သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ဆိုင်ကယ်သမား ၂ ဦး ဗြိတိန်ခရီးစဉ် စတင်ပြီ


့ မော်တော်ဆိုင်ကယ်မောင်းသူတွေဖြစ်တဲ့ ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွန်ဖ (ဓါတ်ပုံ- MPRL E&P Pte Ltd.)
့ မော်တော်ဆိုင်ကယ်မောင်းသူတွေဖြစ်တဲ့ ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွန်ဖ (ဓါတ်ပုံ- MPRL E&P Pte Ltd.)

မြန်မာကနေ ဗြိတိန်နိုင်ငံထိ မိုင်ပေါင်း သုံးသောင်းနီးပါး မော်တော်ဆိုင်ကယ်နဲ့ ခရီးရှည်မောင်းနှင်မယ့် မြန်မာနိုင်ငံသားနှစ်ဦးဟာ မနေ့ တနင်္ဂနွေနေ့ အစောပိုင်းက ရန်ကုန်မြို့ကနေ ရှမ်းပြည် တာချီလိတ် ထိုင်းနယ်စပ်ကို ဦးတည်ပြီး စတင်ထွက်ခွာသွားပါပြီ။

သူတို့ မတိုင်ခင် ၁၉၅၅ခုနှစ်က ဦးဘတုတ်နဲ့ ဒေါ်တင်တင်စိန်တို့ စတင်ခဲ့တဲ့ မြန်မာကနေ ဥရောပနိုင်ငံတွေထိ မိုင်ပေါင်း ၅ သောင်းကျော် မော်တော်ဆိုင်ကယ်ခရီးရှည် မောင်းနှင်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ အခုခရီးစဉ်ကို စီစဉ်ခဲ့တာဖြစ်တယ်လို့ မော်တော်ဆိုင်ကယ်မောင်းသူတွေဖြစ်တဲ့ ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွန်ဖ တို့က ပြောပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

Motourlogue ခရီးသွားအဖွဲ့လို့ နာမည်ပေးထားတဲ့ နိုင်ငံပေါင်း ၃၀ ကျော်ကို ဖြတ်သန်း မောင်းနှင်သွားမယ့် မော်တော်ဆိုင်ကယ် ခရီးစဉ်နဲ့ ပတ်သက်လို့ သောကြာနေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုအောင်ကျော်ဝင်းက အခုလိုပြောသွားပါတယ်။

“ ကျနော်တို့ တာချီလိတ်နယ်စပ်ကနေပြီးတော့ ထိုင်းကိုသွားမယ်၊ ထိုင်းကနေတဆင့် လာအို၊ ထိုင်းနဲ့လာအိုက ၁ ရက်လောက်ပဲ ကြာမယ်။ ကျနော်တို့ ဖြတ်သွားတဲ့သဘောပါပဲ။ ပြီးရင်ကျနော်တို့ China မှာ ၁၃ ရက် ၁၄ ရက်လောက်စီးရပါမယ်။ China ကနေတဆင့် မွန်ဂိုးလီးယားကို သွားမယ်။ မွန်ဂိုးလီးယားကနေတဆင့် Kazakhstan ကိုသွားမယ် သူက border ဖြစ်တဲ့အတွက် Russia ကနေ တဆင့်ဝင်ရပါမယ်။ Russia ကနေတဆင့်Kazakhstan ပြန်ဝင်ပါမယ်။ Kazakhstan ကနေRussia ကိုပြန်ဝင်ပြီးတော့ ကျနော်တို့ မော်စကိုကို ရောက်သွားပါမယ်။ ဒီခရီးစဉ်မှာတော့ တချို့ဟာလေးက အပြောင်းအလဲတော့ ရှိသွားနိုင်ပါသေးတယ်။ အဲဒီကနေ နော်ဝေးကနေတဆင့် ဒိန်းမတ် ပြီးတော့ ဂျာမနီတို့ နယ်သလန်တို့ အဲဒီကတဆင့် UK ကို သွားမယ်။ ကျနော်တို့ကတော့ UK ကို ရောက်အောင်စီးမယ်လို့ ရည်ရွယ်ထားတယ်။ UK မှာ ကျနော်တို့ အနည်းငယ်ပတ်ပါမယ် ပတ်ပြီးရင် အားလုံးအစစအရာရာ အဆင်ပြေတယ် ပြီးတော့ ကျနော်တို့ ကျန်းမာရေးတို့ ဆိုင်ကယ်တို့ဘာတို့လည်း အားလုံးအခြေအနေကောင်းတယ်ဆိုရင် ပြင်သစ်တို့ အီတလီတို့ပေါ့နော် ဥရောပနိုင်ငံတွေကို ပြန်ပြီးတော့ ဖြတ်ပါမယ်။”

အပြန်ခရီးစဉ်ကို တော့ အသေအချာ မသိရသေးပေမယ့် တူရကီနိုင်ငံကတဆင့် အာရှနိုင်ငံတွေဘက် ပြန်ဝင်ဖို့ စဉ်းစားထားကြောင်း ကိုအောင်ကျော်ဝင်းက သတင်းမီဒီယာတွေကို ပြောပါတယ်။ ဒါအပြင် သူတို့ ဖြတ်သန်းသွားမယ့် နိုင်ငံတွေရဲ့ ယဉ်ကျေးမှု၊ အစားအသောက်တွေကိုလည်း လေ့လာမှတ်တမ်းတင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုအောင်ကျော်ဝင်းနဲ့အတူ နောက်ထပ် Motourlogue ခရီးသွားတဦးဖြစ်တဲ့ စိုင်းဇွန်ဖ ကလည်း သတင်းစာရှင်းလင်းပွဲမှာ သူတို့ နှစ်ဦး မိုင်ပေါင်း သုံးသောင်းကျော် မော်တော်ဆိုင်ကယ်နဲ့ ခရီးရှည်မောင်းနှင်ဖို့ ဖြစ်လာတဲ့ အကြောင်းအရင်းထဲမှာ လွတ်လပ်ရေးရပြီးနောက် ၁၉၅၅ခုနှစ်က ဒုတိယကမ္ဘာစစ်က ကျန်ခဲ့တဲ့ BSA ( Birmingham Small Arms Company Limited ) မော်တော် ဆိုင်ကယ်ဟောင်းတစီးနဲ့ မြန်မာကနေ ဥရောပနိုင်ငံတွေထိ မိုင်ပေါင်း ၅ သောင်းကျော် မောင်းနှင်ခဲ့တဲ့ ဦးဘတုတ်နဲ့ ဒေါ်တင်တင်စိန်တို့ ဇနီးမောင်နှံကို အားကျပြီး ဂုဏ်ပြုတာဖြစ်ကြောင်းနဲ့ သူတို့ရဲ့လုပ်ရပ်ဟာ ဒီကနေ့ ခေတ် လူငယ်တွေအနေနဲ့ သူတို့လို စွန့်စားကမ္ဘာပတ်လိုစိတ်တွေ ဖြစ်လာခဲ့ရတယ်လို့ ဆိုပါတယ်။

“၁၉၅၅ နောက်ပိုင်းမှာ ဒီလောက် ပျော်စရာတွေကောင်းတယ် ဒီလောက်အတွေ့အကြုံတွေရတဲ့ခရီးကို ဘာကြောင့် ဘယ်သူမှ မထွက်ခဲ့သလဲဆိုတာကိုတော့ ကျနော်တို့ တော်တော်လေး စိတ်ဝင်စားမိတယ်။ ဘာကြောင့်မထွက်ကြသလဲ အဲဒါကို စဉ်းစားရင်းနဲ့ ပိုပြီးတော့ ထွက်ချင်တယ် ။ ဟိုခေတ်နဲ့ စာရင် ကျနော်တို့ တော်တော်လေး သက်သာပါတယ်။ သူတို့တုန်းကဆိုရင် Map တွေကအစ တော်တော်ခက်ခက်ခဲခဲနဲ့ သွားရတာ ကျနော်တို့က ဒီမှာ အင်တာနက် check ပြီးတော့ မီတာ ဘယ်လောက်ဝေးတယ် မိုင်ဘယ်လောက်ဝေးတယ် ဘယ်နေရာမှာ ဘယ်မြို့ရှိတယ်ဆိုတာကို သိတယ်။ ကျနော် တတ်နိုင်သမျှတော့ စီစဉ်ထားတယ်၊ ကျနော်ရည်မှန်းထားတဲ့ ခရီးကို သွားဖို့ စိတ်ထဲမှာ အားသန်နေပါတယ်ခင်ဗျ။”

ဦးဘတုတ်နဲ့ ဒေါ်တင်တင်စိန်တို့နှစ်ဦးရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ကမ္ဘာပတ် မော်တော်ဆိုင်ကယ် ခရီးစဉ်ဟာ ၁၉၅၀ ကျော်ပတ်ဝန်းကျင်က ကမ္ဘာ့မှတ်တမ်းတင်ခံခဲ့ရပြီး ဒေါ်တင်တင်စိန်ဆိုရင်လည်း ပထမဆုံး မြန်မာအမျိုးသမီး ကမ္ဘာလှည့် အဖြစ် အများက ဂုဏ်ပြုခဲ့ကြပါတယ်။ သောကြာနေ့က ပြုလုပ်တဲ့ Motourlogue ခရီးသွားနှစ်ဦးရဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ဒေါ်တင်တင်စိန်က တက်ရောက်ခဲ့ပြီး အခုလို အားပေးစကားပြောကြားခဲ့ပါတယ်။

“တိုင်းပြည်ရဲ့ ဂုဏ်ဆောင်မယ့် ပုဂိုလ်တွေပါ။ ချောချောမောမောနဲ့ သွားနိုင်ပါစေလို့ ဆုတောင်းတယ်။ သူတို့ ၂ ယောက်က အဖွားနဲ့ ၂ နှစ်လောက် တိုင်ပြင်ပြီးတော့ ပြောတယ်။ အခုတော့ အောင်မြင်သွားပါပြီ။ ခေတ်က မီနေပြီ သိပ်လည်းကောင်းပါတယ်။ အင်တာနက်တို့ Google တို့လည်းရှိပြီ။ လွယ်လွယ်ကူကူနဲ့ သွားလာလို့ရတဲ့အတွက် ဝမ်းသာစရာဖြစ်ပါတယ်။ ”

ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွန်ဖ တို့နှစ်ဦးဟာ သူတို့ ခရီးစဉ်အတွက် ဒေါ်တင်တင်စိန်နဲ့ တိုင်ပင်ခဲ့သလို လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက စတင်ပြင်ဆင်ခဲ့ကြပြီး ဖြတ်ကျော်သွားမယ့် နိုင်ငံတွေအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြီးခဲ့တဲ့ ရှစ်လကတည်းက ပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါအပြင် ခရီးစဉ်အတွက် နေပြည်တော်က အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို မော်တော်ဆိုင်ကယ် မောင်းနှင်ခွင့်မပြုတဲ့ ရန်ကုန်မြို့ က အထွက်မှာတော့ ယာဉ်ထိန်းရဲလုံခြုံရေးနဲ့ အတူ ရန်ကုန်တိုင်း အစိုးရက ထွက်ခွာခွင့်ပြုခဲ့ပါတယ်။ BMW အမျိုးအစား မော်တော်ဆိုင်ကယ်နဲ့ မောင်းနှင်မယ့် Motourlogue ခရီးစဉ်အတွက် MPRL E&P စွမ်းအင်ကုမ္ပဏီကနေ အဓိက ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG