သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MVoter2015 ရွေးကောက်ပွဲ APPS မိတ်ဆက်

MVoter2015
MVoter2015

အခုလာမယ့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ အမျိုးသား၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေက နေရာပေါင်း ၁၁၇၀ အတွက် ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၆ ထောင်ကျော် ရှိတာဖြစ်ပါတယ်။

ဒါကြောင့် ဒီရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီတွေအကြောင်း အလွယ်တကူ လေ့လာနိုင်ဖို့အတွက် MVoter2015 လို့ခေါ်တဲ့ Smart Phone Application ကို လူငယ်အဖွဲ့တခုက မိတ်ဆက်ပေးလိုက်ပါတယ်။ မကြာမီက ကျင်းပခဲ့တဲ့ ဖန်တီးရာ # မဲပေးစို့ ဆိုတဲ့ ရွေးကောက်ပွဲ apps ပြိုင်ပွဲမှာ ဒီ apps ဟာ ပထမဆု ဒေါ်လာ ၄ ထောင် ဆွတ်ခူးခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မရှားဖောင် က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဆန္ဒမဲ ပေးတဲ့သူတွေကို အထောက်အကူပြုနိုင်အောင် Team Pop Stack ဆိုတဲ့ လူငယ်အဖွဲ့က ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းတွေနဲ့ ရွေးကောက်ပွဲမှာ မဲဘယ်လို ပေးရမလဲ ဆိုတဲ့ အချက်အလက်တွေပါတဲ့ smart phone Application ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

ရန်ကုန်မြို့လယ်ကောင်က တိုက်ခန်းအပေါ်ထပ်မှာ Team Pop Stack အဖွဲ့ဟာ ရွေးကောက်ပွဲအတွက် smart phone application ကို ပထမဦးဆုံး စတင်တီထွင် ဆောင်ရွက်တဲ့ လူငယ်အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်ပေါင်း ၂၀ ကျော် ရှိပါတယ်။ သူတို့အဖွဲ့ကနေ အခု တီထွင်ဆောင်ရွက်တဲ့ ရွေးကောက်ပွဲ applications ကို MVoter2015 လို့ နာမည်ပေးထားပါတယ်။

ဒီ MVoter2015 application ကို မြန်မာနိုင်ငံက သန်းနဲ့ချီပြီး Facebook ကို စွဲစွဲမြဲမြဲ သုံးစွဲကြတဲ့သူတွေကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ကတည်းက မိုဘိုင်းဖုန်းနဲ့ အင်တာနက် သုံးစွဲသူတွေ တဟုန်ထိုး မြင့်တက်လာတာဖြစ်ပြီးတော့ အခုလာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ လူမှုကွန်ယက် မီဒီယာဟာ အဓိက အခန်းကဏ္ဍတခုမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

လူဦးရေ ၅၁ သန်းကျော် ရှိတဲ့ မြန်မာနိုင်ငံမှာ Reuters သတင်းဌာနရဲ့ စစ်တမ်းအရ မိုဘိုင်းဖုန်း SIM ကတ် ၁၈ သန်းကျော် သုံးစွဲနေကြပြီး ဒါဟာ ၃ နှစ်အတွင်း ၁ သန်းနီးပါးလောက် တိုးမြင့်လာတာလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီ မိုဘိုင်း apps တီထွင်သူတွေထဲက တဦးဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် ကိုဖြိုးမင်းသူကတော့ သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

“လူငယ်ပိုင်းတွေလည်း ဒီရွေးကောက်ပွဲကို စိတ်ဝင်စားမှု မြင့်နေတဲ့အခါကျတော့ လူငယ်တွေသုံးတဲ့ ဖုန်းနဲ့ပဲ ကျနော်တို့ သူတို့ရဲ့ လိုအပ်ချက်တွေကို ပေးရမှာဖြစ်တဲ့အတွက် ကျနော်တို့ တနည်းအားဖြင့်တော့ အကောင်းဆုံး မဟုတ်ရင်တောင်မှ အသိပညာ ဖြန့်ဝေတဲ့ပုံစံမျိုးနဲ့တော့ ကျနော်တို့ အကျိုးပြုနိုင်မယ်လို့တော့ ထင်ပါတယ်။”

အခုဆိုရင် ဒီ ရွေးကောက်ပွဲဆိုင်ရာ မိုဘိုင်း apps ဟာ Android နဲ့ IOS အသုံးပြုသူတွေအနေနဲ့ သုံးစွဲနိုင်ပြီး ဒေါင်းလုပ် လုပ်သူပေါင်း ၄၀၀ လောက်ရှိပြီ ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ကလည်း ဒီ apps နဲ့ ပတ်သက်ပြီး ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ဖို့ အကြံပေးတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

အချက်အလက်တွေ ပေးနိုင်တဲ့ နည်းစနစ်ကျကျ ကျွမ်းကျွမ်းကျင်ကျင် ဆောက်လုပ်ထားတဲ့ ဝဘ်ဆိုဒ်တွေ မရှိတဲ့အတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေကလည်း အမြင်သဘောထားတွေကို Facebook လို လူမှုကွန်ယက် ဝဘ်ဆိုဒ်ပေါ်မှာပဲ ဆွေးနွေး ဖလှယ်နေကြပါတယ်။ မကြာသေးခင်ကလည်း အတိုက်အခံ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ နှစ်ယောက်စလုံးဟာ ရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးမယ့်သူတွေအတွက် ဗွီဒီယိုမိန့်ခွန်းကို Facebook ပေါ်မှာပဲ ဖြန့်ဝေခဲ့ကြပါတယ်။ ဒါ့အပြင် မဘသ ဘုန်းကြီးတွေကလည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ မျိုးစောင့်ဥပဒေ အောင်ပွဲနဲ့ ပတ်သက်တဲ့ လူထုဟောပြောပွဲ ဓာတ်ပုံတွေကို Facebook ပေါ်မှာ ဖြန့်ဝေခဲ့ကြပါတယ်။

ဒီလာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၉၀ ကျော်က ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တာကြောင့် ပထမအကြိမ် မဲပေးရမယ့်သူတွေ အတွက်ကတော့ ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ သိပ်ပြီးတော့ လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခု ထီထွင်လိုက်တဲ့ မိုဘိုင်း apps ဟာ သုံးစွဲသူအရေအတွက် သိပ်အများကြီး မရှိသေးပေမဲ့ ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် အသုံးဝင်တယ်လို့ မဲပေးမယ့်သူတွေက ပြောပါတယ်။

MVoter2015 application နဲ့ ပတ်သက်ပြီး သုံးစွဲသူ အသက် ၂၅ နှစ်အရွယ် မအိမြတ်ခိုင်က အခုလို ပြောပါတယ်။

“ဟိုမှာ Facebook မှာ Hot ဖြစ်နေတဲ့ လွှတ်တော်အမတ်တွေလောက်ပဲ သိတာပေါ့နော်။ ဒါပေမဲ့ အခုကျတော့ အဲဒီ candidate တွေကိုပါ သိရတယ်ဆိုတော့ ကောင်းတာပေါ့။ ပြီးတော့ သူက ကျန်တဲ့ Feature တွေလည်း တော်တော်စုံတယ် သူက။ ပါတီတွေအားလုံးရဲ့ ဥစ္စာတွေ ပြထားတာမျိုး၊ အဲဒီနေ့မှာ မဲပေးဖို့အတွက် ဘာတွေလုပ်ရမလဲဆိုတာ အဆင့်ဆင့်တွေပေါ့ ၁၊ ၂၊ ၃ တွေ ပြထားပေးတာမျိုးတွေ။”

နောက်ထပ် ရွေးကောက်ပွဲ မိုဘိုင်း apps အသုံးပြုသူ နောက်တဦးဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် ဆိုင်ပိုင်ရှင် မနီနီကလည်း အခုလို ပြောပါတယ်။

“တဆင့်ချင်းစီ ပြီးရင် ရန်ကုန်တိုင်း တတိုင်းလုံးကို ပြတယ်။ ပြပြီးတော့ တိုင်းတွေရွေးတယ်။ ရွေးပြီးလို့ရှိရင် မြို့နယ်ရွေးတယ်။ မြို့နယ်ရွေးပြီး အုပ်စုရွေးတယ်။ အမတို့ကျတော့ အုပ်စုနဲ့ ရှိတယ်လေ။ တဆင့်ချင်းစီဆိုတော့ အမက ဒါ ရှင်းသွားမှန်းသိတယ်။ အရင်ကဆိုရင်တော့ ငါ အချိန်ကုန်ရမယ်၊ ပိုက်ဆံကုန်ရမယ်၊ ပြီးလို့ရှိရင် ငါ့အတွက် ဘာမှလည်း ဟုတ်တာလည်း မဟုတ်ဘဲနဲ့။ မသွားတော့ဘူး။ အဲ့လိုမျိုး အမက ခံယူလိုက်တယ်။”

ရွေးကောက်ပွဲ မိုဘိုင်း application MVoter2015 ကို တီထွင်တဲ့ Team Pop Stack ဟာ မကြာသေးခင်က ကျင်းပတဲ့ Hack Challenge ဆိုတဲ့ မဲပေးစို့ IT နည်းပညာကျွမ်းကျင်းသူပြိုင်ပွဲမှာ ပထမဆုရပြီး ရွေးချယ်ခံလိုက်တဲ့ အဖွဲ့ဖြစ်ပါတယ်။ Hack Challenge ဆိုတဲ့ မဲပေးစို့ IT နည်းပညာ ကျွမ်းကျင်သူပြိုင်ပွဲကို အစိုးရအဖွဲ့အစည်း မဟုတ်တဲ့ Asia Foundation က စီစဉ်ကျင်းပတာ ဖြစ်သလို သြစတြေးလျအစိုးရ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာနက တစိတ်တပိုင်းအနေနဲ့ ငွေကြေးထောက်ပံ့မှု လုပ်ခဲ့တဲ့ ပြိုင်ပွဲဖြစ်ပါတယ်ရှင်။

This item is part of
XS
SM
MD
LG