သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်စီမံကိန်းကော်မရှင် ခရိုနီတွေ ပါဝင်သလား


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး။

မွန်ပြည်နယ် ဝန်ကြီးချုပ်က ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်နယ် စီမံကိန်း ကော်မရှင် ထဲမှာ စစ်အစိုးရနဲ့ နီးစပ်တဲ့ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တချို့ ပါဝင်နေတယ် ဆိုပြီး ဒေသခံပြည်သူတွေ နဲ့ မွန်ပြည်နယ် လွှတ်တော်က အပြင်းအထန် ကန့်ကွက် တာကြောင့် ကော်မရှင်အဖွ့ဲဝင်တချို့ကို အပြောင်းအလဲ လုပ်လိုက်ပြီလို့ မွန်ပြည်နယ် ဝန်ကြီးချုပ်ကပြောပါတယ်။

ဒါပေမဲ့ စီမံကိန်းကော်မရှင်ကို ဖွဲ့စည်းခွင့်ဟာ မွန်ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့် တာဝန်ဖြစ်ပြီး ၊ လွှတ်တော်အပိုင်းနဲ့ သက်ဆိုင်မှု မရှိသေး တာကြောင့် ပြည်နယ် လွှတ်တော်ဘက်က နားလည်မှု လွဲနေတာသာဖြစ်တယ်လို့ မွန်ဝန်ကြီးချုပ် က ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ပြည်နယ်နဲ့တိုင်း အသီးအသီးသီးမှာ စီမံကိန်းတွေ အကောင်ထည်ဖေါ်ဆောင်ရွက် ဖို့ ဒေသဆိုင်ရာ အစိုးရတွေက တိုင်းနဲ့ပြည်နယ် စီမံကိန်း ကော်မရှင်တွေ ဖွဲ့ပါဆိုပြီး သမ္မတ ဦးထင်ကျော်က အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် မွန်ပြည်နယ် စီမံကိန်း ကော်မရှင်ကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး ဦးဆောင်ပြီး မေလ(၂၅) ရက်နေ့နောက်ပိုင်းမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီစီမံကိန်း ကော်မရှင်ထဲမှာ စစ်အစိုးရ လက်ထက်ကတည်းက အာဏာပိုင်တွေ နဲ့ ပြေလည်နီးစပ်ခဲ့တဲ့ ခရိုနီတချို့ရဲ့ အမည် ပါဝင်နေတာကြောင့် ပြည်သူတွေက ကန့်ကွက်လာကြ သလို မွန်ပြည်နယ် လွှတ်တော်တွင်းမှာလဲ မေးခွန်းထုတ် လာကြပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးကတော့ နိုင်ငံတော်သမ္မတက စီမံကိန်း ကော်မရှင် ဖွဲ့စည်းဖို့ ညွှန်ကြားလာတာကြောင့် သူ့တာဝန်ကိုသူ လုပ်ဆောင်ရတာသာ ဖြစ်ပြီး၊ ကော်မရှင် အဖွဲ့ဝင် အမည်စာရင်းကို ပြည်နယ် အစိုးရက မဆုံးဖြတ်ခင်မှာ လွှတ်တော်ဘက်က သိသွားပြီး ကန့်ကွက်မှုတွေ စဖြစ်လာရတာလို့ ဦးမင်းမင်းဦးက ရှင်းပြပါတယ်။

" သမ္မတကြီးက တခါတည်း ဖွဲ့စည်းပုံနဲ့ အမိန့်ကြေညာစာနဲ့ ကျနော်တို့ကို လွှဲထားတာပါ။ ဖွဲ့စည်းပုံက ကျနော်တို့ ဘာမှ လုပ်ခွင့်မရှိဘူး။ အဲ့ဒီ့မှာ ဝန်ကြီးချုပ်က ဥက္ကဋ္ဌ၊ ဝန်ကြီးများက အဖွဲ့ဝင် ကျန်တဲ့ဟာက စက်မှုရယ်၊ ဝန်ဆောင်မှုရယ် နောက် လယ်ယာကဏ္ဍ ကနေပြီးတော့ တဦးစီကို ထည့်ပေးရတာ။ အတွင်းရေးမှူး က ပြည်နယ် အစိုးရက အတွင်းရေးမှူးပဲ။ အဲ့ဒီ့ကျတော့ ကျနော်က ထင်ရှားတဲ့ ပုဂ္ဂိုလ်တဦးပဲ ထည့်ပေးခွင့်ရှိတာ။ ထည့်ပေးတယ်ဆိုပေမဲ့ ကက်ဘိနက်ကို တင်ရမှာ။ ကြာသပတေးနေ့ အပတ်တိုင်းက ကက်ဘိနက် ရှိတယ်။ ကက်ဘိနက် ဆုံးဖြတ်ချက် မကျခင်လေးမှာ အဲ့ဒီ့အချိန်မှာ သူတို့က လွှတ်တော် အစည်းအဝေးနဲ့ တိုက်တော့ ကျနော်တို့ လွှတ်တော်ကို အကုန်လုံး ဝန်ကြီးတွေ အားလုံး သွားတက်ရတာကိုး။ သွားတက်တော့ အဲ့ဒီ့မှာ ကက်ဘိနက် အစည်းအဝေး မတင်လိုက်ရပဲနဲ့ အဲ့ဒီ့စာက လွှတ်တော် က သိတဲ့ပုံစံမျိုး ဖြစ်ပြီး ကျနော့်ကို လွှတ်တော်မှာ တက်ပြီး မေးတဲ့ ပုံစံဖြစ်သွားတာ။ "

မွန်ပြည်နယ် စီမံကိန်း ကော်မရှင်အဖွဲ့ဝင် (၁၅)ဦး ရွေးချယ်ရာ မှာ ပြည်နယ် ဝန်ကြီးချုပ် က ပြည်နယ် အစိုးရအဖွဲ့ဝင်တွေကို တိုင်ပင်ခြင်း မရှိပဲ ပြည်နယ် အုပ်ချုပ်ရေး ထွေ/အုပ်တွေရဲ့ အကြံပေးချက်နဲ့ ရွေးချယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလဲ ထွက်ပေါ်နေပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ငြင်းဆိုပါတယ်။

" အမှန်မှန်ကတော့ အဲ့တာက ကောလဟာလပေါ့နော်။ အမှန်မှန်က ကျနော့်အနားမှာ က ရှိတာက အစိုးရ တဖွဲ့လုံး ရှိတယ်။ အတွင်းရေးမှူး ဒါပဲရှိတာ။ မွန်ပြည်နယ်မှာ ဒီလုပ်ငန်းတွေ နဲ့ ပတ်သက်ပြီး တကယ်ထင်ရှားပြီး အလုပ်လုပ်နေတဲ့သူပဲ ကောက် ထည့်လိုက် ဆိုပြီး အဲ့ဒီ့ဝန်ဆောင်မှု ဆိုပြီး နှစ်ဦး ထည့်ပေးလိုက်တယ်။"

ကိုဉာဏ်ဝင်းအောင်။ ။ အခုပြည်သူတွေ ကန့်ကွက်နေတယ်ဆိုတဲ့ စီးပွားရေး လုပ်ငန်းရှင် ဆိုတာက ဒီမော်လမြိုင်မှာ သူရဲလေးကောင်လို့ နာမည်ကြီးတဲ့ တဦးဖြစ်တဲ့ ဦးမိုးကျော်ရယ် နောက်ပြီးတော့ ရိုးရိုးလေး ဘတ်စ်ကားလိုင်းတို့ ဟိုတယ်လုပ်ငန်းတွေ လုပ်နေတဲ့ ဦးသိန်းနိုင်တို့ ပါနေလို့ မကျေနပ်တာမျိုးလား။

ဦးမင်းမင်းဦး။ ။ ဟုတ်တယ်။ အဲ့တာ ပြည်သူလူထုက ဒီနှစ်ဦးကို မကြိုက်ဘူးဆိုတော့ ကျနော်သိလိုက်တဲ့အခါကျတော့ ကျနော် ပြန် change ထုတ်လိုက်ပြီ။ ဒီတပတ် ကက်ဘိနက်မှာ ကျနော်တို့ အတည်ပြုလိုက်ပြီ။

ကိုဉာဏ်ဝင်းအောင်။ ။ ပြည်သူတွေ ကန့်ကွက်တဲ့သူတွေ ဘယ်နှစ်ယောက် ဆက်ပါနေသေးလဲ။

ဦးမင်းမင်းဦး ။ ။ မပါတော့ဘူး။ မပါတော့ဘူး။

ပြည်နယ်၊ လွှတ်တော်နဲ့ ဒေသခံတွေရဲ့ ကန့်ကွက်သံကြောင့် စီမံကိန်းကော်မရှင် အဖွဲ့ဝင်တချို့ကို မွန်ပြည်နယ် ဝန်ကြီးချုပ်က အပြောင်းအလဲ လုပ်လိုက်ပေ မယ့် ဒေသခံတွေက မနှစ်သက်ကြတဲ့ အကြောင်း မော်လမြိုင်မြို့ခံ ဒေါ်မူဝမ်း က ပြောပါတယ်။

" သူပြောင်းလဲပေးလိုက်တယ် ဆိုတာလည်းလေ တကယ့်လူထုတွေ ကြည်ညိုလေးစားတဲ့ လူထဲက မပါလာဘူးပေါ့။ မပါလာဘူးဆိုတာ အခုသူပြောင်းပေးလိုက်တာ ခရိုနီကြီး မဖြစ်ပေမဲ့ သူလည်း ခရိုနီတပိုင်းပဲ။ အဲ့လိုမျိုးတွေပေါ့။ ဟိုအစိုးရလက်ထက်က ဒီလိုပဲ သူ့အတွက်ပဲ သူလုပ်နေတဲ့ သူတွေပေါ့။ လူတွေက မနှစ်သက်တဲ့သူတွေပေါ့။ သူက ခရိုနီကကို မလွတ်ဘူး။ အဲ့လိုမျိုးတွေ။"

တကယ်တော့ စီမံကိန်းကော်မရှင် အဖွဲ့ဝင် ရွေးချယ်ရေး ကိစ္စဟာ ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်သာဖြစ်ပြီး လွှွတ်တော်နဲ့ သက်ဆိုင်မှုမရှိပဲ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်လို့ နားလည်မှု လွဲနေခြင်းသာဖြစ်တာကြောင့် လွှတ်တော်ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌတို့ကို ရှင်းပြခဲ့ပြီးဖြစ်တယ်လို့ ဦးမင်းမင်းဦးက ရှင်းပြပါတယ်။

" ဒါလွှတ်တော်အပိုင်းက မဟုတ်တဲ့ အုပ်ချုပ်ရေး ယန္တယားက ကျနော်တို့ အထက်အောက် အမိန့်ပေးတဲ့ဟာဖြစ်တယ်။ အဲ့တာကြောင့် မှားမှာကြောက်လို့ ကျနော် ခေါ်ပြီး ရှင်းပြလိုက်သေးတယ်။ နားလည်မှုလွဲတာလည်းပါတယ်။ ဒီအကန့်ကျတော့ အုပ်ချုပ်ရေး ယန္တယားကနေ ဖွဲ့စည်းပုံ သွားတဲ့ လမ်းကြောင်းဖြစ်တယ်။ အဲ့တာ လွှတ်တော်အကန့်က နောက်တခြမ်းဖြစ်သွားပြီ လွှတ်တော် သွားမယ့် လမ်းကြောင်းက မွန်ပြည်နယ်နဲ့ပတ်သက်ပြီး စီမံကိန်းတွေ လုပ်ရင် ကျနော်တို့က လွှတ်တော်ကို ပြန်ကို တင်ရမှာ။ အဲ့တော့မှ သူတို့က ဒီစီမံကိန်းတွေကို မကြိုက်ဘူးဆိုရင် ဖယ်ရှားလိုက်လို့ရမှာ။ လမ်းကြောင်းချင်းကို မတူဘူး။ "

ဒီကော်မရှင်ကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်မှာ အရေးကြီး အဆိုအဖြစ် တင်သွင်းထားပြီး နောက်သီတင်း (၃)ပတ်လောက်အကြာမှာ ပြန်လည် ကျင်းပမယ့် မွန်ပြည်နယ် လွှတ်တော်တွင်း ဆွေးနွေးသွားမယ်လို့ လွှတ်တော် ဥက္ကဋ္ဌက ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG