သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျောက်ကျောက်ရောဂါ အန္တရာယ် စောင့်ကြည့်နေကြောင်း မြန်မာကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်


သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ ထိုင်းရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲ Thongchai Keeratihattayakorn (ဩဂုတ် ၂၁၊ ၂၀၂၄)
သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ ထိုင်းရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲ Thongchai Keeratihattayakorn (ဩဂုတ် ၂၁၊ ၂၀၂၄)

ဒေသတွင်း နိုင်ငံတချို့မှာ ကူးစက်မှုတွေ တွေ့ရှိနေတဲ့ မျောက်ကျောက်ရောဂါကို အနီးကပ် စောင့်ကြည့်မယ့်အကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လောလောဆယ် ဒီရောဂါ ကူးစက်နိုင်ချေ သိပ်မရှိသေးပေမဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ပွား လာနေတာကြောင့် သတိထား စောင့်ကြည့်တာတွေသွားမယ့်အကြောင်း ဒီလ ၁၉ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။

အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေ၊ ဆိပ်ကမ်းနဲ့ နယ်စပ် အဝင်အထွက် နေရာတွေမှာ ရောဂါ စောင့်ကြည့်တာအပြင် လူထုကြား ရောဂါ ကာကွယ်ရေး အသိပညာပေးတာတွေ အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ဥရောပနိုင်ငံသား တဦးမှာ မျောက်ကျောက်ရောဂါ စစ်ဆေး တွေ့ရှိခဲ့ကြောင်း ဒီကနေ့ ထိုင်းရောဂါ ထိန်းချုပ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ရောဂါကူးစက်ခံထားရတဲ့ ဥရောပ နိုင်ငံသားဟာ လွန်ခဲ့တဲ့ သီတင်းပတ်က အာဖရိက ကနေ ရောက်လာတာ ဖြစ်ပြီး ဒီရောဂါရဲ့ ဇစ်မြစ် မျိုးရိုးကို စစ်ဆေးထားတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ အသက် ၆၆ နှစ်အရွယ် ဥရောပ အမျိုးသားရဲ့ ရောဂါကိုတော့ ခုအခါမှာ Clade 1 မျောက်ကျောက် ရောဂါအဖြစ် ယာယီ သတ်မှတ်ထားပြီး ကုသပေးနေတာပါ။ မျောက်ကျောက်ရောဂါ ကူးဆက်ပျံ့ပွားနေတဲ့ အာဖရိကနိုင်ငံ တနိုင်ငံကနေ သြဂုတ်လ ၁၄ ရက်နေ့မှာ ထိုင်းနိုင်ငံကို ရောက်လာတာ ဖြစ်တယ်လို့ ရောဂါ ထိန်းချုပ်ရေးဌာန အကြီးအကဲ Thongchia Kee rati hattayakorn က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

သူဟာ ထိုင်းနိုင်ငံကို ရောက်ပြီး နောက်တရက်မှာပဲ ဆေးရုံကို သွားခဲ့တာကြောင့် သူနဲ့ထိတွေ့ဆက်ဆံခဲ့တဲ့ လူ အနည်းအကျဉ်းသာ ရှိလိမ့်မယ်လို့လည်း ဆိုပါတယ်။ ခုအခါမှာ အဲဒီဥရောပနိုင်ငံသားကို ဘယ်လို မျောက်ကျောက်ရောဂါ အမျိုးအစား ကူးစက်ခဲ့သလဲဆိုတာ စမ်းသပ်စစ်ဆေးနေပြီး သောကြာနေ့မှာ အဖြေသိရမှာဖြစ်တယ်လို့လည်း Thongcahi က ပြောပါတယ်။ ဒါ့အပြင် သူနဲ့ ထိတွေ့ ဆက်ဆံခဲ့တယ်လို့ ယူဆရသူ ၄၃ ဦးကိုလည်း ရောဂါကူးစက်မှု ရှိ မရှိ စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။

အဲဒီ ဥရောပ နိုင်ငံသား လာရောက်တဲ့ အာဖရိက နိုင်ငံကိုရော၊ ထိုင်းနိုင်ငံကို မရောက်ခင် လေယာဉ်ပြောင်းစီးခဲ့တဲ့ နိုင်ငံရော ဘယ်နိုင်ငံတွေလဲ ဆိုတာကိုတော့ ထိုင်းအာဏာပိုင်က မပြောပါဘူး။

၂၀၂၂ ခုနှစ်ကစလို့ ထိုင်းနိုင်ငံမှာ Clade 2 မျောက်ကျောက် ရောဂါကူးစက်ခံရသူ ၈၀၀ လောက်ရှိခဲ့ပေမယ့် Clade 1 ဒါမှမဟုတ် Clade 1b အမျိုးအစား ကူးစက်ခံရသူတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG