သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာသတင်းထောက်အသတ်ခံရမှု သံသယရှိသူနှစ်ဦး ဖမ်းဆီး


မုံရွာသတင်းထောက် ကိုစိုးမိုးထွန်း (Soe Moe)
မုံရွာသတင်းထောက် ကိုစိုးမိုးထွန်း (Soe Moe)

မုံရွာမြို့အခြေစိုက် Eleven ဂျာနယ် သတင်းထောက် ကိုစိုးမိုးထွန်းအသတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မင်္သကာသူ ၂ ယောက်ကို ခေါ်ယူစစ်ဆေးနေတဲ့အကြောင်း မုံရွာမြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူကပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာဘဲ မြန်မာစာနယ်ဇင်းသမဂ္ဂကလည်း သတင်းလွတ်လပ်စွာ ရယူနိုင်ရေးမှာ အသက်အန္တရာယ်ထိပါးတဲ့ အခြေအနေအထိ နစ်နာမှုတွေရှိနေတာကြောင့် ကိုစိုးမိုးထွန်းသေဆုံးမှုနဲ့ ပတ်သက်ပြီးအမှုမှန်ပေါ်ပေါက်ရေး ဖော်ထုတ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုထက်အောင်ခန့်ကတင်ပြထားပါတယ်။

Eleven ဂျာနယ် သတင်းထောက် ကိုစိုးမိုးထွန်းအသတ်ခံရတာနဲ့ပတ်သက်ပြီး မုံရွာမြို့က မင်္သကာဖွယ် KTV ဆိုင် မန်နေဂျာ ၂ ယောက်ကို စတင်စစ်ဆေးနေပြီလို့ ရဲတပ်ဖွဲ့က VOA ကိုပြောပါတယ်။ ဒီဇင်ဘာ၁၉ ရက်က ယမန်ယူပြီး ပထမဆုံး မင်္သကာဖွယ်ရာရှိတဲ့သူတွေကို အမှုအမှန်ပေါ်ပေါက်ဖို့ စတင်စစ်ဆေးနေတာဖြစ်တယ်လို့ မုံရွာမြို့နယ်ရဲစခန်းက ဒုတိယရဲမှူး သိန်းဆွေမြင့်က အခုလိုပြောပါတယ်။

“ ကျနော်တို့ မင်္သကာတဲ့ လူ၂ ယောက်ကို ယမန်ယူပြီးစစ်နေပါတယ်ခင်ဗျ။ မနေ့ကစပြီးတော့ ယမန်ယူထားပါတယ်ခင်ဗျ KTV ဆိုင်တခုကပါပဲခင်ဗျ။ မင်္သကာတဲ့ လူ၂ ယောက်ကို အခုလောလောဆယ် ကျနော်တို့ ယမန်ယူစစ်တာပါခင်ဗျ။ အခုအခြေအနေကတော့ ကောင်းတယ်လို့ပြောရမှာပါခင်ဗျ တရားခံအစစ်အမှန်ပေါ်ဖို့ပေါ့နော်။”

ကိုစိုးမိုးထွန်းသေဆုံးမှုနဲ့ပတ်သက်ပြီး မနေ့ညနေပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ သတင်းမီဒီယာများက ဆုတောင်းပွဲပြုလုပ်ခဲ့ကြပါသေးတယ်။ ဒါ့အပြင်ကိုစိုးမိုးထွန်းသေဆုံးမှုဟာ လွတ်လပ်စွာသတင်းရေးသားခွင့်ကို ထိခိုက်နိုင်တယ်ဆိုတဲ့ ဝေဖန်မှုများလည်းရှိနေသလို တရားခံကိုအမြန်ဆုံးဖော်ထုတ်နိုင်ပါက သတင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်နိုင်တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ ဦးဆောင်အဖွဲ့ဝင် ဦးဇော်သက်ထွေးက အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့ ဒီတိုင်းပြည်မှာက ကျနော်တို့ ဒီ စာပေလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ ရရှိတာက ပြီးခဲ့တဲ့ ၂၀၁၁ လောက်ကစပြီးတော့ ရတယ်။ အခု မီဒီယာ ဥပဒေအရ ပေးထားတဲ့ လွတ်လပ်စွာရေးသားခွင့်တွေ ရတယ်။ ဒီလိုရေးသားခွင့်ရတဲ့အပေါ်မှာ အကျိုးစီးပွားရှိတဲ့သူတွေကနေပြီးတော့မှ သတင်းရေးသားတဲ့လူတွေအပေါ်မှာ နည်းမျိုးစုံ ဟန့်တားနှောက်ယှက်တာတွေရှိတယ်။ အဲလိုနည်းမျိုးစုံ ဟန့်တားနှောက်ယှက်တာတွေမှာ အခုဆိုရင် ကိုစိုးမိုးထွန်း အသတ်အန္တရာယ် သေဆုံးတဲ့အထိလုပ်တာကတော့ ဒါပထမဦးဆုံး အကြိမ်တွေ့ကြုံရတာပေါ့နော်။ အရင်ကတော့ သတင်းထောက်တွေ ထိခိုက်တာ၊ ဒဏ်ရာ၇တာတွေ စစ်မြေပြင်မှာတွေ ရှိခဲ့မယ်၊ ရိုးရိုး ဒီလိုမျိုး မြို့ပြမှာ လူတွေ အေးချမ်းစွာနေတဲ့နေရာမှာ သေတာက ပထမဦးဆုံးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။ ဒီလိုမျိုးတွေ ဆက်တိုက်ဖြစ်ရင်တော့ လွတ်လပ်စွာ သတင်းရေးသားမှုနဲ့ ပတ်သက်ပြီးတော့ ထိခိုက်မှုတွေရှိလာနိုင်တယ်။ အဲဒီတော့ ဒီအပေါ်မှာ တာဝန်ရှိတဲ့ လူတွေအနေနဲ့ ဒီဖြစ်စဉ်ကို မှန်မှန်ကန်ကန်စုံစမ်းပြီးတော့ အမြန်ဆုံးဖော်ထုတ်နိုင်ရင်တော့ ကျနော်တို့အနေနဲ့ ဒီအပေါ်မှာ သတင်းလွတ်လပ်ခွင့်ကို ဆက်လက်ပြီးတော့ ကာကွယ်စောင့်ရှောက်လို့ရတယ်။ မဖော်ထုတ်နိုင်ရင်တော့ ကျနော်တို့ သတင်းလွတ်လပ်ခွင့်က ထိပါးနှောက်ယှက်မှုတွေ ရှိနေပြီဆိုတာကို ပြသလိုဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဒါကို အမြန်ဆုံးဖော်ထုတ်သင့်တယ်လို့ ပြောချင်ပါတယ်။”

ကိုစိုးမိုးထွန်းသေဆုံးမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာစာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ က သေချာစုံစမ်းဖော်ထုတ်ပေးဖို့ ဒီဇင်ဘာ ၁၃ ရက်နေ့က ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့ပါသေးတယ်။မနေ့ညနေပိုင်းက ကိုစိုးမိုးထွန်းမိသားစုနေအိမ်ကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သွားရောက်ပြီးအမှုမှန်ပေါ်ပေါက်အောင် အစွမ်းကုန်ဆောင်ရွက်မယ်လို့ ကတိပေးစကားပြောဆိုသွားပါသေးတယ်။လက်ရှိအချိန်မှာ မုံရွာရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ဆောင်ရွက်ထားပြီး အထူးအဖွဲ့ဖွဲ့ပြီးစုံစမ်းစစ်ဆေးနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG