(Zawgyi / Unicode)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တယောက်ရဲ့ အခွင့်အရေးတွေကို ကန့်သတ်တာတွေ၊ ပါတီစည်းမျဉ်းနဲ့အညီ မဟုတ်ဘဲ ဥပဒေမဲ့ ပြစ်ဒဏ်ပေးတာတွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက နုတ်ထွက်လိုက်တာ ဖြစ်တဲ့အကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်က ပြောပါတယ်။ ဒေါ်သက်သက်ခိုင်ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီ ကိုယ်စားပြုပြီး ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပါတီသစ်ထောင်ပြီး ရွေးကောက်ပွဲ ဝင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အဖြစ်ကနေ နုတ်ထွက်လိုက်ပြီး ပါတီဘက်ကလည်း သူမကို နုတ်ထွက်ခွင့်ပြုတယ်လို့ အောက်တိုဘာ ၃၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ သတင်းမီဒီယာတွေကို ပြောကြားတာတွေနဲ့ ပတ်သက်ပြီး ဒေါ်သက်သက်ခိုင်ကို ပါတီ တာဝန်ရှိသူတွေက အကြိမ်ကြိမ် သတိပေးတာတွေ ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကတော့ သူမကို ပါတီတာဝန်တွေကနေ ရပ်ဆိုင်းတဲ့အထိ အရေးယူခဲ့ပါတယ်။
အခုလို NLD ပါတီဝင်အဖြစ်ကနေ နုတ်ထွက်လိုက်တာနဲ့ ပတ်သက်ပြီးတော့ ဒေါ်သက်သက်ခိုင်က ဗွီအိုအေကို အခုလိုပြောပါတယ်။
ဒေါ်သက်သက်ခိုင် - “အရင်ကလည်း မီဒီယာနဲ့ စကားပြောလို့ဆိုတဲ့ အမှုနဲ့ ကျမကို ပြဿနာတွေ လုပ်ခဲ့တယ်။ ပြီးလို့ရှိရင်လည်း ဥပဒေမဲ့ ဒဏ်ပေးခဲ့တယ်ပေါ့လေ။ အခုလည်း လွှတ်တော်ထဲအထိကို လိုက်ပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ် တယောက်ရဲ့ အခွင့်အရေးကို ကန့်သတ်လာတာတွေ တွေ့ရတဲ့အခါကျတော့ ကျမစိတ်ကတော့ ပိုပိုပြီး သေချာသွားတာပေါ့ရှင့်။ နောက်တခုက ၂၀၂၀ ရွေးကောက်ပွဲမှာ လူတွေရွေးနေပြီ ဆိုတဲ့ဟာ ပါတီထဲမှာ ဖြစ်နေပါတယ်။ ဖြစ်နေတဲ့အချိန်မှာ အများစုကတော့ ပြန်မပါဘူး။ အဓိကတော့ ဒဂုံမြို့နယ်ပေါ့။ အဲဒါတော့ ပါတီတွင်း သတင်းပဲ ကြားတာပါ။ ဒဂုံမြို့နယ်မှာ လေးယောက်မှာ တယောက်ပဲ ပြန်ပါမယ်၊ သုံးယောက်တော့ ပြန်မပါဘူးဆိုပြီး ကျမတော့ သေချာပေါက်လောက် မပါဘူးဆိုတာ ဖြစ်တဲ့အတွက်၊ နောက်တခုက ကျမ နိုင်ငံရေးမှာလည်း ပါဝင်ချင်သေးတယ်။ နိုင်ငံတည်ဆောက်ရေး ဖြစ်စဉ်ကြီးထဲမှာလည်း တတပ်တအား ကျမ လုပ်ပေးနိုင်တာတွေ ရှိတယ်လို့ ယုံကြည်တဲ့အတွက် ကျမ NLD ကထွက်ပြီး ပါတီထောင်ဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။”
ကိုရန်နိုင် - ဒေါ်သက်သက်ခိုင် ခုနပြောတဲ့အထဲမှာ နိုင်ငံရေးဆက်လုပ်မယ်၊ ပါတီထောင်မယ် ဆိုပြီးတော့ ပြောပါတယ်။ ဘယ်လိုဆက်ပြီးတော့ လုပ်သွားမှာလဲ။
ဒေါ်သက်သက်ခိုင် - “ကျမစဉ်းစားတုန်းက ကျမမှာ ရွေးချယ်စရာ သုံးလမ်းရှိပါတယ်။ NLD က ကျမကို ပေးမပါတော့ရင် သို့မဟုတ် NLD က ကျမထွက်လိုက်လို့ရှိရင် ဘယ်လိုဆက်သွားမလဲဆိုရင် နံပါတ်တစ်ကတော့ တသီးပုဂ္ဂလ သွားလို့ရတယ်ပေါ့နော်။ ဒါပေမယ့် နိုင်ငံရေးကို တသီးပုဂ္ဂလအနေနဲ့ လုပ်တာတော့ ကျမ မယုံကြည်ပါဘူးရှင့်။ ဒီနိုင်ငံရေးဆိုတာ အုံနဲ့ကျင်းနဲ့လုပ်ရတယ်။ အဖွဲ့အစည်းနဲ့ လုပ်ရတယ်။ အဖွဲ့အစည်းရဲ့ မူဝါဒတွေ၊ ရပ်တည်ချက်တွေနဲ့ Team work နဲ့လုပ်ရတယ်လို့ ကျမ ယုံကြည်ပါတယ်ရှင့်။ အဲဒါကြောင့်မို့ တသီးပုဂ္ဂလ လမ်းကြောင်းတော့ ကျမ မရွေးပါဘူး။
“ဒုတိယလမ်းကြောင်းကတော့ ကျမ တခြားပါတီ ဝင်လို့ရပါတယ်။ ဒါပေမယ့် ကျမစိတ်ထဲမှာ တည်ထောင်ချင်တဲ့ ဖြစ်ချင်တဲ့ ပါတီပုံရိပ်မျိုး ကျမ စိတ်တိုင်းကျတာ မတွေ့တဲ့အတွက် နောက်တော့လည်း အခက်ဆုံးလမ်းကြောင်းဖြစ်တဲ့ ပါတီတည်ထောင်ခြင်း လမ်းကြောင်းကို ကျမ ရွေးချယ်တာ ဖြစ်ပါတယ်ရှင့်။”
ကိုရန်နိုင် - ဘယ်သူတွေနဲ့ လုပ်သွားဖို့ ရည်မှန်းထားပါလဲ။ အခုလောလောဆယ်မှာ စဉ်းစားထားတာ ရှိပါပြီလား။
ဒေါ်သက်သက်ခိုင် - “ဒီလိုပါ၊ ကျမ အခုမှလုပ်တာ မဟုတ်ပါဘူး။ ကျမ ပါတီတည်ထောင်တဲ့အဖွဲ့ ဆိုပြီးတော့မှ သီးသန့်ရှိပါတယ်။ ကျမနဲ့ ပြောဟယ်ဆိုဟယ်နဲ့ ရှိပါတယ်ရှင့်။ တကယ်ကို ဦးစီးပြီး ဆောင်ရွက်နေတဲ့အဖွဲ့ ရှိပါတယ်ရှင့်။ အဲဒီအဖွဲ့မှာ စီးပွားရေးလုပ်ငန်းရှင်လည်း ပါတယ်၊ တတ်သိပညာရှင်တွေလည်း ပါတယ်၊ စီးပွားရေး ပညာရှင်တွေလည်း ပါတယ်၊ လူငယ်ပညာတတ်တွေလည်း ပါတယ်၊ ပြီးရင် အတွေ့အကြုံရင့်ကျက်တဲ့ လူတွေလည်း ပါပါတယ်။”
ကိုရန်နိုင် - ဒေါ်သက်သက်ခိုင်ကရော ဒီပါတီမှာ ဘာတာဝန်ယူပြီးတော့ လုပ်သွားမှာလဲ ခင်ဗျ။
ဒေါ်သက်သက်ခိုင် - “အခု ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းကို ကျမတို့ တနှစ်နီးပါး သေချာ သုတေသနလုပ်ပြီး ရေးဆွဲထားပါတယ်။ ဘယ်သူ ဘာတာဝန်ယူမလဲဆိုတာ ဘယ်သူမှ မဆုံးဖြတ်ရသေးပါဘူး။”
ကိုရန်နိုင် - အခုလောလောဆယ်မှာရော အင်အား ဘယ်လောက်လောက်ရှိပါသလဲ။
ဒေါ်သက်သက်ခိုင် - “အခုလောလောဆယ်တော့ ကျမကို ဝိုင်းကူကြတဲ့ လူငယ်တွေရော၊ လူကြီးတွေရော၊ လူလတ်ပိုင်းတွေရောပေါ့၊ ဦးဆောင်တဲ့လူတွေရော ဆိုရင် အယောက် ငါးဆယ်ကျော် ခြောက်ဆယ်နီးပါး ရှိပါတယ်။ ပါတီဝင်အင်အား မဟုတ်ပါဘူး။ ပါတီဝင်ကတော့ အခုမှ ပါတီဝင်နံပါတ် အမှတ်စဉ်တစ်ကစပြီး အခုမှ လက်ခံရမှာ ဖြစ်ပါတယ်ရှင့်။ ပါတီဖြစ်မြောက်ရေး လုပ်ငန်းအဖွဲ့လိုမျိုးပေါ့ရှင့်။”
ကိုရန်နိုင် - ဆိုတော့ ဒေါ်သက်သက်ခိုင်တို့ ပါတီအနေနဲ့ရော ဘယ်အတိုင်းအတာထိ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်သွားမှာလဲ။
ဒေါ်သက်သက်ခိုင် - “ကျမတို့ Registration လုပ်ထားတာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ပြိုင်ရမယ့် ပါတီဆိုပြီး ကျမတို့ Registration လုပ်ထားပါတယ်။ ဒါပေမယ့် ကျမတို့ ၂၀၂၀ မှာတော့ ကျမတို့ တာထွက်တာဖြစ်တဲ့အတွက်၊ နောက် အချိန်အားဖြင့်လည်း ကျမတို့ တနှစ်လောက်ပဲ ကျန်တော့တဲ့အတွက်ကို ကျမတို့ ပါတီဝင်တွေ အခြေအနေ၊ ကျမတို့ဆီကို ပူးပေါင်းလာတဲ့ Candidates တွေ အခြေအနေပေါ်မှာ မူတည်ပြီးတော့မှ နောက်မှ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အခုတော့ အဲဒီကိစ္စ မပြောနိုင်သေးပါဘူး။”
ဒေါ်သက်သက်ခိုင်ကတော့ သူတို့ပါတီနဲ့ ပတ်သက်ပြီး အခုလအတွင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အသေးစိတ်ကို အသိပေးသွားမယ် ဆိုပြီးတော့ ပြောကြားထားပါတယ်။
----------------------------------
(Unicode)