သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေး စိန်ခေါ်မှု Forum 2000 မှာ ဆွေးနွေး


ارجنٹائن میں امریکہ کے صدر اوباما اور خاتون اول مشل ٹینگو ڈانسرز کے ساتھ رقص کر رہے ہیں۔
ارجنٹائن میں امریکہ کے صدر اوباما اور خاتون اول مشل ٹینگو ڈانسرز کے ساتھ رقص کر رہے ہیں۔

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ကြီးမားတဲ့စိန်ခေါ်မှုတွေ အခက်အခဲတွေရှိနေဆဲပဲလို့ ချက်သမ္မတနိုင်ငံမှာ ကျင်းပနေတဲ့ Forum 2000 ညီလာခံမှာ မြန်မာ့နိုင်ငံရေးနဲ့လူထုအခြေပြုအဖွဲ့ ဦးဆောင်သူတွေက တင်ပြခဲ့ကြပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့က ၁၅ ရက်နေ့ထိကျင်းပနေတဲ့ (၁၈) ကြိမ်မြောက် Forum 2000 ညီလာခံ အကြောင်း အပြည့်အစုံကိုတော့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ဒီနှစ်ကျင်းပတဲ့ Forum 2000 ညီလာခံမှာ ဒီမိုကရေစီဖေါ်ဆောင်မှုနဲ့ ဒီမိုကရေစီအပေါ်မကျေနပ်ချက်များ ဆိုတဲ့ခေါင်းစဉ်နဲ့ အဓိကထားဆွေးနွေးခဲ့တာပါ။ စနေနေ့က ချက်သမ္မတနိုင်ငံ မြို့တော် Prageu မှာ ကျင်းပတဲ့ ဖွင့်ပွဲအခမ်းအနားမှာလည်း ဒီနှစ်ညီလာခံမှာ ဒီမိုကရေစီပြောင်းလဲမှုတွေနဲ့ ပြဿနာတွေကို အဓိက ဆွေးနွေးမှာဖြစ်တယ်လို့ Forum 2000 အမှုဆောင်ညွန်ကြားရေးမှူး Jakub Klepalက အခုလိုပြောပါတယ်။

“ကျနော်တို့အနေနဲ့ စိုးရိမ်မကင်းဖြစ်မှုတွေ၊ မကျေမနပ်ဖြစ်မှုတွေကို နက်နက်နဲနဲ ဝေဖန်ဆန်းစစ်ဖို့ လိုအပ်သလို ကျနော်တို့ထားရှိတဲ့ရည်မှန်းချက်တွေ၊ ရွေးလမ်းတွေ၊ ဗျူဟာတွေ၊ လုပ်ရပ်တွေ၊ လစ်ဟင်းမှုတွေကို ပြန်လည် သုံးသပ်ဖို့လိုပါတယ်။ တချိန်တည်းမှာပဲ အခုလို မကျေနပ်မှုတွေ၊ စိုးရိမ်မကင်းဖြစ်မှုတွေကို ဆွေးနွေးကြတဲ့အခါမှာ မမေ့အပ်ဘူးလို့ ကျနော်တို့ ခံယူထားတဲ့အချက်က ဒီမိုကရေစီနဲ့ ဒီမိုကရေစီစံထားချက်တွေဟာ ဘယ်လောက် မှန်ကန်သလဲ၊ ဘယ်လောက် စွမ်းပကားကြီးသလဲ၊ ဒီမိုကရေစီဟာ ဘယ်လောက် သတိထားကိုင်တွယ်ဖို့ အရေးကြီးသလဲဆိုတဲ့ အချက်တွေပါပဲ။ ဒါ့အပြင် ဒီမိုကရေစီဆိုတာ ခံနိုင်ရည်စွမ်းလည်း ရှိတယ်ဆိုတာ မမေ့အပ်ပါဘူး။”

Forum 2000 ညီလာခံကို တက်ရောက်လာတဲ့ မြန်မာလူထုအခြေပြုအဖွဲ့အစည်းတွေကလည်း မြန်မာဒီမိုကရေစီအသွင်ကူပြောင်းရေးမှာ အလားအလာနဲ့ စိန်ခေါ်ချက်များဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြခွင့်ရခဲ့ပါတယ်။ အဲဒီမှာ ဦးဆောင်ဆွေးနွေးသူတဦးဖြစ်တဲ့ ယုံကြည်ရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပါရှားမှုအဖွဲ့ ညွန်ကြားရေးမှူး စိုင်းရဲကျော်စွာမြင့်က အခုလိုပြောပြပါတယ်။

“အဓိကအားဖြင့် ကျနော်ကကျတော့ လက်ရှိအနေအထားဟာ ချောမွေ့တယ်ဆိုတာကို ငြင်းစရာမရှိဘူး၊ သို့ပေမယ့်လည်း ကျနော်တို့မှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိတယ်။ လက်ရှိ ရှိနေတဲ့ ပြဿနာတွေ၊ တိုင်းရင်းသားပြဿနာ၊ ဘာသာရေးပြဿနာ၊ အဲဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ကျနော်တို့ရဲ့အတိုက်အခံဘက်ကရော၊ အတိုက်အခံ နိုင်ငံရေးပါတီတွေဘက်ကရော၊ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ၊ အရပ်ဘက် လူ့အဖွဲ့ အစည်းတွေ ဘက်ကရော ပြတ်တောက်နေတဲ့ ကွင်းဆက်တွေရှိတယ်။ နိုင်ငံကို၊ ပြည်သူလူထုကို နိုင်ငံရေးထဲမှာ သာမန်အားပေးရုံ မဟုတ်ဘဲနဲ့၊ လေးစားကြည်ညို အားပေးရုံမဟုတ်ဘဲနဲ့ နိုင်ငံရေးမှာ တကယ့်ကို နားလည်မှုနဲ့ အသိပညာရှင်နဲ့ ပါဝင်မှုဖြစ်လာအောင် ဘယ်လိုလုပ်သင့်လဲဆိုတဲ့ ကွင်းဆက်မျိုးပေါ့လေ၊ အဲလိုကွင်းဆက်မျိုးကို ပြန်ဖန်တီးဖို့လိုတယ်ဆိုတာကို ဆွေးနွေးဖြစ်ပါတယ်။”

နောက် ဦးဆောင်ဆွေးနွေးသူတဦးဖြစ်တဲ့ Women Peace Network Arakan ရဲ့တာဝန်ခံ မဝေေ၀နုကလည်း မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ ဘာသာရေးပဋိပက္ခတွေဖန်တီးဖြစ်ပေါ်လာတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ Forum 2000 ညီလာခံမှာ တင်ပြခဲ့တယ်လို့ပြောပါတယ်။

“ဘာသာနှစ်ခု၊ လူမျိုးနှစ်ခု၊ ဒါမျိုးဖြစ်နေလို့ နဂိုရ်ကတည်းက မုန်းနေလို့ ဒါမျိုးဖြစ်လာတဲ့ဟာမျိုး မဟုတ်ပါဘူးပေါ့နော်- ကျမတို့ဘာသာတွေ ဗမာပြည်ဟာ ဆိုလို့ရှိရင် ဗုဒ္ဓဘာသာ နိုင်ငံတခုဖြစ်တယ်။ နောက်ပြီးတော့ ကျမတို့လည်း အစ္စလာမ်ဘာသာဝင်တွေအနေနဲ့လည်း ဗုဒ္ဓဘာသာနိုင်ငံတခုမှာ ကျမတို့နေခဲ့ရတာကို ဂုဏ်ယူခဲ့တယ်ပေါ့နော်။ ဒီလို အနေအထားမျိုး၊ နောက်ပြီးတော့ ဘာသာပေါင်းစုံ ရင်းရင်းနှီးနှီး ကျမတို့ ငြိမ်းချမ်းစွာ နေထိုင်ခဲ့တယ်။ ပြည်သူတွေအားလုံးဟာ အရင်တုန်းက သူငယ်ချင်းတွေလို၊ မိတ်ဆွေတွေလို လေးနက်တဲ့ဆက်ဆံရေးတွေနဲ့ အနေအထားတွေနဲ့ နေထိုင်ခဲ့ကြတာလေ။ ဘာကြောင့် အခုမှ ဒီလိုမျိုးဖြစ်နေရမှာလဲ၊ မကြည့်နိုင်၊ မမြင်နိုင်ဖြစ်နေရမှာလဲ။ တယောက်နဲ့တယောက် သံသယတွေ ဖြစ်နေရမှာလဲ။ ဒါတွေ အားလုံးဟာ ကျမ highlight လုပ်တာက စနစ်တကျနဲ့ ဖန်တီးခံရတဲ့အရာတခုလို့ မြင်တယ်ပေါ့နော်။”

Forum 2000 ညီလာခံကိုတက်ရောက်လာတဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်ကလည်း မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ ဒီမိုကရေစိစနစ်ဖြစ်လာဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဟာ အဓိကအရေးပါတဲ့အကြောင်းတင်ပြခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ကိုနိုင်ငံလင်းကလည်း

“ကျနော်တို့ကတော့ ကျနော်တို့နိုင်ငံမှာရှိတဲ့ လူငယ်တွေက နိုင်ငံရေးမှာ အရမ်းတက်ကြွတဲ့အကြောင်းရယ်၊ နောက်ပြီး တော်တော်များများရှိတဲ့ လူထုလှုပ်ရှားမှုတွေ အားလုံးကိုလည်း လူငယ်တွေပဲ ဦးဆောင်တယ်ပေါ့နော်”

မနှစ်က ကျင်းပတဲ့ Forum 2000 အခမ်းအနားကို မြန်မာ့နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့သလို ကမ္ဘာ့ ခေါင်းဆောင်တွေ၊ နိုဘဲလ်ဆုရှင်တွေနဲ့ ပညာရှင်တွေလည်း နှစ်စဉ်တက်ရောက်လေ့ရှိပါတယ်။ အခုလို ကမ္ဘာ့ဒီမိုကရေစီရေးကို ထောက်ခံ အားပေးနေတဲ့ Forum 2000 ညီလာခံကို ကွယ်လွန်သွားပြီးဖြစ်တဲ့ ကမ္ဘာ့ဒီမိုကရေစီခေါင်းဆောင်တဦးဖြစ်သူ ချက်သမ္မတဟောင်း ဗားကလပ် ဟားဗဲလ်၊ ဂျပန်နိုင်ငံက လူမှုရေးအကျိုးတော်ဆောင် Yohei Sasakawa နဲ့ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် Elie Wiesel တို့ဦးဆောင်ပြီး ၁၉၉၆ ခုနှစ်မှာ စတင်ပြီး ချက်သမ္မတ နိုင်ငံမှာ စတင်ပြီး နှစ်စဉ်ကျင်းပခဲ့ပါတယ်ရှင်။

XS
SM
MD
LG