သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းတောင် လယ်သမားတွေကို အစိုးရ လျော်ကြေး ထပ်ပေး


ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ပံတောင်း ဒေသခံပြည်သူများ တွေ့ဆုံစဉ်။ ( မတ်လ ၁၃၊ ၂၀၁၃)
ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ပံတောင်း ဒေသခံပြည်သူများ တွေ့ဆုံစဉ်။ ( မတ်လ ၁၃၊ ၂၀၁၃)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်း တောင်ဒေသမှာ ကြေးနီစီမံကိန်း အကောင်အထည်ဖော်ဆောင်ရေး တွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အတွက် မြေယာလျော်ကြေးတွေ တတိယအကြိမ်မြောက် ထုတ်ပေးနေတယ်လို့ လက်ပံတောင်းစုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအပေါ်မှာ အကောင်အထည်ဖော်ဆောင်ရေးကော်မတီက အတွင်းရေးမှူး က ပြောပါတယ်။ မြေယာလျော်ကြေးတွေကို အရင်ကထက် အနည်းငယ် တိုးမြှင့် ထုတ်ပေးနေပေမဲ့လည်း မြေယာလျော်ကြေးတွေ သွားမထုတ်သေးတဲ့ သူတွေလည်း ရှိတယ်လို့ လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြမှာပါ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်တဲ့နေရာနားမှာရှိတဲ့ ရွာတွေကို မြေယာလျော်ကြေးတွေ ထုတ်ပေးခဲ့တာ အခုတစ်ကြိမ်ဟာဆိုရင် တတိယအကြိမ်ဖြစ်ပြီးတော့ ဒေသခံတောင်သူတွေအတွက် မြေယာလျော်ကြေးတွေကိုလည်း အကောင်အထည်ဖော်ရေး ကော်မတီက တိုးမြှင့်ပေးနေတယ်လို့ အဲဒီကော်မတီရဲ့ အတွင်းရေးမှူး ဦးတင်မြင့်က ဗီအိုအေ ကို ပြောပါတယ်။

“ဒေသခံလူထုက တိုးပေးဖို့ပြောတဲ့အတွက်ကြောင့် အခု ထပ်ပြီးတော့ တိုးပေးတာဖြစ်ပါတယ်။ (၄.၆) ဘီလီယံထပ်ပြီးတော့ တိုးပေးတယ်။ ထပ်ပြီးတော့မှ လက်ပံတောင်းတောင်က မြေယာသိမ်းဆည်းမှုကြောင့် နစ်နာတဲ့လယ်သမားတွေအတွက် ထပ်ပြီး တိုးပေးတာဖြစ်ပါတယ်။ အဲဒါလည်း ကျနော်တို့ အစီရင်ခံစာထဲမှာ ပါပြီးဖြစ်ပါတယ်။”

အခုတိုးပေးလိုက်တဲ့ မြေယာလျော်ကြေးတွေထဲမှာ လယ်မြေတစ်ဧကကို ၁၂ သိန်း၊ ယာမြေ ဦးပိုင် ပေါက်ဈေး တစ်ဧကကို ကျပ် ရှစ်သိန်း၊ ယာမြေ ဦးပိုင်မပေါက်ကို တစ်ဧက သုံးသိန်းနှုန်းနဲ့ မြေယာ ထောက်ပံ့ကြေးတွေ ပေးအပ်နေတာဖြစ်တယ်လို့ လက်ပံတောင်းစုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ အကောင်အထည်ဖော်ဆောင်ရေးကော်မတီက ပြောပါတယ်။
လယ်မြေနဲ့ယာမြေလျော်ကြေးတွေအပြင် ကော်မတီအနေနဲ့ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ရွာဟောင်းက စွန့်ခွာလာတဲ့ ရွာသစ်ပြောင်းရွှေ့ ပြည်သူတွေ အဆင်ပြေရေးအတွက်လည်း လမ်းဖောက်ပေးတာ၊ ကျောင်းဆောက်ပေးတာတွေလည်း တောက်လျောက်လုပ်ပေးခဲ့တယ်လို့ ဦးတင်မြင့်က ပြောပါတယ်။

“ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပမ်းဆက်သွယ်ရေး - ကျနော်တို့ရွာတွေအကုန်ဆင်းပြီး လုပ်ပေးတယ်။ သောက်သုံးရေ ရရှိရေးကအစ၊ ပညာရေးဆိုရင် မူကြိုကျောင်းတွေအထိ ဖွင့်ပေးတယ်။ မူလတန်းကျောင်းတွေ ပြင်ပေးတယ်။ နောက်တစ်ခု ဆေးရုံဆေးခန်းလုပ်ပေးတယ်။ နောက်တစ်ခု စာကြည့်တိုက်တွေလုပ်ပေးတယ်၊ စသဖြင့်လုပ်ပေးတဲ့အပြင် ပြောင်းရွှေ့တဲ့သူတွေအတွက် ပြောင်းရွှေ့စရိတ်တွေပေးတယ်။ နောက်တစ်ခါ အိမ်တွေပြန်ဆောက်ပေးတယ်။ ဝက်မှေး၊ တုံတော၊ ဆည်တဲ၊ ဇီးတော ရွာသစ်တွေကို။ ရွာသစ်တွေမှာလည်း လမ်းတွေဖောက်ပေးတယ်။ ဘုန်းကြီးကျောင်းမှာ ဘဒ္ဒသိမ်ဂရံ၊ စသဖြင့် သိမ် ဒါတွေကအစ အကုန်လုပ်ပေးတယ်။”

တစ်ဘက်မှာတော့ လက်ပံတောင်းဒေသခံ ပြည်သူအချို့ဟာ စီမံကိန်း လုံးဝရပ်ဆိုင်းပေးရေးအတွက် ကန့်ကွက်ဆန္ဒပြမှုတွေလည်း တောက်လျှောက်လုပ်နေပြီး စီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီကပေးတဲ့ မြေလျော်ကြေးတွေကိုမယူဘဲ စီမံကိန်းအကောင်အထည်ဖော်မယ့် ရွာဟောင်းတွေမှာပဲ ဆက်နေနေတယ်လို့လည်း လက်ပံတောင်းအရေး တက်ကြွ လှုပ်ရှားသူ ကိုဘထူးက ပြောပါတယ်။

“အဲလိုတိုးပေးတာနဲ့ပတ်သက်ပြီးတော့ တချို့ဒေသခံပြည်သူတွေက အရင် မြေယာလျော်ကြေး ဆယ်သိန်း၊ ဒေါ်အောင်ဆန်းစုကြည်လာပြီးတဲ့နောက်ပိုင်းမှာ ပေးတဲ့ဆယ်သိန်းကိုထုတ်ပြီးသား လူတွေကတော့ အခု ထုတ်ပြီးတဲ့ပိုက်ဆံကိုပဲ သွားပြီးတော့ ထုတ်ကြတယ်ခင်ဗျ။ နဂိုရ်ထဲက ပိုက်ဆံတပြားတချပ်မှ မထုတ်ဘဲနဲ့ ဆက်လက်ပြီးတော့ ဆန့်ကျင်နေတဲ့သူတွေကတော့ အခုအချိန်အထိ တစ်ကျပ်မှ မထုတ်ဘဲနဲ့ ဆက်လက်ပြီးတော့ ဆန့်ကျင်နေတုန်းပါပဲခင်ဗျ။”

လက်ပံတောင်းတောင် ဒေသတွင်းမှာရှိတဲ့ ဝက်မှေး၊ မိုးကြိုးပြင်၊ ဆည်တဲ၊ တုံတောကျောင်း၊ ဇီးတော၊ အလယ်ရွာ စတဲ့ ရွာဟောင်းတွေက ဒေသခံတွေထဲက အချို့ကတော့ မြေယာလျော်ကြေးတွေ လုံး၀ သွားမထုတ်ဘဲ သူတို့ရွာတွေမှာဆက်ပြီး နေနေဆဲဖြစ်တယ်လို့ ကိုဘထူးက ပြောပါတယ်။ မြေယာလျော်ကြေးတွေယူပြီး အချို့က ရွာသစ်တွေကို ပြောင်းရွှေ့သွားတဲ့အတွက် လျော်ကြေးမယူဘဲ ရွာဟောင်းတွေမှာ ဆက်နေတဲ့လူတွေအတွက်တော့ နောက်ပိုင်းမှာ စိုးရိမ်စရာအခြေအနေရှိပြီး အာဏာပိုင်တွေဘက်က ဘယ်လို တုံ့ပြန်လာမလဲဆိုတာ စောင့်ကြည့်ရမယ့်အနေအထားဖြစ်တယ်လို့ ကိုဘထူးက ပြောပါတယ်။

“ကျနော်တို့ အခုနိုင်ငံရေးအခြေအနေအရ ပြန်ကြည့်မယ်ဆိုရင် ဗမာပြည်မှာ သမီးကလေးရွာကိုလည်း ဘာမှမဆိုင်ဘဲနဲ့ ဝင်ပြီး ဖျက်ဆီးလိုက်တယ်။ တောင်ဒဂုံစက်မှုဇုန်ဘက်မှာလည်း ၁၂ လပိုင်း၊ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ရွှေ့ပေးရမယ်၊ မရွှေ့ပေးရင် ဘူဒိုဇာနဲ့ထိုးမယ်ဆိုတော့လည်း လက်ပံတောင်းတောင်ဒေသက ပြည်သူလူထုအတွက်လည်း စိုးရိမ်စိတ်တွေ ဖြစ်လာနိုင်ပါတယ်။ လက်ပံတောင်းဒေသက ပြည်သူလူထုကလည်း နေ့မအိပ်၊ ညမအိပ် စိုးရိမ်စိတ်တွေနဲ့ အလှည့်ကျ ကင်းစောင့်ပြီး နေနေရတဲ့အနေအထားမျိုးတွေ ဖြစ်တယ်ပေါ့။”

လက်ပံတောင်းတောင်ဒေသမှာရှိတဲ့ ဒေသခံတောင်သူတွေကို ၂၀၁၀ တုန်းက ပထမတစ်ကြိမ်၊ ၂၀၁၃ မှာ ဒုတိယအကြိမ်နဲ့ အခု ၂၀၁၄ ဖေဖော်ဝါရီလ ၃ ရက်နေ့ကစပြီး မြေဧက (၁၀၇၉ .၃၅) ဧက အတွက် တောင်သူပေါင်း (၃၆၉) ဦးကို ငွေကျပ် (၇၀၂၆.၇၂) သိန်း ထုတ်ပေးပြီး ဖြစ်တယ်လို့ အစိုးရပိုင်သတင်းစာတွေထဲမှာ အကောင်အထည်ဖော်ရေးကော်မတီက တရားဝင် ကြေညာထားပါတယ်။

ပထမအကြိမ် မြေယာလျော်ကြေးတွေနဲ့ ဒုတိယအကြိမ် မြေယာလျော်ကြေးတွေ ကို လက်ပံတောင်းတောင် ကြေးမီစီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ တရုတ်ဝမ်ပိုင် ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်တို့က လျော်ကြေး ထုတ်ပေးတာဖြစ်ပြီး အခု တတိယအကြိမ် မြေယာ လျော်ကြေးထုတ်ပေးတာ ကိုတော့ မြန်မာစီပွားရေး ဦးပိုင်ကုမ္ပဏီက ထုတ်ပေးတာဖြစ်တယ်လို့ အကောင်အထည်ဖော်ရေးကော်မတီက အတည်ပြု ပြောဆိုပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ စီမံကိန်း အလုံးစုံ ရပ်စဲဖို့ မကြခဏ ကန့်ကွက်ဆန္ဒဖော်ထုတ်တာတွေကို အဲဒီဒေသမှာ လုပ်လေ့ရှိပြီး လက်ရှိ အချိန်မှာတော့ ဆန္ဒထုတ်ဖော်မှုတွေကို ခေတ္တဆိုင်းငံ့ထားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်ခင်ဗျား။
XS
SM
MD
LG