သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းကော်မတီ ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ မိုင်းလားအထူးဒေသ ၄ ရောက်ရှိခဲ့


ဝပြည်သွေးစည်းညီညွတ်ရေးပါတီရှိရာ ပြ မြေပုံ။ (from Panglong.org)
ဝပြည်သွေးစည်းညီညွတ်ရေးပါတီရှိရာ ပြ မြေပုံ။ (from Panglong.org)
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဝပြည် သွေးစည်း ညီညွတ်ရေးပါတီနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဝအဖွဲ့ဌာနချုပ် ပန်ဆန်းကို သွားရောက်မယ့်ခရီးစဉ်ဟာ ရာသီဥတု အခြေအနေမကောင်းတာကြောင့် ဖျက်သိမ်းလိုက်ရပါတယ်။

ဦးသိန်းဇော်ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မိုင်းလားအထူးဒေသ ၄ က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာတော့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးဖို့ ဖိတ်ခေါ်ကြောင်း၊ မိုင်းလားအဖွဲ့ကလည်း ဖိတ်ကြားရင် ပါဝင် တက်ရောက်မှာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဦးသိန်းဇော်ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှမ်းပြည်နယ်အရှေ့ပိုင်းက ဝပြည်သွေးစည်းညီညွတ်ရေးပါတီဌာနချုပ် ပန်ဆန်းနဲ့ မိုင်းလား အထူးဒေသ (၄) လို့ လူသိများတဲ့ အမျိုးသားဒီမိုကရေစီ သွေးစည်း ညီညွတ်ရေးတပ်ဖွဲ့ အခြေစိုက်ရာ မိုင်းလားဒေသမြို့နဲ့ ဝပြည်သွေးစည်းညီညွတ်ရေး ပါတီဌာနချုပ် ပန်ဆန်းမြို့တို့ကို သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် ဝဒေသကိုတော့ မသွားရောက်နိုင်ခဲ့ပါဘူး။

အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ မိုင်းလားမြို့ကို ၂၁ ရက်နေ့ ညနေပိုင်းက ရောက်ခဲ့ပြီး မိုင်းလားအထူးဒေသ ၄ ဥက္ကဋ္ဌ ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အစိုးရထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာမှာ မိုင်းလားအဖွဲ့အနေနဲ့ ပါဝင်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒီဖိတ်ကြားချက်အပေါ်မှာ မိုင်းလားအဖွဲ့ရဲ့ တုံ့ပြန်မှုကိုတော့ ဦးသိန်းဇော်ကိုယ်စားလှယ်အဖွဲ့နဲ့ လိုက်ပါသွားသူတစ်ဦးက အခုလို ပြောဆိုပါတယ်။

“သူတို့ကို ဖိတ်ရင်တော့ သူတို့တက်မယ်လို့ ပြောပါတယ်။”

မိုင်းလားအဖွဲ့ဘက်ကတော့ သီးခြား အတည်ပြုချက်မရသေးပါဘူး။ နှစ်ဖက် တွေ့ဆုံပြီးတဲ့နောက်မှာတော့ အချက် ၇ ချက်ပါတဲ့ ကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်မှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့နဲ့ နိုင်ငံရေးဆွေးနွေးတဲ့နည်းလမ်းကသာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အမျိုးသား ပြန်လည် စည်းလုံးမှုတွေကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း ပါရှိပါတယ်။

၂၂ ရက်နေ့မှာတော့ ဝတပ်ဖွဲ့ဌာနချုပ်ကို သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် ရာသီဥတုအခြေအနေ မကောင်းတာကြောင့် ပန်ဆန်းမြို့ကို မလာရောက်နိုင်ခဲ့ကြောင်း ဝပြည်သွေးစည်းညီညွတ်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောပါတယ်။

“ရာသီဥတုမပေးလို့လေ၊ မလာဖြစ်ဘူး။ အားလုံးပြန်သွားကြတယ်။ မြူကဆိုင်းတယ်၊ နောက် မိုးရွာတယ်။ ရာသီဥတုမပေးတော့ မလာဖြစ်တော့ဘူး။”

ဝပြည်သွေးစည်းညီညွတ်ရေးပါတီကတော့ တပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ပါဝင်မယ်၊ မပါဝင်ဘူးဆိုတာကို တိတိကျကျမသိရသေးပါဘူး။

ဦးသိန်းဇော်ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့မှာတော့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးအုန်းမြင့်၊ ဦးဝင်းထွန်းနဲ့ ဦးခင်မောင်စိုးတို့ အပါအဝင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးလည်း လိုက်ပါသွားခဲ့ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ အထူးဒေသ ၄ မိုင်းလားအဖွဲ့တို့ဟာ ၁၉၈၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့တဲ့ အဖွဲ့တွေဖြစ်ပါတယ်။ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေးအတွက် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်နဲ့ ထပ်မံလက်မှတ်ရေးထိုးထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေစုပေါင်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ NCCT မှာတော့ မပါဝင်ပါဘူး။
XS
SM
MD
LG