင် ၀ါရင့်နိုင်ငံရေးသမား နိုင်ငွေသိမ်း

တိုင်းရင်းသားလူမျိုးများ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဘ၀တလျှောက်လုံး တိုက်ပွဲဝင်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ မွန်အမျိုးသား ခေါင်းဆောင် ၀ါရင့်နိုင်ငံရေးသမား နိုင်ငွေသိမ်းဟာ အောက်တိုဘာလ ၂ ရက် အင်္ဂါနေ့ညမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွား ပါတယ်။ နိုင်ငွေ သိမ်းဟာ မွန်နိုင်ငံရေးလောကအပြင် မြန်မာနိုင်ငံ တနိုင်ငံလုံးရဲ့ အရေးကိစ္စ္စေတွမှာလဲ အားသွန်ခွန်စိုက် စွမ်းဆောင်ခဲ့တဲ့ နိုင်ငံရေးသမား တဦး ဖြစ်ပြီး အခုလို သူ ကွယ်လွန်သွားတဲ့အပေါ် ဆုံးရှုံးမှုတခုလို့ မွန်နိုင်ငံရေးပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

(အသက် ၉၆ နှစ်) အရွယ်ရှိပြီးဖြစ်တဲ့မွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်ငွေသိမ်းဟာ အောက်တိုဘာ(၂)ရက် နေ့ညနေပိုင်းမှာ လူကြီးရောဂါနဲ့ကွယ်လွန်သွားပြီးဖြစ်တယ်လို့ မွန်ပါတီတွဲဘက်အတွင်းရေးမှူးနိုင်လယီတမက ပြောပါတယ်။

"သူက ဒီညနေ(၇)နာရီလောက်မှာ နည်းနည်းအမောဖေါက်လာတယ်။ အမောဖေါက်ပြီးတော့ (၁၅)မိနစ်လောက်မှာဘဲ ဆုံးသွားတာပေါ့နော်။ အချိန်အားဖြင့်ပြောရင်(၇)နာရီမိနစ်(၂၀)လောက်မှာဘဲ ဆုံးသွားတယ်။"

နိုင်ငွေသိမ်းဟာ ရန်ကုန်မြို့ရန်ကင်းတိုက်ခန်း နေအိမ်မှာ ကွယ်လွန်သွားခဲ့တာပါ။

ဝါရင့်နိုင်ငံရေးသမားဟောင်းလဲဖြစ် မွန်နိုင်ငံရေးခေါင်းဆောင်တဦးလဲဖြစ်တဲ့ နိုင်ငွေသိမ်းကွယ်လွန်သွားတာဟာ ကြီးမားတဲ့ဆုံးရှုံးမှုတရပ်လို့ နိုင်လယီတမကဆက်ပြောပါတယ်။

"ဥက္ကဌကြီးနိုင်ငွေသိမ်းကတော့ သူရဲ့နိုင်ငံရေးသက်တန်းတလျှောက်မှာ မွန်လူမျိုးတို့ရဲ့ကိုယ်ပြဌာန်းခွင့် အခွင့်အရေး တွေ။ မြန်မာနိုင်ငံ တနိုင်ငံလုံးရဲ့အရေးကိစ္စတွေ စွမ်းစွမ်းတမန် ဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်တဦးတယောက်ဖြစ်တဲ့ အတွက် သူ့ရဲ့ကျဆုံးမှုကတော့ ကျွန်တော်တို့မွန်တမျိုးသားလုံးအတွက်သာမက မြန်မာပြည်နိုင်ငံရေးအသိုင်းအ၀ိုင်း တခုလုံးအတွက် ကြီးမားသောဆုံးရှုံးမှုတရပ်လို့ကျွန်တော်ခံစားမိပါတယ်။"

နိုင်ငွေသိမ်းဟာ(၁၉၂၃)ခုနှစ် မတ်(၁၉)ရက် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာအဖ နိုင်သာဒွန်းအောင်၊ အမိ မိငွေသုန်တို့မှ မွေးဖွားခဲ့ပါတယ်။ နိုင်ငွေသိမ်းဟာ ၁၉၃၈ ခုနှစ်(၁၅) နှစ်အရွယ်ကစပြီး ဖျာပုံအထက်တန်းကျောင်းသားဘဝနဲ့ ကျောင်းသားသပိတ် မှာ စတင်ပါဝင်ခဲ့ပါတယ်။

၁၉ ၄၂ ဂျပ်ဆင်ကောလိပ် တက်ရောက်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘဝတစ်လျှောက်လုံး နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှု မှာပါဝင် ဆောင်ရွက်ခဲ့ရာကနေ အသက်(၂၀)မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် BIA မှာဝင်ရောက်ခဲ့ပြီး ဂျပန်တော်လှန်ရေးကာလမှာ ရန်ကုန်ခရိုင်အတွင်းပျောက်ကျားအဖွဲ့မှာ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

၁၉ ၄၅မှာ ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ချုပ်မှာအမှုဆောင်တာဝန်ကို စတင်တာဝန်ယူခဲ့ပါတယ်။ ၁၉ ၄၅ ဒုတိယကမ္ဘာစစ်အပြီးတွင် ပြည်သူ့ရဲ့ဘော်အဖွဲ့တွင် ပါဝင်ခဲ့ပါတယ်။

၁၉ ၄၇ ဖာအောက်ရွာ မွန်လူမျိုးရေးရာအဖွဲ့ချုပ် (မလရ) ညီလာခံမှတစ်ဆင့် အဖွဲ့ရဲ့အတွင်းရေးမှူးတာဝန်ကို ယူခဲ့သလို ၁၉၄၈ခုနှစ်မှာ မွန်လက်နက်ကိုင်တော်လှန်ရေး မွန်ပြည်သူ့တပ်ဦးမှာ ဗဟိုအလုပ်အမှုဆောင်ကော်မီတီ အဆင့်အထိ တာဝန်ယူခဲ့ပါတယ်။

၁၉ ၅၉ ခု မွန်ပြည်သူ့တပ်ဦး လက်နက်ချ ဥပဒေဘောင်အတွင်းဝင်ရောက်လာပြီး ၁၉ ၆၁ ခုနှစ်မှာ မွန်ပြည်နယ် ဖော်ထုတ်ရေးအလုပ်ကော်မတီ (ဗဟို)မှာတာဝန်ယူခဲ့ပါတယ်။ တိုင်းရင်းသားပေါင်းစုံပါဝင်ခဲ့တဲ့ တောင်ကြီးညီလာခံ မှာ မွန်ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပြီး ပြည်နယ်များညီညွတ်ရေးအဖွဲ့မှာ ဗဟိုအလုပ်အမှု ဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ၁၉၆၂ခုနှစ် ဗိုလ်ချုပ်နေဝင်းမှ အာဏာသိမ်းခဲ့ရာမှာ နိုင်ငွေသိမ်း လည်း ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ရပါတယ်။

၁၉၈၉ခုနှစ်မှာ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) ကို ဦးဆောင်ထူထောင်ခဲ့သူများထဲတွင်ပါဝင်ခဲ့ပြီး ယင်းပါတီဒုတိယဥက္ကဌတာဝန်ကို ယူခဲ့ပါတယ်။ ၁၉ ၈၉ ခုနှစ်မှာ တိုင်းရင်းသားပါတီများမဟာမိတ်အဖွဲ့ဖြစ်တဲ့ (UNLD) အမြဲတမ်းသဘာပတိအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ မွန်ဒီမိုကရေစီပါတီကိုမှတ်ပုံပြန်တင်ခဲ့ပြီးနောက် မွန်နှစ်ပါတီကို တစ်ပါတီတည်းအဖြစ် ပူးပေါင်းဖို့မွန်သံဃာတွေ ပြည်သူတွေတိုက်တွန်းချက်အရ ၂၀၁၄မှာမွန်အမျိုးသားပါတီအဖြစ်အမည်ပြောင်းပြီး ဥက္ကဋ္ဌအဖြစ်ပြန်လည်ရွေးကောက်တင် မြှောက်ခံရပါတယ်။

နိုင်ငွေသိမ်းဟာ ငယ်ရွယ်စဉ်ကနေ ကွယ်လွန်တဲ့အချိန်ထိ အမျိုးသားရေးတာဝန်ကို ကျိုးပမ်းထမ်းဆောင်ခဲ့တဲ့ မွန်နိုင်ငံရေးသမားတဦးလဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG