သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်းယော်လူသတ်မှု စစ်ခုံရုံး မိသားစုဝင်တွေ တက်ရောက်ခွင့်ရ


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ရွာအနီး ပြောင်းခင်းမှာ အလောင်း ၅လောင်းတွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ တပ်မတော်သားတွေကို စစ်ဆေးရာမှာ အသတ်ခံရသူတွေရဲ့ မိသားစုဝင်တွေကို တက်ရောက်ကြားနာခွင့်ပေးခဲ့ပါတယ်။ ဒီလို စစ်ခုံရုံးစစ်ဆေးမှုမှာ အရပ်သားတွေကို ကြားနာခွင့်ပြုတာ ပထမဆုံးဖြစ်ပြီး ဒါဟာပြောင်းလဲလာမှုတခုအဖြစ် လူ့အခွင့်အရေးကာကွယ်သူတွေက သုံးသပ်ပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လားရှိုးမြို့နယ် မိုင်းယော်ရွာအနီး ပြောင်းခင်းမှာ အလောင်း ၅လောင်းကို ဇွန်လကုန်ပိုင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားခဲ့တဲ့နောက် သေဆုံးခဲ့တာဖြစ်ပါတယ်။

ဇူလိုင်လ ၂၀ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက မိုင်းယော်ဒေသခံတွေ သေဆုံးမှုကို စစ်ခုံရုံးမှာစစ်ဆေးနေပြီး ဘယ်လို အရေးယူ ဆောင်ရွက်မယ်ဆိုတာ သတင်းထုတ်ပြန်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီအမှုကို လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ ဒီလ ၉ရက်နေ့ကစစ်ဆေးရာမှာတော့ သေဆုံးသူတွေရဲ့ဆွေမျိုးတွေကို တက်ရောက်ကြားနာခွင့်ပေးခဲ့တယ်လို့ မိုင်းယော်ဒေသခံတယောက်က ပြောပါတယ်။

“ယာယီအုပ်ချုပ်ရေးမှူးရယ် အဲဒီအသတ်ခံရတဲ့ ရွာသား၅ ယောက်ထဲက သူတို့ရဲ့သက်ဆိုင်တဲ့ ရွာသူကြီး ၂ ယောက်ရယ်၊ ပြီးတော့ အဲဒီ ၅ ယောက် ရဲ့ မိသားစုဝင်တွေရယ် သူတို့ကိုဘာသာပြန်ပေးတဲ့ ၁ ယောက်ရယ် အဲဒီလို အားလုံးပေါင်း ၁၂ ယောက်လို့ပြောတယ်ခင်ဗျ။ ၁၂ ယောက် နဲ့ ကလေးက ၃ ယောက်ရယ်။”

အမှုစစ်ဆေးရာမှာတော့ သေဆုံးသွားသူတွေနဲ့ပတ်သက် တာဝန်ရှိသူ ၇ယောက်ကို စစ်ဆေးခဲ့တယ်လို့လည်း ပြောပါတယ်။

“ကျူးလွန်တဲ့ တပ်က အရာရှိတွေ၊ သတ်တဲ့လူတွေကို တရားရုံးမှာစစ်တာပါ။ အားလုံးပေါင်း ၇ ယောက်ပါ။ ဟုတ်ကဲ့ အဲဒီမှာ တချို့က အမိန့်ပေးတာကို ဝန်ခံတယ်။ ပြီးတော့ သတ်တာကိုလည်း ဝင်ခံတယ်။”

Equality Myanmar ခေါ် လူ့အခွင့်အရေးအဖွဲ့ရဲ့ဒါရိုက်တာ ဦးအောင်မျိုးမင်းက အရင်က ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာကိစ္စရပ်တွေကို စစ်ဆေးဆုံးဖြတ်ရာမှာ အရပ်သားတွေ တက်ရောက်ကြားနာခွင့်မရှိကြောင်းနဲ့ ဒါဟာ ပြောင်းလဲမှုတခုဖြစ်ကြောင်း ပြောဆိုပါတယ်။

“ဒီအချက်က ကျနော်တို့ ပြောင်းလဲမှုတခုဖြစ်တယ်လို့ပြောလို့ရတယ်ဗျ။ဘာကြောင့်လဲဆိုတော့ အရင်တုန်းက ဒီလိုအမှုတွေဆိုရင် စစ်ခံရုံးကပဲ စစ်ဆေးပြီးတော့ တခြားသူတွေ သွားရောက်ကြားနာမှုတွေမရှိခဲ့ဘူး။ ပြီးရင် ဘယ်လိုမျိုးအပြစ်ဒဏ်တွေချမှတ်သလဲဆိုရင် လူသိရှင်ကြား အတိအကျ ထုတ်ပြန်တာမရှိဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တို့က အစဉ်အဆက် တောင်းဆိုခဲ့ပါတယ်။ ဒီလိုမျိုးလူ့အခွင့်အရေးချိုးဖောက်မူ အများပြည်သူအရပ်သားတွေနဲ့ ပတ်သက်တဲ့အမှုတွေဆိုရင် တက်နိုင်ရင် အရပ်သားခုံရုံးတွေမှာ လွဲပေးဖို့၊ တကယ်လို့ စစ်ခုံရုံးမှာလုပ်ဆောင်မယ်ဆိုရင်လည်း ကြားနာခွင့်တွေ အရေးယူမူတွေသိအောင်လုပ်ဆောင်ပေးဖို့ အစဉ်အဆက်တောင်းဆိုခဲ့တယ်။ အခုကတော့ ဒါကျနော်ပြောမယ်ဆိုရင် ပထမဦးဆုံး case လို့ပြောလို့ရပါတယ်။”

အရင်က ဒီလို အမှုအခင်းတွေကို တိုင်ကြားဖို့ ကြောက်ရွံ့ခဲ့ကြပြီး လူ့အခွင့်အရေးချိုးဖောက်တာတွေ ပပျောက်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးအတွက် အခုလို စစ်ဆေးစီရင်မှုတွေ ပိုမိုဆောင်ရွက်သင့်တယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ဒီလိုမျိုးအကြောက်တရားတွေက ကျနော်တို့ဖြစ်နေတာ ၂ မျိုးရှိပါတယ်။ ပထမတခုက အကြောက်တရားရှိသလို နောက်တခုက တိုင်ရင်လည်းမထူးပါဘူးကွာ ဆိုတဲ့ စိတ်ဓါတ်မျိုးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာမှ အပြစ်ပေးအရေးယူခြင်းမရှိပဲနဲ့ သူတို့သာ အပြစ်ရသွားတဲ့ကိစ္စမျိုးရှိနေတယ်။ အခုတော့ တိုင်ကြားလို့ရှိရင်ရနိုင်တယ်၊ နောက်တခါ တိကျမှန်ကန်ပြီးပြတ်သားတဲ့တရားစီရင်မူ ရှိမယ်ဆိုရင် အရပ်သားတွေအနေနဲ့ တိုင်ကြားရဲတဲ့သတ္တိဖြစ်လာသလို၊ ကျူးလွန်တဲ့သူကလည်း မကျူးလွန်ရဲအောင် ဖြစ်လာနိုင်တဲ့အတွက် ဒါမျိုးတွေကတကယ် ယဉ်ကျေးမူအစဉ်အလာ လုပ်ထုံးလုပ်နည်းကို ဆက်လက်ကျင့်သုံးသင့်ပါတယ်။”

ဇွန်လအတွင်းက ဖြစ်ပွားခဲ့တဲ့ မိုင်းယော်ရွာအဖြစ်အပျက် မှာ သေဆုံးသူ ၇ယောက်ရှိခဲ့ပြီး အခုချိန်မှာ ပြောင်းခင်းမှာတွေ့ရှိတဲ့ လူ၅ယောက်သေဆုံးမှုကိုသာစစ်ဆေးနေတာဖြစ်ပါတယ်။ အခြားသေဆုံးသူ ၂ယောက်ဟာ ဆိုင်ကယ်စီးနင်းလာစဉ် ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး သူတို့နဲ့ပတ်သက်လို့ စစ်ဆေးတာတွေ မစတင်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG