သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MSF ရဲ့ ရခိုင်ပြည်နယ်က လုပ်ငန်းများရပ်ဆိုင်းခံရ


MSF ဆေးကုသမှုအဖွဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က ဒုက္ခသည် စခန်းတခုအတွင်း ဆေးကုသပေးနေစဉ်။ (ဖေဖော်ဝါရီ ၃၊ ၂၀၁၃) Photo credit to http://www.msf.org
MSF ဆေးကုသမှုအဖွဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က ဒုက္ခသည် စခန်းတခုအတွင်း ဆေးကုသပေးနေစဉ်။ (ဖေဖော်ဝါရီ ၃၊ ၂၀၁၃) Photo credit to http://www.msf.org
နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (MSF) ရဲ့ ရခိုင်ပြည်နယ် အတွင်းက လုပ်ငန်းတွေကို မြန်မာအစိုးရဘက်က ရပ်ဆိုင်းလိုက်ပါတယ်။ မြန်မာ အစိုးရနဲ့ MSF တို့ကြား နှစ်ဘက် နားလည်မှု စာချွန်လွှာ သက်တမ်း ကုန်သွားပြီး သက်တမ်း ထပ်တိုးဖို့အတွက် နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (MSF) ရဲ့ ရခိုင်ပြည်နယ် အတွင်းက လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရနဲ့ အသေးစိတ် ဆွေးနွေးနေတဲ့ကာလအတွင်း ဆိုင်းငံ့ ထားတာသာ ဖြစ်ကြောင်း မြန်မာ အစိုးရဘက်က ပြောပါတယ်။ မသိင်္ဂ ီထိုက်က ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို ဆက်သွယ်မေးမြန်းတာမှာ သူက အခုလို စပြောပါတယ်။

"ပထမတချက်ကတော့ MSF နဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ထိုးထားတဲ့ နားလည်မှု စာချွန်လွှာက ၂၀၁၃ခုှစ် ဇန်နဝါရီလကတည်းကနေပြီးတော့မှ သက်တမ်းကုန်သွားပြီ။ အဲ့လိုသက်တမ်းကုန်သွားပြီးတော့မှ နားလည်မှုစာချွန်လွှာ အသစ်ကို လက်မှတ်ထိုးဆဲကာလဖြစ်တယ်။ ဒါပေမဲ့လို့ ရခိုင်ပြည်နယ်အစိုးရက MSFအဖွဲ့ကို နားလည်မှုစာချွန်လွှာ လက်မှတ်အသစ်မထိုးခင်အထိ လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ ဆိုပြီးတော့မှ ပြောတာဖြစ်ပါတယ်။"

နယ်စည်းမထား ဆရာဝန်များ အဖွဲ့ MSFရဲ့ ရခိုင်ပြည်နယ်ထဲက လုပ်ငန်းတွေကို ဘာကြောင့် ရပ်ဆိုင်းလိုက်သလဲ ဆိုတာနဲ့ ပတ်သက်ပြီးလည်း ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က အခုလို ဆိုပါတယ်။

" MSF အဖွဲ့က ရခိုင်ပြည်နယ်အတွင်းမှာ လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ သူတို့အဖွဲ့အစည်းရဲ့အဓိကအခြေခံမူ သုံးခုရှိတယ်ဗျာ။ ပထမဆုံးတစ်ခုကတော့ ဘက်လိုက်မှုကင်းစင်ရမယ်ဆိုတဲ့ အချက်ကို ချိုးဖောက်သလိုဖြစ်နေတာတွေ အများကြီးရှိခဲ့တယ်။ နောက်တခါ နားလည်မှု စာချွန်လွှာထဲမှာ ပါတဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်တယ်။ ဥပမာ အဲ့ဒီ့မှာ နိုင်ငံခြားသားဝန်ထမ်း ၁၉ယောက်ပဲ ထားပါ့မယ်လို့ သဘောတူထားတာ၊ တကယ်စစ်လိုက်တော့ ၃၅ယောက်လောက်ရှိနေတယ်။

နောက်တခါ သူတို့ယာယီ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ကိုပဲ ပေးရတာဖြစ် တာကြောင့်မို့လို့ အတွင်းလူနာ ထားလို့မရဘူး။ ဒါပေမဲ့ သူတို့ဆေးခန်းတွေမှာ၊ ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ သူတို့ဆေးခန်းတွေမှာ အတွင်းလူနာတွေ ကုသတာတွေကို စစ်ဆေးတွေ့ရှိရတာတွေရှိတယ်။

နောက်တခါ ဆေးကုသခွင့်လိုင်စင်မရှိတဲ့ နိုင်ငံခြားသားတွေကို ဆရာဝန်အဖြစ်နဲ့ တာဝန်ပေးတာတွေရှိတယ်။ ဒီလိုဟာမျိုးတွေကို ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျန်းမာရေးဝန်ကြီးဌာနဘက်ကနေ အခု MOU အသစ်အတွက် ဆွေးနွေးနေတဲ့ အခါမှာ နောက်ထပ် ဆွေးနွေးစရာအချက်တွေ ထပ်ပြီးတော့ ပေါ်လာတာတွေရှိပါတယ်။"

နယ်စည်းမထား ဆရာဝန်များ အဖွဲ့ဟာ မြန်မာ နိုင်ငံ အတွင်းက မြို့နယ်ပေါင်း ၃၃ ခုမှာ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်ဆောင်ပေးနေ တဲ့ နိုင်ငံတကာ လူမှုရေး အဖွဲ့ဖြစ်ပါတယ်။ သူတို့ရဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေမှာ ဆိုရင်လည်း ရခိုင်ပြည်နယ် အတွင်းကလွဲလို့ တခြား မြို့နယ်တွေမှာတော့ သူတို့ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းမှု မရှိဘူးဆိုပြီးလည်း ပြန်ကြာရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဆိုပါတယ်။

"ကျန်းမာရေးဝန်ကြီးဌာနဲ့ MSF နဲ့ ထိုးထားတဲ့ နားလည်မှု စာချွန်လွှာမှာက မြန်မာတနိုင်ငံလုံးမှာရှိတဲ့ မြို့နယ် ၃၃မြို့နယ်မှာ လုပ်ငန်းဆောင်ရွက်ဖို့ ထိုးထားတာဖြစ်ပါတယ်။ အဲ့တော့ ခင်ဗျားတို့ကို ကျနော် ယေဘူယျ ရှင်းပြရမယ်ဆိုရင် ဥပမာ ကချင်ပြည်နယ်တို့၊ ရှမ်းပြည်နယ်တို့မှာ လုပ်နေတဲ့ MSF ရဲ့လုပ်ငန်းတွေက နားလည်မှု စာချွန်လွှာထဲမှာ ပါတဲ့ စည်းကမ်းချက်တွေနဲ့လည်း ကိုက်ညီတယ်။ အခြေခံ မူတွေနဲ့လည်း ညီတဲ့အတွက်ကြောင့်မို့လို့ ဌာနဆိုင်ရာတွေရော၊ ပြည်သူတွေရော ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်လို့ရတယ်။

သို့သော် ရခိုင်ပြည်နယ်မှာက စည်းကမ်းချိုးဖောက်မှုတွေ အလွန်များပြားတယ်။ ဘက်လိုက်မှုတို့ ဘက်လိုက်တယ်လို့ ယူဆစရာ လုပ်ဆောင်ချက်တွေ အများကြီးရှိတဲ့အတွက်ကြောင့်မို့လို့ ဒီ MOU အသစ်ဆွေးနွေးတဲ့ အခါမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေအားလုံးကို ပြန်လည် သုံးသပ်ဆွေးနွေးမှာပါ။

ဒီနေရာမှာ ကျနော် အလေးအနက်ထားပြီးပြောချင်တာက ကျနော်တို့သည် MSF ကို အဖွဲ့အစည်းတစ်ခုအနေနဲ့ ဆန့်ကျင်နေခြင်း၊ ကန့်ကွက်နေခြင်းမဟုတ်ဘူး။ MSF ကနေပြီးတော့မှ မြန်မာနိုင်ငံထဲမှာ ထားထားတဲ့ နိုင်ငံခြားသား ဝန်ထမ်းနဲ့ ဌာနေဝန်ထမ်းတချို့ရဲ့ စည်းကမ်းဖောက်ဖျက်မှုကြောင့် ကျနော်တို့ ပြန်လည်ဆွေးနွေးနေရခြင်းဖြစ်တယ်။ ဒါလေးတော့ ကျနော်တို့ အတိအကျထပ်ပြောချင်တယ်။ "

မြန်မာ အစိုးရဘက်က နယ်စည်းမထားဆရာဝန်များ အဖွဲ့ကို ရခိုင်ပြည်နယ် အတွင်းက လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်လို့ရော၊ မြန်မာ အစိုးရနဲ့ ချုပ်ဆိုထားတဲ့ နားလည်မှု စာချွန်လွှာကို ချိုးဖောက်တယ် ဆိုပြီး ပြောဆိုချက်တွေကိုရော နယ်စည်းမထား ဆရာဝန်များ အဖွဲ့ရဲ့ သဘောထား မှတ်ချက်ကို ရဖို့ ဆက်သွယ် ခဲ့ပေမယ့် လောလောဆယ် မှာ ဖြေဆိုဖို့ မဖြစ်နိုင်သေးဘူး လို့ဘဲ ဖြေကြားခဲ့ပါတယ်။

နယ်စည်းမထား ဆရာဝန်များ အဖွဲ့ဟာ ရခိုင်ပြည်နယ် အတွင်းက လူမှု အသိုင်းအဝိုင်းတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ အဖွဲ့ ဖြစ်တာကြောင့် အခုလို လုပ်ငန်းတွေကို အစိုးရက ရပ်ဆိုင်းလိုက်တဲ့ အခါမှာ လူထု ကျန်းမာရေး အတွက် လိုအပ်ချက်တွေ ဖြစ်လာနိုင်မလား ဆိုတာကိုလည်း ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်ကို မေးကြည့်ပါတယ်။

" မရှိပါဘူးခင်ဗျ။ အဲ့ဒီ့နေရာတွေကို ကျန်းမာရေးဝန်ကြီးဌာနက ဝင်ရောက်ဆောင်ရွက်နိုင်ဖို့နဲ့ နောက်တခါ ကျန်တဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မယ့် မိတ်ဖက်အဖွဲ့အစည်းတွေက လုပ်နိုင်ဖို့ ဒါကို ကျနော်တို့ စီစဉ်နေပါတယ်။"

ဒီလ ၂၂ ရက်ကလည်း နယ်စည်းမထား ဆရာဝန်များ အဖွဲ့ MSF ရခိုင်ပြည်နယ်က ထွက်ခွာသွားရေး အတွက် စစ်တွေ ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။
XS
SM
MD
LG