သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း MSF လုပ်ငန်း ရပ်ဆိုင်းမှု ကန်စိုးရိမ်


မြန်မာနိုင်ငံတွင်း ဒေသအလိုက် MSF လုပ်ငန်းများ Photo Credit to http://www.msf.org
မြန်မာနိုင်ငံတွင်း ဒေသအလိုက် MSF လုပ်ငန်းများ Photo Credit to http://www.msf.org
မြန်မာနိုင်ငံတွင်း လိုအပ်တဲ့လူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ဆက်ပြီး လက်တွဲ လုပ်ဆောင်သွားပါလို့ အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ မြန်မာနိုင်ငံတွင်းက လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ မြန်မာ အစိုးရက ညွှန်ကြားခဲ့တယ် ဆိုတဲ့အပေါ် အခုလို တိုက်တွန်း လိုက်တာပါ။ မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူကတော့ MSF ရဲ့ လုပ်ငန်းတွေ အားလုံးကို ရပ်ဆိုင်းတာ မဟုတ်ဘဲ ရခိုင်ပြည်နယ်ဘက်မှာ ရပ်ဆိုင်းထားဖို့သာ ပြောတာဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

MSF ရဲ့ မြန်မာနိုင်ငံတွင်းကလုပ်ငန်းတွေ ရပ်ဆိုင်းဖို့ ညွှန်ကြားခံရတယ်ဆိုတဲ့ သတင်းတွေကြောင့် အထူးစိုးရိမ်မိပြီးတော့ လုပ်ငန်းတွေပြန်စနိုင်ရေး မြန်မာ အစိုးရနဲ့ MSF အကြား ဆွေးနွေး ညှိနှိုင်းနေတယ်လို့ နားလည်ထားကြောင်း အမေရိကန် နိုင်ငံခြား ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန် ဆာကီး (Jen Psaki) က သောကြာနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။

“လိုအပ်နေတဲ့လူတွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ရေး နဲ့ အကူအညီပေးအဖွဲ့တွေ အဟန့်အတား မရှိ ဆောင်ရွက် လုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းနဲ့ ဆက်ပြီး လက်တွဲ လုပ်ဆောင်သွားဖို့ မြန်မာ အစိုးရကို ကျမတို့ တိုက်တွန်းပါတယ်။ အဲဒီလို လုပ်ကိုင်ဆောင်ရွက်နိုင်ရေးဟာ မြန်မာလူထုအတွက် အကျိုးဖြစ်စေတယ်ဆိုတာ က ထင်ရှားပါတယ်။”

ဖေဖော်ဝါရီလ ၂၈ ရက်နေ့စွဲနဲ့ MSF အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ နိုင်ငံတွင်း လုပ်ငန်းအားလုံးကို ရပ်ဆိုင်းဖို့ မြန်မာအစိုးရက MSF ကို ညွှန်ကြားခဲ့တယ် လို့ ပြောထားပါတယ်။ ဒါပေမဲ့လည်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကတော့ MSF နဲ့ ကျန်းမာရေးဝန်ကြီး ဌာနအကြား ထိုးထားတဲ့ နားလည်မှုစာချွန်လွှာ ၂၀၁၃ နှစ်ဆန်းကတည်းက သက်တမ်းကုန်သွားပြီး အသစ် လက်မှတ်ထိုးဖို့ရှိနေ ချိန်မှာ စာချွန်လွှာအသစ်ကို လက်မှတ်မထိုးခင်အထိ လုပ်ငန်းတွေကို ရပ်ဆိုင်းထားပေးဖို့ ရခိုင်ပြည်နယ်အစိုးရက ပြောတာ ဖြစ်တယ်လို့ ဗွီအိုအေကို ပြောခဲ့ပါတယ်။

အခုလို ရခိုင်ပြည်နယ်အစိုးရက ပြောတယ်ဆိုတာဟာ MSF အဖွဲ့ကို ရခိုင်ပြည်နယ်ကနေ ထွက်ခွာသွားဖို့ စစ်တွေမြို့မှာ ဒေသခံ တွေဆန္ဒပြခဲ့အပြီး သီတင်းတစ်ပတ် နီးပါးအကြာမှာ ထွက်လာတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃ မြို့နယ်မှာ လုပ်ငန်းဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ MSF အကြား နားလည်မှုစာချွန် လွှာလက်မှတ် ထိုးထားတာမှာ ကချင်၊ ရှမ်း စတဲ့နေရာတွေက လုပ်ငန်းတွေမှာ စည်းကမ်းချက်နဲ့ ကိုက်ညီပေမဲ့ ရခိုင်ပြည်နယ်တွင်း လုပ်ဆောင်တာတွေမှာတော့ စည်းကမ်း ချိုးဖောက်တာတွေ အလွန်များတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

"ဘက်လိုက်မှုတို့ ဘက်လိုက်တယ်လို့ ယူဆစရာ လုပ်ဆောင်ချက်တွေ အများကြီးရှိတဲ့အတွက်ကြောင့်မို့လို့ ဒီ MOU အသစ်ဆွေးနွေးတဲ့ အခါမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေအားလုံးကို ပြန်လည် သုံးသပ်ဆွေးနွေးမှာပါ။ ဒီနေရာမှာ ကျနော် အလေးအနက် ထားပြီးပြောချင်တာက ကျနော်တို့သည် MSF ကို အဖွဲ့အစည်းတစ်ခုအနေနဲ့ ဆန့်ကျင်နေခြင်း၊ ကန့်ကွက်နေခြင်းမဟုတ်ဘူး။ MSF ကနေပြီးတော့မှ မြန်မာနိုင်ငံထဲမှာ ထားထားတဲ့ နိုင်ငံခြားသား ဝန်ထမ်းနဲ့ ဌာနေ ဝန်ထမ်းတချို့ရဲ့ စည်းကမ်းဖောက်ဖျက်မှုကြောင့် ကျနော်တို့ ပြန်လည်ဆွေးနွေးနေရခြင်းဖြစ်တယ်။ ဒါလေးတော့ ကျနော်တို့ အတိအကျ ထပ်ပြောချင်တယ်။ "

မြန်မာအစိုးရဘက်က အခုလို တစ်ဘက်သတ် ဆုံးဖြတ်လိုက်တဲ့အပေါ် အထူးပဲ အံ့အားသင့်မိတဲ့အကြောင်းနဲ့ နိုင်ငံတဝန်းမှာ MSF က ပြုစုကုသပေးနေတဲ့ လူနာထောင်ပေါင်းများစွာရဲ့ ကံကြမ္မာအတွက် အလွန်အမင်းပဲစိုးရိမ်ပါတယ်လို့ MSF ရဲ့ ထုတ်ပြန် ချက်မှာ ပြောထားပါတယ်။ ဒါပေမဲ့လည်း ဦးရဲထွဋ်ကတော့ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေ ရှိမလာနိုင်ဘူးလို့ အခိုင်အမာပြောပါတယ်။

"" မရှိပါဘူးခင်ဗျ။ အဲ့ဒီ့နေရာတွေကို ကျန်းမာရေးဝန်ကြီးဌာနက ဝင်ရောက်ဆောင်ရွက်နိုင်ဖို့နဲ့ နောက်တခါ ကျန်တဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မယ့် မိတ်ဖက်အဖွဲ့အစည်းတွေက လုပ်နိုင်ဖို့ ဒါကို ကျနော်တို့ စီစဉ်နေပါတယ်။"

အသက်ကယ် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေကိုပေးဖို့ MSF မှာရှိတဲ့ အတွေ့အကြုံနဲ့ အခြေခံ အဆောက်အအုံ အတိုင်းအတာ ပမာဏနဲ့ လုပ်ဆောင်နိုင်တဲ့ ဆေးဘက်ဆိုင်ရာ အစိုးရမဟုတ်တဲ့ တခြား အဖွဲ့အစည်းမျိုး မရှိဘူးလို့ MSF ရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။ MSF ရဲ့လုပ်ငန်းတွေဟာ ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်သိက္ခာတွေ၊ ကြားနေပြီး ဘယ်ဘက်ကိုမှ မလိုက်တဲ့ မူဝါဒတွေနဲ့အညီ လုပ်ဆောင်တာဖြစ်တယ်လို့လည်း MSF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG