သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် နိုင်ငံရေးပါတီတွေ ကြိုညှိ


တနိုင်ငံလုံးအပစ်ရပ်ရေး ခြေလှမ်းသစ်အဖြစ် နိုင်ငံရေးပါတီပေါင်း ၅၀ ကျော် တွေ့ဆုံဆွေးနွေးကြစဉ်။ (စက်တင်ဘာ ၁၃၊ ၂၀၁၄)
တနိုင်ငံလုံးအပစ်ရပ်ရေး ခြေလှမ်းသစ်အဖြစ် နိုင်ငံရေးပါတီပေါင်း ၅၀ ကျော် တွေ့ဆုံဆွေးနွေးကြစဉ်။ (စက်တင်ဘာ ၁၃၊ ၂၀၁၄)

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်နိုင်ဖို့ ငြိမ်းချမ်းရေး ရောင်နီသန်းစပြုလာနေချိန်မှာ ရှေ့ဆက်မယ့်ခြေလှမ်းဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေးပါတီတွေ ပါဝင်နိုင်ရေး နိုင်ငံရေးပါတီပေါင်း ငါးဆယ်ကျော် ဒီကနေ့ ပထမဆုံးအကြိမ် စုဝေးတိုင်ပင်ခဲ့ကြပါတယ်။ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပါတီတွေရဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာရင် ဘယ်လိုမှုတွေကို ကိုင်ဆွဲပြီး ဆွေးနွေးကြမလဲဆိုတဲ့ ပါတီအသီးသီးရဲ့ သဘောထားတွေကို စုစည်းခဲ့ကြတဲ့ ပါတီစုံတွေ့ဆုံပွဲ အသေးစိတ် မဆုမွန် တင်ပြပေးထားပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့ စနေနေ့ ရန်ကုန်မြို့မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပါတီ ၆၇ ပါတီကို ဖိတ်ကြားပြီး အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ ပါဝင်ကြမယ့် “Politcal Dialogue” နိုင်ငံရေးဆွေးနွေးပွဲမှာ ဘယ်လိုမူဘောင်တွေနဲ့ နိုင်ငံရေး ပါတီတွေ တစုတစည်းတည်း ရပ်တည် ဆွေးနွေးကြမလဲဆိုတာတွေကို အဓိက ဆွေးနွေးကြတာဖြစ်ပါတယ်။ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း The Nationalities Brotherhood Federation (NBF) နဲ့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်The Federal Democratic Alliance (FDA) တို့ ဦးဆောင်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာတဲ့အခါ နိုင်ငံရေးပါတီအင်အားစုတွေရဲ့ မတူကွဲပြားတဲ့အမြင်တွေကနေ တူညီတဲ့ နိုင်ငံရေးမူဘောင်တွေ ချမှတ်နိုင်ရေး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ပထမဆုံးအကြိမ် ပါတီပေါင်း ၅၆ ပါတီက ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြတဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ အဓိက အရေးကြီးတဲ့ နိုင်ငံရေး ပါတီတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထားဆွေးနွေးခဲ့ကြတယ်လို့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့က ပါတီပေါင်းစုံ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ (Federal Union Party-FUP) ဖက်ဒရယ်ပြည်ထောင်စုပါတီရဲ့ ဒုဥက္ကဋ္ဌ (၂) ဦးစောသန်းမြင့်က VOA မြန်မာပိုင်းကို အခုလိုပြောပါတယ်။

“Nationawide Cease Fire အပစ်ရပ်လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့က နိုင်ငံရေးပါတီရဲ့ အခန်းကဏ္ဍက တအားကို အရေးကြီးလာတဲ့ ကဏ္ဍ ဖြစ်လာမှာပေါ့နော်။ အဲဒီတော့ ကျနော်တို့ နိုင်ငံရေးပါတီတွေဟာ ဘယ်လို လုပ်ကြမလဲဆိုတဲ့ ပါတီခေါင်းဆောင်အားလုံးရဲ့ သဘောထားကို အလွတ်သဘော ဆွေးနွေးကြတဲ့အစီအစဉ် ဖြစ်ပါတယ်ဗျ။ ဒီနေ့ ပထမနေ့ပေါ့နော်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတဲ့နောက်ပိုင်းမှာ ကျနော်တို့က အားလုံးတူညီတဲ့ Frame Work ကို အရင်ညှိနှိုင်းရအုံးမယ်လေ။ ဒီကြားထဲမှာ Frame Work မညှိနှိုင်းရသေးတာ ရှိတယ်။ နိုင်ငံရဲ့ ရှေ့ဆက်သွားမယ့် မူဘောင်ပေါ့။ Frame Work ကို အားလုံးသဘောတူပြီ၊ ညှိနှိုင်းပြီးပြီဆိုရင် အားလုံးက သဘောတူ ညှိနှိုင်းပြီးပြီဆိုရင် Political Dialogue ကို သွားလို့ရမှာပေါ့နော်။ တဆင့်ချင်း လုပ်ရတဲ့ကိစ္စ ဖြစ်ပါတယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် Political Dialogue ကိုသွားဖို့ အတွက် နံပါတ် အဆင့်တစ်က NCA မှာ အရင်လက်မှတ်ထိုးရမယ်။ National Cease Fire အဖွဲ့ကို အရင်လုပ်ရမယ်။ လက်မှတ်ထိုးရမယ်။ ပြီးရင် ကျနော်တို့အားလုံးရဲ့ Frame Work ကို ညှိရမယ်၊ UPWC ရဲ့ Frame Work ရှိတယ်။ အခုလက်ရှိ NCCT ရဲ့ Frame Work ရှိတယ်။ အဲဒီတော့ ကျနော်တို့ နိုင်ငံရေးပါတီ အားလုံးကလည်း အားလုံးရဲ့ သဘောတူညီနိုင်တဲ့ Frame Work မျိုးကို ကျနော်တို့က ကြိုပြီးတော့ ညှိနှိုင်းရင် ကောင်းမလားဆိုပြီးတော့ ဒီနေ့ အလွတ်သဘော ဆွေးနွေးတဲ့ ပထမနေ့ဆွေးနွေးပွဲ ဖြစ်ပါတယ်ခင်ဗျ။”

နိုင်ငံရေးပါတီတွေ အားလုံး စုဝေးတွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဘယ်လိုအချက်တွေကို ထည့်သွင်းဆွေးနွေးကြမလဲဆိုတဲ့ နိုင်ငံရေးပါတီ အသီးသီးရဲ့ သဘောထား၊ နောက် ရှေ့ဆက်လုပ်ဆောင်ရမယ့် အချက်တွေကို စုစည်းပြီး အမြင်သဘောထားတွေ ဖလှယ်ဆွေးနွေးမှာဖြစ်တယ်လို ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ဆိုပါတယ်။

“၆၇ ပါတီလုံးတက်အောင် ကြိုးစားပြီးတော့ ဖိတ်သွားဖို့လည်း သဘောတူကြတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးအုပ်စုတွေအနေနဲ့ တသံတည်း ထွက်နိုင်အောင် အတတ်နိုင်ဆုံး ကျနော်တို့က ပါတီအများစုက နိုင်ငံရေးအမြင်ရှိရှိနဲ့ လက်တွဲခေါ်ပြီးတော့ စုပေါင်းလုပ်ကြဖို့ ဆိုတာကိုပဲ အားသန်ပြီးတော့ အားလုံးက သဘောထား ပေးကြပါတယ်။ ပါတီတိုင်းလိုလိုကပဲ၊ ကျန်တဲ့ပါတီတွေ၊ မတက်ရောက်နိုင်သေးတဲ့ပါတီတွေ၊ တက်ရောက်ခွင့်မရသေးတဲ့ ပါတီတွေအားလုံးကို ဖိတ်ပြီးတော့ ဆက်လက်ဆောင်ရွက်သွားမယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အကုန် ပါဝင်နိုင်အောင်လို့ ဆောင်ရွက်ဖို့ ရှိပါတယ်။ ၂၆၊ ၂၇ လောက်မှာလည်း ကျနော်တို့ အစိုးရအဖွဲ့ရယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရယ်၊ နိုင်ငံရေးပါတီတွေရယ် ဆွေးနွေးဖို့ ရှိတယ်လို့ ကျနော်တို့ သိထားတော့ကာ အားလုံးကိုတော့ ဖြစ်နိုင်အောင်တော့ ကြိုးစားပြီးတော့ ဖိတ်ကြားသွားဖို့ ရှိပါတယ်။

“အပစ်အခတ်ရပ်စဲရေး အချက် လေးချက်ကျန်တာရယ်ကို ဆွေးနွေးပြီးလို့ ရှိရင်တော့ဖြင့် စစ်ဘက်ဆိုင်ရာ၊ အရပ်ဘက်ဆိုင်ရာ၊ နိုင်ငံရေးဘက်ဆိုင်ရာ- အဲဒါတွေအားလုံး ကြေလည်သွားပြီဆိုလို့ရှိရင်တော့ Political Dialogue ဖြစ်ဖို့ လမ်းစက ပွင့်သွားပြီပေါ့ဗျာ။ -- ဆွေးနွေးတာကို စောင့်ကြည့်ရမှာပေါ့ဗျာ။ အဲဒါပြီးပြီ၊ အောင်မြင်ပြီဆိုရင်တော့ Political Dialogue ရဲ့ လမ်းစတော့ သေချာပေါက် ပေါ်ပြီပေါ့ဗျာ။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကြား တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး အလားအလာကောင်းတွေအရ ဖြစ်ပေါ်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် နိုင်ငံရေးပါတီတွေဘက်က ကြိုတင်ပြင်ဆင်ထားကြတာဖြစ်တယ်လို့လည်း ကျားဖြူပါတီကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးစောသန်းမြင့်က ဆိုပါတယ်။

“လောလောဆယ် အကြမ်းဖျင်း အုပ်စုကြီး သုံးစုရှိတာပေါ့နော်။ NCCT တိုင်းရင်းသားလက်နက်ကိုင်အုပ်စုရယ်၊ အစိုးရအဖွဲ့ရယ်။ နောက်ပြီးတော့ ကျနော်တို့ နိုင်ငံရေးပါတီတွေရယ်ဆိုပြီးမှ အစုအဖွဲ့အနေနဲ့က လတ်တလော သုံးဖွဲ့ရှိတယ်။ အဲဒီတော့ NCCT ကလည်း တော်တော်များများ ညီညွတ်နေပြီ၊ Frame Work တော့ ရှိထားပြီးပြီ။ UPWC ကလည်း သူတို့ဆွဲထားတဲ့ Frame Work ရှိနေပြီ။ အဲဒီတော့ ကြိုးစားနေဆဲဖြစ်စေ၊ ရှိပြီးသားဖြစ်စေ ကျနော်တို့ အားလုံးက နိုင်ငံရေးပါတီတွေအားလုံး၊ ပါတီအကြီးရော၊ အငယ်ကော၊ အလတ်ကော အကုန်လုံးသဘောတူနိုင်တဲ့ Frame Work ကို ကျနော်တို့က ညှိနှိုင်းချင်တာပေါ့နော်။ နိုင်ငံရေးပါတီအားလုံးက အားလုံးတူညီတဲ့ဆန္ဒနဲ့ Frame Work ကို ဆွဲချင်တယ်။ အဲဒါကြောင့်မို့လို့ အခု အကြို အလွတ်သဘော ဆွေးနွေးခြင်း ဖြစ်ပါတယ်ခင်ဗျ။”

နိုင်ငံရေးပါတီပေါင်းစုံတွေ့ဆုံနေကြတဲ့ အခုနိုင်ငံရေးဆွေးနွေးပွဲအတွက် ကြိုတင် အလွတ်သဘောဆွေးနွေးပွဲကို စက်တင်ဘာ ၁၃ နဲ့ စက်တင်ဘာ ၁၄ နှစ်ရက် ဆက်တိုက် ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ ရရှိလာတဲ့အမြင်သဘောထားတွေ၊ နိုင်ငံရေးမူဘောင် သဘောတူညီချက်တွေကိုလည်း ချပြသွားမှာဖြစ်ပြီး ပါတီစုံပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်တိုက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG