သုံးရလွယ်ကူစေသည့် Link များ

ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ် ၆,၀၀၀ ကျော် စာရင်းသွင်း


ရွေးကောက်ပွဲ ကော်မရှင် အမှတ်တံဆိပ် (ဓာတ်ပုံ-ရွေးကောက်ပွဲကော်မရှင်)

လာမယ့် အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်လောင်း ၆,၀၀၀ ကျော် အမည်စာရင်းတင်သွင်းထားပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာတွေကို စိစစ်ရာမှာ မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် ဖြစ်စေရေးအတွက် စိစစ်ချိန်မှာ ကိုယ်စားလှယ်လောင်းတွေကိုယ်တိုင် သွားရောက်ဖို့အတွက်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းတာကို ဒီလ သြဂုတ် ၁၄ နေ့မှာ နောက်ဆုံးသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ သောကြာနေ့က စာရင်းပိတ်ပြီးချိန်မှာ နိုင်ငံရေးပါတီအသီးသီးက တင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသိန်းဦးက အခုလို ပြောပါတယ်။

“ကိုယ်စားလှယ်လောင်းတင်သွင်းတာက အားလုံးပေါင်း ၆,၁၈၉ ယောက်၊ ပြည်သူ့လွတ်တော်က ၁,၇၇၂ ၊ အမျိုးသားလွတ်တော်က ၉၁၃၊ တိုင်းဒေသကြီးပြည်နယ်က ၃,၃၄၁ ။”

တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်ပေါင်းကတော့ ၁၆၃ ဦးတို့ဖြစ်တယ်လို့ ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီလ ၁၆ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရာမှာ အချို့မဲဆန္ဒနယ်မြေတွေမှာ နယ်မြေတစ်ခုတည်းအတွက် နိုင်ငံရေးပါတီတစ်ခုကို ကိုယ်စားပြု၍ အမည်စာရင်းတင်သွင်းသူ နှစ်ဦး ရှိနေကြောင်းနဲ့ တချို့ ကိုယ်စားလှယ်လောင်းတွေကတော့ မဲဆန္ဒနယ်တခုမှာ အရွေးခံဖို့အမည်တင်သွင်းပြီးမှ ဒီတင်သွင်းလွှာကို ရုပ်သိမ်းပြီး အခြား မဲဆန္ဒနယ်မှာ အမည်စာရင်း ထပ်မံတင် သွင်းမှုတာတွေလည်း ရှိနေကြောင်း ဖော်ပြထားပါတယ်။

ဒီအတွက် ကိုယ်စားလောင်းစိစစ်တာတွေကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေမှာသြဂုတ်လ ၁၈ ရက်ကနေ ၂၇ ရက်နေ့အထိ ဆောင်ရွက်မှာဖြစ်ပြီး ဒီလို စိစစ်ချိန်မှာ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကိုယ်တိုင်လာရောက်ကြဖို့အတွက်လည်း ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားပါတယ်။

“အဓိက ကတော့ တချို့ ကျတော့လည်း ပထမ တနေရာတင်တယ်။ ပြန်ရုပ်ပြီးတော့မှ နောက်တနေရာတင်တာ ဒါမျိုးတွေလည်း ရှိတာကိုး။ အဲလိုရှိနေတဲ့အခါကျတော့ ဒါသူတို့တွေအနေနဲ့ မြန်မြန်ဆန်ဆန် ပြီးအောင်ရယ်၊ နောက်ပြီးတော့ နစ်နာမှုမရှိအောင်ရယ်ပေါ့နော်။ ကိုယ်စားလှယ်လောင်းတွေအနေနဲ့။ ဒါကြောင့်မို့လို့ စီစစ်တဲ့နေရာကို တက်နိုင်သမျှ ကိုယ်တိုင်သွားရောက်ပြီးတော့ ဆောင်ရွက်ဖို့ဆိုပြီးတော့ စာလေးတွေ နှိုးဆော်ထားတာပါ။”

လွှတ်တော်ကိုယ်စားလှယ်တင်သွင်းလွှာရုပ်သိမ်းရက်ကိုတော့ သြဂုတ်လ ၁၇ ရက်နေ့ကို သတ်မှတ်ထားပေမဲ့ လောလောဆယ်မှာ ခရိုင်ကော်မရှင်ခွဲတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကို တင်ပြလာတာမရှိသေးကြောင်း ပြောပါတယ်။

ဒီလကုန်မှာ ထုတ်ပြန်ဖို့ရှိနေတဲ့ အခြေခံမဲဆန္ဒရှင်စာရင်းတွေကိုတော့ ရေဘေးသင့်ဒေသတွေမှာ အတည်ပြုဖို့ အခက်အခဲတချို့ရှိနေတာကြောင့် ထုတ်ပြန်မယ့်ရက် ပြောင်းရွှေ့ကောင်း ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမှာ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက လွှတ်တော်နေရာ အသီးသီးအတွက် ကိုယ်စားလှယ်လောင်း ၁,၁၃၉ ဦးတင်သွင်းထားပြီး ပါတီတွင်း ခေါင်းဆောင်အပြောင်းအလဲမဖြစ်ခင်က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းစာရင်းအတိုင်း မပြင်ဆင်ဘဲ ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

လက်ရှိ အင်အားကြီး အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁,၁၃၈ ဦး အမည်စာရင်း တင်သွင်းထားပါတယ်။ NLD ပါတီအတွင်းမှာတော့ ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ကန့်ကွက်တာတွေရှိခဲ့တာကြောင့် ရွေးချယ်ထားတဲ့ကိုယ်စားလှယ်လောင်းတချို့ကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။

မြန်မာပြည်မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ၁,၉၉၀ ပြည့်နှစ် ကျင်းပချိန်က ပါဝင်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း ၂,၃၀၀ နီးပါးရှိခဲ့ပြီး လွန်ခဲ့တဲ့ ၂၁၀၀ ရွေးကောက်ပွဲမှာတော့ ကိုယ်စားလှယ်လောင်း ၃,၀၀၀ ကျော်ရှိခဲ့တာကြောင့် လာမယ့်ရွေးကောက်ပွဲဟာ ကိုယ်စားလှယ်လောင်း အများဆုံး ပါဝင်ယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲတခုလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG