သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆိုင်ကယ်သမား ၂ ဦး တရုတ်တောင်ပိုင်းကို ရောက်ပြီ


Motourlogue in Shangrila, China
Motourlogue in Shangrila, China

မြန်မာ ကနေ ဗြိတိန်နိုင်ငံထိ မိုင်ပေါင်း သုံးသောင်း နီးပါး မော်တော်ဆိုင်ကယ်နဲ့ ခရီးရှည် မောင်းနှင်နေတဲ့ မြန်မာနိုင်ငံသား နှစ်ဦးဟာ အခု တရုတ်နိုင်ငံ အနောက် တောင်ပိုင်း စီချွမ်ပြည်နယ်ကို ရောက်နေပါပြီ။

ရန်ကုန်မြို့ကနေ စထွက်လာတဲ့ အချိန်ကနေအခု သတင်း နှစ်ပတ်ကြာရှိလာပြီနောက် Motorlouge ခရီးသွားနှစ်ဦးရဲ့ နောက်ဆုံးအခြေအနေနဲ့ အတွေ့အကြုံတွေကို မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

မေလ ၂၆ ရက်နေ့ ရန်ကုန်မြို့ကနေ စတင်ထွက်ခွာလာတဲ့ Motorlogue ခရီးသွားအဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွန်ဖ တို့ဟာ ဇွန်လ (၁၁)ရက်နေ့ မနေ့က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ကို ရောက်ရှိနေပါပြီ။ လမ်းခရီးစဉ် တထောက် ခဏနားခိုက်မှာ သူတို့ကို အားပေးစောင့်ကြည့်နေသူတွေကို Motorlogue Facebook ဗွီဒီယိုကနေ အခုလို နှုတ်ဆက် ခဲ့ကြပါတယ်။

“ကျနော်တို့ ဒီနေ့ဆိုရင် ၂ ပတ်ပြည့်သွားပါပြီ ကျနော်တို့ မြန်မာပြည်ကထွက်လာတာ။ ဘာတွေလွမ်းသလဲဆိုတော့ အစားသောက်တွေအစ လွမ်းလာပြီ။တခါလာလည်း ဒီအစားအသောက်ပဲဖြစ်နေတယ်။ ပေါက်စီရယ် ၊ ပဲနို့ရည်ရယ်၊ ကန်ဇွန်းဥ ဒါမှမဟုတ် အာလူးရယ် ၊ မြီးရှည်လိုမျိုးခေါက်ဆွဲရယ် ၊ မြန်မာပြည်က ရှမ်းခေါက်ဆွဲလိုမျိုး အဲဒါလေးတွေစားတယ်။”

စီချွမ်ပြည်နယ် မရောက်ခင် သူတို့ ဖြတ်သန်းမောင်းနှင်ခဲ့တဲ့ ယူနန်ပြည်နယ် အနောက် မြောက်ပိုင်း တိဗက်လူမျိုး အများစုနေထိုင်တဲ့ Shangri-La မြို့က နာမည်ကျော် ဘုရားကျောင်းသွားရောက်ခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း နှစ်ဦးလုံးက အခုလိုပြောပြပါတယ်။

“Shangri-La ပေါ့နော်။ ကျနော်တို့ အရမ်းသွားချင်တဲ့ နေရာလေး။ Shangri-La Temple အရမ်းလည်း နာမည်ကြီးတယ်။ အရမ်းလည်း သပ္ပာယ်ဖို့ကောင်းတယ်။ အတွင်းထဲမှာ ရိုက်လို့မရလို့ ကျနော်တို့ မရိုက်ထားဘူး။ ဘုန်းကြီးကျောင်းကတော့ တိဗက်ဘုန်းကြီးကျောင်း ။ သူတို့ကတော့ တိဗက် -တရုတ် လူမျိုးတွေပေါ့နော် ၊ မီးတွေဘာတွေနဲ့ တော်တော်လေး ရွှေရောင်တောက်ပလို့ အထဲမှာ။ အဲဒီမှာ ကျနေ်ာတို့ သူတို့ခေါင်းလောင်းကို ၃ ပတ် လှည့်ရတယ်။ လာဘ်ကောင်းအောင်ဆိုပြီးတော့ အဲဒါလေးလုပ်ကြတယ်။”

စီချွမ်ပြည်နယ်က တိဗက်လူမျိုးတွေ နေထိုင်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ Yading မြို့ ရဲ့ အကြောင်း၊ အစားအသောက်၊ ရာသီဥတုအတွေ့အကြုံတွေကို ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွန်ဖ တို့နှစ်ဦးလုံးက ဗွီဒီယိုကနေ အခုလိုပြောပြပါတယ်။

“ စိုင်းဇွန်ဖ- မြန်မာပြည်မှာ စီချွမ် နဲ့ ပတ်သက်လို့ ကျနော်တို့ သိတာကတော့ စီချွမ် chili ၊ Chicken fried တို့ ဘာတို့ ။ ကိုအောင်ကျော်ဝင်း- မနေ့ကကျနော်တို့ စီချွမ်မှာတော့ ညနေကရောက်တော့ မြို့လေးကတော့ တော်တော်လေးချစ်ဖို့ကောင်းတယ်။ မြစ်ကမ်းလေးနားမှာ အဲဒီမှာကျနော်တို့ ညစာကတော့ အကင်လေးတွေပဲ စားကြတယ်။ ညနေကျတော့ နားတယ်။ ဒါပေမယ့် မနေ့က စပြီးတော့ နှစ်ယောက်စလုံး အေးလို့လားတော့မသိဘူး ၊ အေးတဲ့အထဲမှာ စီးရလို့၊ ဖြစ်ချင်တော့ ကျနော်ရဲ့ အပူပေးအခင်းကလည်း တပ်လို့မရ။ အဲဒါကတော့ တော်တော်လေးဖြေရှင်းရမယ်။ ရှေ့လျောက်ကတော့ အဲဒီနေရာတွေကို တောက်လျောက်သွားမယ်ဆိုတော့။ စိုင်းဇွန်ဖ- ကျနော်ကလည်း စီချွမ် chili တွေစားလိုက်တော့ နည်းနည်းအခြေအနေမကောင်းဘူး ဆေးတွေသောက်ထားရတယ်။ အမြင့်ပေကတော့ အခု ပေ ၉၀၀၀ ကျော် ၁၀၀၀၀ နီးပါးမှာရောက်နေပြီးတော့ အသက်ရှုရတာ သိပ်မဝသလိုဖြစ်တယ်။ ကိုအောင်ကျော်ဝင်း- မနေ့က မျက်နှာတွေဘာတွေသစ်ရင်းနဲ့ ကျနော်တို့ ရယ်စရာတွေဖြစ်သွားတယ် သူ့ဟာနဲ့သူ high ဖြစ်နေတယ် ရယ်ချင်နေတယ်။ တခုခုပြောလိုက်ရင်လည်းရယ်ချင်တယ် အဲဒါလေးကတော့ ကျနော်တို့ ဒီရက်ပိုင်းလုပ်ဖြစ်တာပေါ့နော် ။ စိုင်းဇွန်ဖ- ကျနော်တို့အားလုံး အိုကေ ပါတယ် ကျန်းမာရေး အိုကေတယ် လမ်းကြောင်းလည်း အိုကေတယ်။”

သူတို့ရဲ့ ခရီးစဉ်လမ်းကြောင်းအရ တရုတ်နိုင်ငံ မြောက်ပိုင်းကနေ မွန်ဂိုလီယားထိ ဆက်လက်မောင်းနှင်မှာဖြစ်ပြီး အဲဒီနောက် Kazakhstan နိုင်ငံဖြတ်ပြီး ရုရှားကို ဝင်ပြီးနောက် နော်ဝေ၊ ဒိန်းမတ်၊ ဂျာမနီ၊ နယ်သာလန်တို့ကတဆင့် ဗြိတိန် နိုင်ငံ လန်ဒန်ထိ မော်တော်ဆိုင်ကယ်နဲ့ ဖြတ်သန်းမောင်းနှင်ကြမှာဖြစ်ပါတယ်။

ရုရှား၊ နော်ေ၀ စတဲ့ မြောက်ဝင်ရိုးစွန်းနဲ့ နီးတဲ့ နိုင်ငံတွေဖြတ်သန်း မောင်းနှင်တဲ့အခါမှာ ရင်ဆိုင်ရနိုင်တဲ့ ရာသီဥတု၊ အစားအသောက် အနေအထားနဲ့ ပတ်သက်လို့ နော်ဝေးနိုင်ငံမှာ အခြေချ နေထိုင်နေတဲ့ မကေသီအေးက အခုလို ပြောပြပါတယ်။

“မြောက်ဝင်ရိုးစွန်းနဲ့ ပိုနီးတဲ့အတွက်ကြောင့် တနှစ်လုံးတော့ အေးတာပါပဲ။ ဒါပေမယ့် ဒီအချိန်ကတော့ အအေးဆုံးအချိန်ပေါ့နော် ။ ရုရှား ကို ဖြတ်တဲ့အချိန် သူတို့အေးမှာပဲ။ ရုရှားကနေ နော်ဝေထဲကို ဝင်မယ်ဆိုရင် နော်ဝေရဲ့ မြောက်စွန်းဘက်ကို သွားကျတယ်။ အဲဒီအခါကျတော့ မြောက်ပိုင်းမှာလည်း တော်တော်တော့အေးတယ်။ ဒါပေမယ့် ဒီအချိန်တွေမှာ ဘာရှိသလဲဆိုတော့ Midnight sun တို့ အဲဒါတွေကို မြင်နိုင်တဲ့နေရာတွေကို သူတို့ ဖြတ်လာလို့ရတယ်။ ဒီအချိန်က ဟိုမှာ နေ့တာရှည်တဲ့အချိန်ကို ဇွန်လလယ်လောက်ဆိုရင် တညလုံး နေမဝင်တဲ့အချိန်တွေရှိတယ်။ ည ၁၂ နာရီအထိ နေရောင်ကို မြင်တယ်။ နော်ဝေက အရမ်းမိုးများတဲ့အတွက် နွေမှာလည်း မိုးရွာတော့ ၊ မိုးရွာတဲ့နေ့တွေကြုံရမယ်၊ လေတိုက်တဲ့နေ့တွေကြုံရမယ်။ အဲလို မိုးရွာတဲ့နေ့တွေ လေတိုက်တဲ့နေ့တွေဆိုရင် ခရီးနည်းနည်းကြမ်းမယ်။ အစားအသောက်က အခက်အခဲနည်းနည်းဖြစ်နိုင်တယ်။ ဘာလဲဆိုတော့ မြောက်ပိုင်းတွေမှာကျတော့ ဒီက Traditional အစားအသောက်တွေနဲ့ ဟင်းသီးဟင်းရွက်တွေ အသီးအနှံတွေ နည်းတယ်။ အဲဒါတခုကတော့ သူတို့ရင်ဆိုင်ရမယ် ဒါပေမယ့် သူတို့ Russia တို့ဘာတို့ ဖြတ်လာရင်တော့ ကြုံဖူးပြီးသားတော့ဖြစ်မှာ။”

Motorlogue ခရီးသွားနှစ်ဦးဟာ အာရှကနေ ဥရောပအထိ မိုင်ပေါင်း သုံးသောင်းနီးပါးအတွက် နိုင်ငံပေါင်း ၃၀ ကျော်ကို ၅ လ ကြာ မော်တော်ဆိုင်ကယ်နဲ့ ဖြတ်သန်း မောင်းနှင်မှာဖြစ်ပါတယ်။ အခုလို ကမ္ဘာပတ် စွန့်စားမယ့် ခရီးစဉ်ဖြစ်လာတဲ့ အကြောင်းအရင်းတွေထဲ သူတို့အရင် ၁၉၅၅ခုနှစ်က ဒုတိယကမ္ဘာစစ်က ကျန်ခဲ့တဲ့ BSA ( Birmingham Small Arms Company Limited ) မော်တော် ဆိုင်ကယ်ဟောင်းတစီးနဲ့ မြန်မာကနေ ဥရောပနိုင်ငံတွေထိ မိုင်ပေါင်း ၅ သောင်းကျော် မောင်းနှင်ခဲ့တဲ့ ဦးဘတုတ်နဲ့ ဒေါ်တင်တင်စိန်တို့ ဇနီးမောင်နှံကို အားကျခဲ့တာဖြစ်ပါတယ်။ အခုခရီးစဉ်အတွက်လည်း ဒေါ်တင်တင်စိန်နဲ့ တိုင်ပင်ခဲ့ကြပါတယ်။

Motorlogue ခရီးသွားအဖွဲ့ဝင်နှစ်ဦး ရဲ့ အပြန်ခရီးစဉ်ကို တော့ အသေအချာ မသိရသေးပေမယ့် တူရကီနိုင်ငံကတဆင့် အာရှနိုင်ငံတွေဘက် ပြန်ဝင်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။ BMW အမျိုးအစား မော်တော်ဆိုင်ကယ်နဲ့ မောင်းနှင်တဲ့ သူတို့ ခရီးစဉ်အတွက် MPRL E&P စွမ်းအင်ကုမ္ပဏီကနေ အဓိက ပံ့ပိုးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG