သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရေး လွှတ်တော်မှာ စတင်ဆွေးနွေး


၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတင်သွင်းထားတဲ့ အစီရင်ခံစာအပေါ် ဒီကနေ့ စတင်ဆွေးနွေးရာမှာ ကန့်ကွက်မှုတွေရော၊ ထောက်ခံမှုတွေပါ ရှိခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ၂၀ လောက် ဆွေးနွေးခဲ့ကြပေမဲ့ ပါဝင်ဆွေးနွေးဖို့ အမည်စာရင်း တင်သွင်းထားတာကို ရုပ်သိမ်းထားတဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ်တွေတော့ မပါဝင်ခဲ့ပါဘူး။ အပြည့်အစုံကိုတာ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။

နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို တဖြည်းဖြည်း လျှော့ချသွားဖို့ အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်တွေ ထွက်လာပြီးနောက် ထောက်ခံမှုတွေ၊ ကန့်ကွက်မှုတွေ ပေါ်ပေါက်နေတာပါ။ ဒီကနေ့ ဆွေးနွေးရာမှာလည်း ပူးတွဲကော်မတီရဲ့ အစီအစဉ်ဟာ ဥပဒေနဲ့ မညီတဲ့ လုပ်ငန်းစဉ်အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးသိန်းထွန်း က ကန့်ကွက်ခဲ့ပါတယ်။

“ဥပဒေပြုအာဏာကို အမြင့်ဆုံးဆောင်ရွက်ခွင့်ရှိတဲ့ ပြည်ထောင်စုလွှတ်တော်ကြီးက ဥပဒေပြုတာမှာ ဥပဒေက ခွင့်ပြုထားတဲ့ အချက်များနဲ့ ဘောင်ကျော်လို့မရပါဘူး။ ဘောင်ကျော်ခဲ့ရင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာထိပါး ခဲ့ရင် ကျနော်တို့မှာတာဝန်ရှိလာပါလိမ့်မယ်။ လွှတ်တော်များက တည်ဆဲဥပဒေများကို ပြင်ဆင်ခြင်း၊ အစားထိုးခြင်း၊ ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်းများကို လုပ်ပိုင်ခွင့်များရရှိပြီဖြစ်ကာ ဥပဒေ အတည်မပြုမချင်း တည်ဆဲဥပဒေကိုလေးစားကြရပါမယ်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံတိုင်းအတွက် အထွဋ်အမြတ်ပါဘဲ။ ပြင်သင့်ပြင်ထိုက်တာတွေကိုပြင်ဆင်ရမှာပါ။ ကျနော်တို့အနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကြိုဆိုပါတယ်၊ ထောက်ခံပါတယ်။ ယခု ဆောင်ရွက်မယ့် ပူးပေါင်းကော်မတီ အစီရင်ခံစာက၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲက အခန်း ၁၂မှာပါတဲ့ ပုဒ်မ ၄၃၃၊ ပုဒ်မ ၄၃၄-၄၃၅- ၄၃၆ တို့ရဲ့ ပြင်ဆင်ဆောင်ရွက်ခြင်းကို အရပ်ထဲက စတစ်ကာကမ်ပိန်းအပေါ် အရေးကြီးအဆိုတင်ပြီး ပူးပေါင်းကော်မတီဖွဲ့စည်းကာ ဆောင်ရွက်ခြင်း ဖြစ်တဲ့အတွက်အစထဲက ကျနော်တို့ သဘောမတူကြောင်း ကန့်ကွက်ခဲ့ပါတယ်။”

လွှတ်တော်မှာ ဆွေးနွေးခဲ့ကြတဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေကတော့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို တင်ပြခဲ့ကြပါတယ်။ ရခိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကတော့ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာမှာ တင်ပြချက်တွေကို ထိထိရောက်ရောက် ပြင်ဆင်နိုင်ဖို့ တိုက်တွန်းသွားပါတယ်။

“ကျမတို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်နိုင်ငံ တည်ဆောက်ဖို့ ဆိုရင် နိုင်ငံရဲ့ မိခင်ဥပဒေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ စံနှုန်းပြည့်ဝပြီး ဖက်ဒရယ် အစစ်အမှန်ကို ဖော်ဆောင်နိုင်တဲ့ အခြေခံဥပဒေကို မရှိမနေ ဆောင်ရွက်ရပါမယ်။ ဒါကြောင့် ကျန်ရှိနေတဲ့ လွှတ်တော်သက်တမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာပုဒ်မတွေနဲ့ ပတ်သတ်ပြီး ပြင်ဆင်ဖို့အတွက် အဓိကထားဆောင်ရွက်ရပါမယ်။ အဆိုပါ အခန်း ၁၂ ကို ပြင်ဆင်လိုက်ခြင်းဖြင့်ကမ္ဘာမှာ ပြင်ဆင်ရ အခက်ခဲဆုံး အခြေခံဥပဒေအဖြစ်ကနေ ဒီမိုကရေစီ စံနှုန်းများနဲ့ ပြည့်ဝတဲ့ အခြေခံဥပဒေအဖြစ် ပြည်သူ့ဆန္ဒနဲ့ လိုက်လျောညီထွေ ပြင်ဆင်လာနိုင်မှာဖြစ်ကြောင်း ဆွေးနွေးလိုပါတယ်။ တကယ်လို့ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း နည်းလမ်းဟာ နိုင်ငံတော်အခြေခံမှုကို အပြည့်အ၀ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ အာမခံချက် မပေးနိုင်ဘူးဆိုရင် အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲခြင်းဟာ ပိုမို ကောင်းမွန်တဲ့ နည်းလမ်းတခုဖြစ်မလားဆိုတာ ကျမတို့ ပြည်ထောင်စုလွှတ်တော်အနေနဲ့ လိုအပ်ရင်သုံးသပ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ခေါင်းဆောင်များအကြား Political negotiation လို့ခေါ်တဲ့ နိုင်ငံရေးအရ ညှိနှိုင်းမှုများကို ဆောင်ရွက်ဖို့ကိုလည်း ကျမတို့ ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းသင့်ပါတယ်။”

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီတင်သွင်း ထားတဲ့ အစီ ရင်ခံစာအပေါ် ဆွေးနွေးရာမှာ အမည်စာရင်း တင်သွင်းထားတာကို ရုပ်သိမ်းခဲ့တဲ့ တပ်မတော်သား ကိုယ်စားလှယ် တွေတော့ မပါခဲ့ပါဘူး။ အစောပိုင်းမှာတုန်းက ဆွေးနွေးဖို့ အမည်စာရင်း တင်သွင်းထားတဲ့ ကိုယ်စားလှယ် စုစုပေါင်း ၁၂၅ ယောက်အနက် တပ်မတော်သား ကိုယ်စားလှယ် ၇၈ ဦး လည်းပါဝင်ခဲ့တာပါ။ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်ကို သတင်းထောက်တွေက မေးမြန်းရာမှာတော့ အခုလို တုံ့ပြန်ခဲ့ပါတယ်။

“ကျနော်တို့အစီအစဉ်က လွှတ်တော်အစီအစဉ်အတိုင်းပါဘဲ။ ကြေညာထားတာဘဲလေ။ ကျနော်တို့အစီအစဉ် တိုင်းဘဲဆက်ကြည့်ပါ။ ကျနော်တို့အစီအစဉ်အတိုင်းဘဲဆက်လုပ် မှာဆိုတော့ထူးထူးခြားခြားပြောစရာမရှိပါဘူး”

NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် ကတော့ တပ်မတော်သားကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးမှု မရှိတဲ့ အတွက် လုပ်ငန်းစဉ်တခု အချိန်တိုတိုနဲ့ ပြီးသွားနိုင်တယ်လို့ မြင်တဲ့အကြောင်းပြောပါတယ်။

“လွှတ်တော်မှာ ဆွေးနွေးဖို့ဆိုတာကလည်း အမည်စာရင်းတင်ထားပြီး မဆွေးနွေးပဲနဲ့ အချိန်မရွေး ပြန်ရုပ်သိမ်းလို့ရတယ်။ အကယ်၍သတ်မှတ်ထားတဲ့ ရက်အတွင်းမှာ အမည်စာရင်း မတင်သွင်းရင်နောင် ဆွေးနွေးချင်ရင်တောင်မှ ဆွေးနွေးလို့မရဘူး။ အခုလောလောဆယ် အနေအထားနဲ့ ပြန်ပြီးတော့ မဆွေးနွေးဘူးဆို တာကျတော့ဘာတခုဖြစ်လဲဆိုရင် အချိန်အားဖြင့်အများကြီးသက်သာသွားတယ်။ နောက်အထူးအခုအခံ အတိုက်အခံများဖြစ်မလားပေါ့ အဲလိုစိုးရိမ်တယ်၊ အခုတော့ ပြန်ပြီးတော့ နုတ်ထွက်သွားတယ်ဆိုတော့ အဲလိုအခြေအနေမျိုးမပေါ်ပေါက်လာနိုင်တော့ဘူးလို့ မှန်းဆလို့ရတာပေါ့”

အဖွဲ့ဝင် ၄၅ ဦးပါဝင်တဲ့ ပူးပေါင်းကော်မတီဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အချက်ပေါင်း ၃၇၆၅ ချက်ကို စုစည်းပြီး ပြည်ထောင်စုလွှတ်တော်မှာ ဇူလိုင်လ ၁၅ ရက်နေ့က အစီရင်ခံစာ တင်သွင်းခဲ့တာပါ။ ပြည်ခိုင်ဖြိုးပါတီကတော့ ပူးပေါင်းကော်မတီ ဖွဲ့စည်းဆောင်ရွက်တာဟာ ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘူးလို့ ခံယူထားကြောင်းနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေလိုပဲ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာတဲ့ အနေနဲ့သာ ပူးပေါင်းကော်မတီမှာ ပါဝင်ခဲ့တာဖြစ်ကြောင်းလည်း သဘောထား မှတ်ချက်ပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG