(Zawgyi / Unicode)
ကိုဗစ်ရောဂါနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် မွန်ပြည်နယ်မှာ အရင်ကထက် သင်္ကြန်ရေပက်ကစားတာ နည်းပါးနေပေမဲ့ ရှေးယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ထိန်းသိမ်းလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မွန်ပြည်နယ်မှာ ကျင်းပတဲ့ ထူးခြားတဲ့ဓလေ့နဲ့ သင်္ကြန်အကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ဆက်ပေးထားပါတယ်။
ဒီနှစ်သင်္ကြန်မှာတော့ ခါတိုင်းနှစ်လို စည်ကားတာမျိုး မရှိပေမဲ့ ရိုးရာအစဉ်အလာတွေ လုပ်ဆောင်နေကြပါတယ်။ သင်္ကြန်ကာလမှာ လူငယ်လူရွယ်တွေအနေနဲ့ ရေပက်မကစားခင် လူကြီးသူမတွေကို ကန်တော့တာတွေ၊ ရေချိုး လက်သည်းညှပ်ပေးတာတွေ၊ ဥပုသ်သည်တွေကို ကျွေးမွေးတာတွေ လုပ်ခဲ့တယ်လို့ မော်လမြိုင်မြို့ ဖားအောက်ကျေးရွာနေ မမီးမီးထောက ပြောပါတယ်။
“လူကြီးသူမတွေကိုတော့ အမှန်မှာ သူတို့က ဒီသင်္ကြန်အတွင်းကို ဥပုသ်စောင့်ကြတယ် ဆိုတော့ သူတို့ ဘုန်းကြီးကျောင်းမသွားခင်မှာ အိမ်တွေမှာ လိုက်ကန်တော့ကြတယ်ပေါ့။ အဘိုးအဘွားတွေ အကုန်လုံးပေါ့။ အကြိုနေ့ညနေလောက်ဆိုရင် သွားပြီးကန်တော့တယ်ပေါ့။ ခြေသည်းလက်သည်း ညှပ်ပေးတာတို့၊ ခေါင်းလျှော်ပေးတာတို့၊ နောက် ပရိတ်တရားတွေပေါ့ လမ်းတိုင်းလမ်းတိုင်းမှာ ပရိတ်ရွတ်တာတွေတော့ ရှိတယ်။ ဘုန်းကြီးကျောင်းမှာလည်း အမြဲတမ်း အကျွေးအမွေးတွေ ရှိတယ်လေ။”
ဒါ့အပြင် သက်ကြီးပူဇော်ပွဲကိုလည်း မိမိတို့ဒေသနဲ့ ကိုက်ညီတဲ့ သင်္ကြန်ရက်အတွင်းမှာ စုပေါင်းပူဇော်ကန်တော့ကြပါတယ်။
သင်္ကြန်အတက်နေ့မှာ ဘုရားကို ရေသပ္ပါယ်တာ၊ နှစ်ကျိပ်ရှစ်ဆူဘုရားကို ဖယောင်းတိုင်ထွန်းပြီး လှည့်တဲ့ဓလေ့ဟာ ကမာဝက်မြို့ရဲ့ ရှေးဟောင်းဓလေ့တခုလို့ မုဒုံမြို့နယ် ကမာဝက်မြို့နေ မိသဉ္ဇာက ပြောပါတယ်။
“အဲဒါကတော့ ရိုးရာဓလေ့ထုံးစံ တခုလိုပါပဲရှင့်။ သင်္ကြန်ရောက်တိုင်း အဲဒီလိုမျိုး ဘုရားလှည့်တယ်ပေါ့။ ပြီးတော့ ဖယောင်းတိုင်မီးထွန်းပြီးတော့ လှည့်တယ်ပေါ့။ အဲဒါကတော့ နှစ်ပေါင်းများစွာ ရှိပါပြီ။ ကမာဝက်ရဲ့ ဓလေ့ထုံးစံပါပဲ။”
မွန်ပြည်နယ်သင်္ကြန်နဲ့ သင်္ကြန်ထမင်းဟာ ခွဲမရအောင် ဒွန်တွဲနေပါတယ်။ သင်္ကြန်အတွင်းမှာ အိမ်တိုင်းလိုလို သင်္ကြန်ထမင်း ချက်လေ့ရှိတယ်လို့ ဖားအောက်ကျေးရွာနေ မမီးမီးထောက အခုလိုပြောပါတယ်။
“သင်္ကြန်ထမင်း ထမင်းလိုမျိုး ချက်တာပါပဲ။ ပြီးတော့မှ ဆယ်ပြီးတော့ ဖယောင်းနံ့လေးပေါ့။ မြေအိုးထဲမှာ ဖယောင်းခဲနဲ့ မြေအိုးအသေးလေးမှာ အုပ်ထားတယ်လေ။ အဲဒီအနံ့လေးကို ယူပြီးတော့ တချို့ကလည်း အဲဒီအနံ့လေးကို ကြိုက်တယ်။ တချို့ကလည်း မကြိုက်ဘူးပေါ့။ ရိုးရိုးရေခဲရေနဲ့ပဲ စားကြတာပဲ။ ထမင်းနဲ့တွဲဖက်စားတဲ့ အကြော်ကျတော့ ဒီအချိန် သရက်သီးတွေ ပေါတယ်ဆိုတော့ သရက်သီးရယ် ငါးခြောက်တွေရယ် ပြုတ်ပြီးတော့ ထောင်းတယ်။ ပုဇွန်ခြောက်တွေ ထည့်တယ်။ ကြက်သွန်တွေနဲ့ ကြော်ပြီးတော့ ဒါနဲ့ တွဲဖက်စားကြတာပေါ့။ ဖယောင်းနံ့သင်းတဲ့ရေလေးနဲ့သွန်းပြီးတော့စားတာ။”
သကြန်ရက်အတွင်း ထူးခြားချက်တခုကတော့ ဘီလူးကျွန်းလို့ လူသိများတဲ့ ချောင်းဆုံမြို့နယ်က ရွာဘုရားပွဲပဲ ဖြစ်ပါတယ်။ သင်္ကြန်အတက်နေ့ကစပြီး ရွာစဉ်လှည့် ဘုရားပွဲကျင်းပပြီးတော့ အယုတ်အလတ်အမြတ်မရွေး ဧည့်သည်တွေကို ဧည့်ခံကျွေးမွေးကြပါတယ်။
ပေါင်မြို့နယ်အတွင်းမှာတော့ ထူးထူးခြားခြား ဘာသာရေး သင်္ကြန်မဏ္ဍပ် ပြုလုပ်လေ့ရှိပြီး ဒီသင်္ကြန်မဏ္ဍပ်မှာ သစ်သီးဝလံ၊ ငါးခြောက်တွေကို မဏ္ဍပ်အပေါ်မှာ ချိတ်ဆွဲပြီး သံဃာတော်တွေကို လှူဒါန်းကြတာပါ။
နောက်ထပ်ဓလေ့တခုဖြစ်တဲ့ ၇ ရက်သားသမီးတွေအတွက် မိမိမွေးရက်နဲ့ သင်္ကြန်အကြတ်နေ့နဲ့ ကြုံကြိုက်ရင် ရေငန်းအပင်နဲ့ တံတားငယ်ပုံစံလုပ်ပြီး ယတြာချေတဲ့ဓလေ့ဟာ အခုထိ ပြုလုပ်နေကြဆဲပဲလို့ ပေါင်မြို့က ကျောင်းဆရာမ ဒေါ်ခင်အေးက ပြောပါတယ်။
“သင်္ကြန်ရက်မှာ အကြတ်နေ့ အကြတ်ကျတဲ့သူတွေ အတက်ကျတဲ့သူတွေဆိုရင် ကံနည်းနည်းနိမ့်တယ်လို့ ထင်ကြပြီးတော့လေ။ ရေငန်းပင်၊ ရေငန်းပင်တွေလေ လူသွားတဲ့နေရာမှာ သွားခင်းကြတယ်။ တံတားလေးပေါ့ကွယ်။ အဲဒီလိုမျိုးတွေလည်း ရှိတယ်။”
ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ခုနှစ်တွေမှာ COVID-19 ကပ်ရောဂါကြောင့် ပျော်စရာသင်္ကြန်ပွဲတွေ လုပ်တာ မရှိခဲ့ပါဘူး။ ဒီနှစ်မှာတော့ စစ်ကောင်စီကနေ ကိုဗစ် စည်းကမ်းကို ဖြေလျှော့ပေးပြီး သင်္ကြန်ပွဲတော် ကျင်းပခွင့်ပြုပေမဲ့ မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေကြောင့် စိုးရိမ်စိတ်နဲ့ သင်္ကြန်ရေလောင်းပက် ကစားသူတွေ နည်းပါးနေပေမဲ့ ရိုးရာဓလေ့တွေကိုတော့ မပျက်မကွက် လုပ်ဆောင်နေကြပါတယ်။
----------------------------
(Unicode)