သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ အဖွဲ့အစည်းတွေ ရခိုင်ပြည်နယ်မှာ ပြန်လည် အကူအညီပေးဖို့ အစိုးရဖိတ်ခေါ်


ရခိုင်မူဆလင်ဒုက္ခသည်စခန်း။
ရခိုင်မူဆလင်ဒုက္ခသည်စခန်း။

ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းပေါင်း ၂၀ကျော် အနေနဲ့ လုပ်ငန်းတွေပြန်ပြီးလုပ်ကိုင် ကြဖို့ မြန်မာအစိုးရနဲ့ ရခိုင်ပြည်နယ် အစိုးရက မနေ့က ဖိတ်ခေါ်လိုက်ပါတယ်။ အဲ့ဒီ့အဖွဲ့တွေထဲမှာ အထူးသဖြင့် MSF လို့ခေါ်တဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ လည်း ပါဝင်ပါတယ်။ အခုလို မြန်မာအစိုးရရဲ့ဖိတ်ခေါ်ချက်ကို MSF အဖွဲ့ကလည်း ကြိုဆိုလိုက်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်ကပြောပြမှာပါ။

ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့ရက်စွဲနဲ့ ရခိုင်ပြည်နယ်ကနေ MSF လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ မြန်မာအစိုးရက အမိန့်ပေးခဲ့ပြီးနောက် အဲ့ဒီပြည်နယ်မှာ ပြန်ပြီး လုပ်ကိုင်ခွင့် ပေးလိုက်တာကို ကြိုဆိုကြောင်း ဂျနီဗာအခြေစိုက် MSF က ဗွီအိုအေကို Emailနဲ့ ပေးပို့တုန့်ပြန်ခဲ့ပါတယ်။

အဲ့ဒီ့အထဲမှာ ရေးသားထားတာကတော့ ရခိုင်ပြည်နယ် မှာ လူသားချင်း စာနာမှု ဆိုင်ရာ ဆေးဝါးကုသမှု လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်ခွင့် ပေးလိုက်တဲ့ မြန်မာအစိုးရရဲ့ ဖိတ်ခေါ်ချက်ကို MSF ကကြိုဆိုကြောင်း၊
လက်ရှိ လူသားချင်း စာနာမှုဆိုင်ရာ အတိဒုက္ခတွေရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်ရှိ လူတွေကို အသက်ကယ်ဆေးဝါးကုသမှုတွေ တိုးချဲ့ပြီး MFS အနေနဲ့ ဘယ်လိုကူညီနိုင်မလဲ ဆိုတာကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ ဆက်လက် လုပ်ဆောင်ဖို့လည်း မျှော်လင့်ကြောင်း MSF ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခုလို MSF ရဲ့အကူအညီပေးရေးလုပ်ငန်းတွေ ရခိုင်ပြည်နယ် တွင်းပြန်စဖို့ အရေးနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီရဲ့ အမှုဆောင်တဦးဖြစ်သူ ဦးဦးလှစောက သူရဲ့အမြင်ကို အခုလိုပြောပါတယ်။

"နိုင်ငံတကာ အဖွဲ့အစည်းတွေကို သူတို့ ပြန်ပြီးတော့ ဖိတ်ခေါ်တာပေါ့လေ။ အချို့လည်း ရောက်နေကြပါပြီ။ မတ်လ ၂၆၊ ၂၇မှာ ပြဿနာ တခု ဆိုးဆိုးရွားရွား ဖြစ်တယ်။ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ် ဆိုတာ နှစ်ဖက်လုံးမှာ၊ နှစ်ဖက်လုံးမှာဆိုတာ NGO အဖွဲ့အစည်းတွေမှာ လည်း ဘက်လိုက်မှုတွေ ရှိတယ်ပေါ့။ NGO အဖွဲ့အစည်းဆိုတာ အကုန်လုံးကို ဆိုလိုတာမဟုတ်ဘူးခင်ဗျ။ MSF ရှိတယ်။ တချို့အဖွဲ့အစည်းတွေပေါ့။ အများစုကတော့ ကောင်းပါတယ်။ ဆိုးဆိုးရွားရွား လုပ်တဲ့အဖွဲ့တွေ ရှိတာပေါ့လေ။ အဲ့တော့ အဲ့ဒီ့အပေါ်မှာ လူထုက အမြင်မရှင်းဘူး။ မရှင်းတဲ့အခါကျတော့ ဒီဘက်ကလည်း ဥပဒေမဲ့ တုန့်ပြန်လိုက်တယ်ပေါ့လေ။ ဥပဒေမဲ့ တုန့်ပြန်တော့ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဆိုးဆိုးရွားရွား ဖြစ်တယ်ဆိုတော့ အခုအခြေအနေကို ပြန်လည် ထိန်းဖို့ ကြိုးစားတယ်။

လူထုအတွက်လည်း အကျိုးရှိမယ်။ နိုင်ငံတကာဘက်မှာလည်း သူ့အနေနဲ့ အစိုးရအတွက်သော်လည်းကောင်း၊ သူ့အတွက်သော်လည်းကောင်း၊ နည်းနည်းလုပ်နိုင်ကိုင်နိုင် စွမ်းရည်ကိုပြတယ်။

မေး။ ။အဲတော့ အနာဂတ်မှာ ရခိုင်ဒေသခံတွေနဲ့ NGO တွေကြားမှာ နားလည်မှုလွဲမှားတဲ့ပြဿနာတွေ ဆက်ပြီး မဖြစ်ပေါ်အောင် ဘယ်လိုဆောင်ရွက်သင့်သလဲလို့ မြင်လဲရှင့်။

" သူတို့ဖွဲ့ထားတဲ့ ECC ဆိုတာရှိတယ်။ ECC နဲ့ အစိုးရအဖွဲ့တွေနဲ့ NGO ကြားထဲမှာတော့ အဲ့ဒီ့လို ဆောင်ရန်၊ ရှောင်ရန် တွေပေါ့လေ။ NGO၊ INGO တွေကို Watch Dog အဖွဲ့တွေ လုပ်တယ်ဆိုတာတော့ ကြားတယ်။ စောင့်ကြည့်ရေးအဖွဲ့တွေ လုပ်တယ်။ နောက် MOU Check-up လုပ်တာတွေ သူတို့ရဲ့ Activities တွေကို Regular Check Up လုပ်မယ်။ နောက် Movement တွေ Check Up လုပ်မယ်။ အဲ့တာတွေနဲ့ပတ်သက်ပြီးတော့ NGO တွေနဲ့ INGO တွေနဲ သူတို့နဲ့ကြားထဲမှာ နားလည်မှုတော့ ရထားပုံပေါ်တယ်။ နှစ်ဦးနှစ်ဖက် နားလည်မှု တစုံတရာ ရှိတဲ့အတွက်ကြောင့် သူကတော့ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တာလို့ပဲ ကျနော်မြင်ပါတယ်။"

မနေ့ကထုတ်ပြန်တဲ့ ရခိုင်ပြည်နယ်အစိုးရရဲ့ ၁/၁၄ ဆိုတဲ့ ထုတ်ပြန်ကြေညာချက် မှာလည်း အခုလို ပြည်နယ် အစိုးရအနေနဲ့ MSF အပါအဝင် နိုင်ငံတကာ NGO အဖွဲ့တွေကို ပြန်ပြီးဖိတ်ခေါ်တာဟာ ဇွန်လ ၂၆ နဲ့ ၂၇ ရက်နေ့ကကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် အရေးပေါ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ECC၊ လူထုအခြေပြု ကိုယ်စားလှယ်အဖွဲ့တွေ၊ မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေရဲ့ ဆွေးနွေးပွဲ ရလာဒ်ကို အကောင်အထည်ဖေါ် တာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့ ရဲ့ရခိုင်ပြည်နယ်တွင်း လုပ်ငန်းတွေကို ခေတ္တ ရပ်ဆိုင်းထားရမယ်လို့ မြန်မာအစိုးရက ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလက ကြေညာခဲ့တာပါ။ ဇန်နဝါရီလက ရခိုင်ပြည်နယ် ဒူချီယားတန်း မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကိစ္စနဲ့ပတ်သက်လို့ MSF ရဲ့ စိုးရိမ်မကင်းဖြစ်မှု ထုတ်ဖေါ်ပြောကြားချက်တွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် လုပ်ငန်းတွေကို ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။

MSF ဟာ ဒုက္ခသည်စခန်းတွေထဲ မှာနေထိုင်ကြတဲ့ မူဆလင်ရိုဟင်ဂျာဒုက္ခသည် တသိန်းကျော်အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးကုသမှုတို့ကို အဓိက အထောက်အကူ ပေးနေတာဖြစ်ပါတယ်။ ရခိုင်ဒေသခံတွေဘက်က MSF လုပ်ငန်းတွေဟာ မူဆလင်ရိုဟင်ဂျာတွေအပေါ် ဘက်လိုက်တယ်၊ ထင်သာမြင်သာမရှိဘူးဆိုပြီး စွပ်စွဲထားပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ရရှိထားတဲ့ MSF အဖွဲ့ကြီးဟာ မြန်မာနိုင်ငံမှာ ၂၂ နှစ်နီးပါးကြာအောင် လုပ်ကိုင်ခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ ကျန်းမားရေးကို စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အခြေခံ ကျန်းမာရေးပြုစုစောင့်ရှောက်မှုတို့ကို ဒုက္ခသည်စခန်းတွေမှာ သွားရောက်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ဇွန်လကလည်း OCHA လို့ခေါ်တဲ့ ကုလသမဂ္ဂရဲ့ အရေးပေါ်ကယ်ဆယ်ရေး လက်ထောက် အတွင်းရေးမှုးချုပ် ကျုံဝှာခမ်းဟာ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး စခန်းတွေရဲ့ ဆိုးရွားလာတဲ့အခြေအနေအကြောင်း စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

အခုလို မြန်မာအစိုးရရဲ့ ဖိတ်ခေါ်တဲ့ ကြေညာချက်ထွက်ပေါ်လာချိန်မှာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီလီ မြန်မာနိုင်ငံကို ရောက်ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်

XS
SM
MD
LG