သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ဝန်ကြီးချုပ်သစ် ဒေါက်တာအေးဇံကို လျာထား


 ဒေါက်တာအေးဇံ (ဓါတ်ပုံ-DrAye Zan fb)
ဒေါက်တာအေးဇံ (ဓါတ်ပုံ-DrAye Zan fb)

ဝန်ကြီးချုပ်ရာထူးကနေနုတ်ထွက်မယ့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနေရာအစား ကျိုက်ထိုမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံကို ခန့်အပ်သွားဖို့ NLDအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူးအဖွဲ့ကနေ လျာထားတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ ဦးမင်းမင်းဦးရာထူးကနေနုတ်ထွက်ဖို့ဆုံးဖြတ်တာဟာ အထက်ရဲ့ ဖိအားပေးမှု တခုလို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။ ထိုင်းအခြေစိုက်ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန် ကနေ သတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာကို ကျိုက်ထိုမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံကို ခန့်အပ် သွားဖို့NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ ်အတွင်းရေးမှူး အဖွဲ့ကနေ လျာထားတယ်လို့ NLD ဗဟိုအလုပ်မှုဆောင် ကော်မီတီဝင် ဦးဝင်းထိန်ကပြောပါတယ်။

“ဒေါက်တာအေးဇံကို ကျနော့်ဆုံးဖြတ်ချက်လည်းမဟုတ်ဘူး ၊ ကျနော်တို့ အတွင်းရေးမှူးအဖွဲ့ရဲ့ ဆုံးဖြတ်ချက် ။ အဲဒါကို မွန်ပြည်နယ်လွှတ်တော်ကနေပြီးတော့ သမ္မတရုံးကိုတင်ပြရမယ်၊ သမ္မတက ခန့်မှာ။”

လက်ရှိဝန်ကြီးချုပ် ဦးမင်းမင်းဦးဟာ ရာထူးကနေနုတ်ထွက်တော့မယ်လို့ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာ မှာ ရေးသား ထားသလို ဒီနေ့မနက်မှာ ဝန်ကြီးချုပ်ဦးမင်းမင်းဦး ရာထူးကနေ နုတ်ထွက်တာမပြုလုပ်ဖို့ သံဃာတော်တွေနဲ့ ဘီလင်းမြို့နယ် ဒေသခံလူတစ်ရာလောက် က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှာ လာရောက်မေတ္တာရပ်ခံ တောင်းဆို မှုတွေရှိနေပါတယ်။

ဝန်ကြီးချုပ်ဦးမင်းမင်းဦးအနေနဲ့ တာဝန်ကနေနုတ်ထွက်ဖို့ဆုံးဖြတ်ချက်ဟာ အထက်ရဲ့ ဖိအားကြောင့်ဖြစ်နိုင်တယ် လို့ယူဆကြောင်း ဒေါက်တာအောင်နိုင်ဦးကအခုလိုပြောပါတယ်။

“ဒီတံတားအမည်သတ်မှတ်တဲ့ ကိစ္စကိုတော့ ကျနော်တို့ဒြီပည်နယ်ကနေရှိတဲ့ လူမှုအဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီတွေကရော၊သံဃာတော် အဖွဲ့အစည်းတွေကရော သူ့ကိုသွားပြီးတော့ တင်ပြတောင်းဆို စာပေးပို့တာမျိုးတော့ရှိတယ်။ ဒီပါတီရဲ့ ဂိုက်လိုင်းပေးတာနဲ့ သူဆောင်ရွက်တာနဲ့ လွဲချော်သွားတဲ့အနေအထားမျိုးရှိတဲ့သဘောမျိုးတော့ ကျနော်တို့မြင်ပါတယ်။ သူ့ကိုအဲလိုမျိုး အတင်းဖိအားပေးပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းတံတားပဲ အမည်ပေးဖို့ ထပ်ပြီးတော့ ဖိအားပေးသလားတော့ မပြောတတ်ဘူးပေါ့နော်၊ ပေးမယ်ဆိုရင်လည်း ပေးနိုင်ပါတယ်၊ အဲဒီအပေါ်မှာထပ်ပြီးတော့ သူ့အနေနဲ့ ဘယ်လိုမှ မခံမရပ်နိုင်တော့ ဖိအားပေးမှုတွေကြားထဲမှာ လုံးဝစိတ်ပျက်သွားတဲ့ အနေအထားနဲ့ သူအနားယူတာဖြစ်နိုင်တယ်လို့လည်း ကျနော်ယူဆတယ်။”

ဒါ့အပြင် ဝန်ကြီးချုပ်ဦးမင်းမင်းဦးဟာ မွန်ပြည်နယ်ကလုပ်ငန်းရှင်တွေနဲ့အရောဝင်ဆက်ဆံနေမှု လွှတ်တော်လုပ်ငန်း တွေမှာ တာဝန်ပျက်ကွက်မှု၊ လူမှုရေးကိစ္စရပ်တွေ ရှုပ်ထွေးမှု စတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ တိုင်ကြားခံရမှုတွေရှိ တာကြောင့် NLD ဗဟိုကနေ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး၊ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ စုံစမ်းတွေ့ရှိချက်တွေအရ ဦးမင်းမင်းဦးမှာ အပြစ်ရှိတယ်ဆိုတာကို တွေ့ထားတယ်လို့ စုံစမ်းစစ်ဆေးရေးမှုးတဦးဖြစ်တဲ့ NLD ခေါင်းဆောင် ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို ဘယ်လို အရေးယူမလဲဆိုတာကတော့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကနေ ဆုံးဖြတ်မှာဖြစ်တယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ်အသစ်အဖြစ် ဒေါက်တာအေးဇံကို ခန့်အပ်သွားဖို့NLDအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ ကနေလျာထားတဲ့အပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာဗညားအောင်မိုးကအခုလိုပြောပါတယ်။

“သမ္မတက ခန့်ရမှာ၊ သမ္မတက ခန့်ရမှာဆိုတော့ သမ္မတက NLD ပါတီကဆိုတော့ NLD ပါတီကရွေးပေးပြီးတော့ သမ္မတက ခန့်ပေးရတဲ့ သဘောမျိုးရှိမှာပေါ့။ ဒါကလည်း ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ကိုက်ညီပါတယ်။”

မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်လျာထားခံရတဲ့ ဒေါက်တာအေးဇံဟာ ၁၉၉၀ခုနှစ်မှာကျင်းပခဲ့တဲ့ ပါတီစုံအထွေထွေ ရွေး ကောက်ပွဲမှာ NLDပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရ သလို ၂၀၁၅ခုနှစ်ရွေးကောက်ပွဲမှာလဲ ကျိုက်ထိုမြို့နယ် က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ်ထပ်မံရွေးချယ်ခံခဲ့ရပါတယ်။

ဒေါက်တာအေးဇံဟာ နိုင်ငံရေးအတွေ့အကြုံရှိသူ တဦးဖြစ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် အဖြစ်အရွေးခံရရင် အစိုးရလုပ် ငန်းတွေမှာ ဦးဆောင်နိုင်စွမ်းရှိမယ်လို့ လွှတ်တော်ကိုယ်စားလှယ် တွေကနေ ထင်မြင်ယူဆမှုတွေလည်း ရှိနေပါတယ်။

၂၀၁၅ရွေးကောက်ပွဲအလွန် NLDအစိုးရသစ်လက်ထက်မှာ ပထမဆုံး တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်အပြောင်း အလဲ တခုလဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG