သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုဟာမက်အလီအပေါ် မြန်မာတို့အမြင်


သောကြာနေ့က အမေရိကန်ပြည်ထောင်စုမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုဟာမက်အလီဟာ မြန်မာအားကစားသမားတွေအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အတုယူဖွယ် လေးစားရလောက်တဲ့ အားကစားသမားဖြစ်တယ်လို့ မြန်မာ့အားကစားသမားတွေ က ပြောဆိုပါတယ်။ သူကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်းလည်း ပြောဆိုကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ လက်ဝှေ့ချန်ပီယံဟောင်း မိုဟာမက်အလီဟာ ခြေတုန်လက်တုန်တဲ့ ဦးနှောက်အာရုံကြောဆိုင်ရာ Parkinson ရောဂါကို နှစ်ပေါင်းများစွာ ခံစားရပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ အာရီဇိုးနားပြည်နယ် Phoenix မြို့ဆေးရုံမှာ သောကြာနေ့က ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

အခုလို ကမ္ဘာကျော် လက်ဝှေ့သမားကြီးတယောက် ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းမိကြောင်း အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ်က မိုဟာမက်အလီ အိမ်နားမှာ တချိန်က အနီးကပ်နေထိုင်ခဲ့ဖူးသူ ကချင်လက်ဝှေ့နဘမ်းသမား ကိုအောင်လအန်ဆမ်က ပြောပါတယ်။

“မီချီဂန်မှာလေ သူ့အိမ်ရှေ့နားမှာ နေဖူးတယ်။ အဲဒီကတည်းက သူ့အကြောင်း ကျနော် လေ့လာထားတယ်ပေါ့နော့။ သူ့ရဲ့ ရှောင်တဲ့ သူ့ရဲ့ movement တွေ ကျနော်အရမ်း သဘောကျပြီးတော့ သူ့ရဲ့ အဲ့ဒီဟာကိုလည်း လေ့လာတယ်။ သူ့ရဲ့ကြိုးစားမှု အဲလိုမျိုးတွေကို ကျနော်က အတုယူတယ်။ အားကစားသမားထဲမှာ သူ့ကို အမြင့်ဆုံးမှာ ကျနော်ထားထားတယ်လေ။ သူ ဆုံးသွားတော့ ကျနော် အရမ်း စိတ်မကောင်းဘူး။”

၁၉၆၀ ခုနှစ် ရောမအိုလံပစ်ပြိုင်ပဲမှာ ရွှေတံဆိပ်ရခဲ့ပြီး၊ ၆၄ ခုနှစ်မှာ Sonny Liston ကို အနိုင်ရလို့ ပထမဆုံး ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာတဲ့ မိုဟာမက်အလီဟာ တချိန်က မြန်မာ့ လက်ဝှေ့လောကကိုသာမက မြန်မာ့အားကစားလောကကိုပါ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ လွှမ်းမိုးခဲ့သူ ဖြစ်တယ်လို့ မြန်မာ့လက်ရွေးစင် တင်းနစ်အားကစားသမားဟောင်း ဦးထွန်းအောင်က ပြောပါတယ်။

“မိုဟာမက်အလီကတော့ ဟဲဗီးဝိတ်အနေနဲ့ ထိုးပုံ၊ ရှောင်ပုံ၊ တိမ်းပုံတွေက ဟိုတင့်ကားကြီးတွေလို မဟုတ်ဘူး လေးလေးပင်ပင်ကြီး မဟုတ်ဘူး၊ သူက ခြေထောက်မြန်တယ် လက်မြန်တယ်၊ ဉာဏ်သုံးတယ်ဆိုတော့ ဒီ မြန်မာလက်ဝှေ့သမားတွေက ဒါ ကြိုက်ကြတာပေါ့လေ၊ တချို့ အားကစားသမားတွေ ဆိုတာက ဟို ကာယအားပဲ အားကိုးတယ်၊ သူက ဉာဏ်နဲ့ ကာယအားကို အားကိုးတဲ့အတွက် မြန်မာ့အားကစားသမားတွေက သူ့ကို သဘောကျကြတယ်။ အဲဒီတော့ အန်ကယ် ဗမာပြည်မှာရှိတုန်းက ဆိုလို့ရှိရင် သူ့အကြောင်းကို အင်မတန်မှ စိတ်ဝင်စားတာပဲ။ မိုဟာမက်အလီ ဆိုလို့ရှိရင် ဟား တခါထဲကို သူထိုးတော့မယ်၊ ဟာသူ Sonny Liston နဲ့ ထိုးတဲ့အခါကျရင် နိုင်ပါ့မလား၊ Sonny Liston ဆိုရင် အင်မတန် ကြောက်စရာကောင်းတာ၊ သူထိုးတဲ့လူတွေက အကုန်လုံးသူ အနိုင်ချည်းပဲ ရတာပဲ။ ဟော မိုဟာမက်အလီကျတော့ သူက Sonny Liston ကို နိုင်သွားတယ်။ အဲလိုပေါ့လေ စိတ်ဓာတ်ပိုင်းဆိုင်ရာကလည်း အင်မတန်ကောင်းတဲ့အတွက် လက်ဝှေ့သမားတွေ ကြားထဲသာ မကဘူး၊ ဗမာ့အားကစားလောကမှာ ဒီလူဟာ ကြိုးစားတယ်၊ အတုယူကြတယ်ပေါ့လေ”

လက်ဝှေ့ကျော်အလီဟာ မြန်မာ့အားကစားသမားတွေအတွက် အတုယူဖွယ် ဖြစ်ခဲ့တယ်လို့ ဦးထွန်းအောင် က ပြောပါတယ်။

“အဲဒီတော့ ဒီအကဲစမ်းမှုတွေ များနေတဲ့ ကြားကနေ အမျိုးမျိုး လက်မရှော့တမ်း ကျော်လွှားရတဲ့ဥစ္စာက စိတ်ဓာတ်ပိုင်းဆိုင်ရာကလည်း အင်မတန်ကောင်းတဲ့အတွက် ဒီမြန်မာအားကစားသမား လူငယ်များအတွက် သူ့ကို အတုယူဖွယ်ပေါ့လေ၊ အတုယူဖွယ် အားပေးတယ် သဘောကျကြတယ်”

သူ့ရဲ့ ဈာပနအခမ်းအနားကို သူ့ဇာတိ Kentucky ပြည်နယ် Louisville မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG