သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှု အမေရိကန်ဦးစားပေးမည်


၂၀၁၀ ရွေးကောက်ပွဲကျင်းပခဲ့စဉ်၊ (နိုဝင်ဘာ၊ ၂၀၁၀)
၂၀၁၀ ရွေးကောက်ပွဲကျင်းပခဲ့စဉ်၊ (နိုဝင်ဘာ၊ ၂၀၁၀)
မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အရင်နဲ့မတူ တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်လာစေရေး ဟာ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံ မူဝါဒနဲ့ပတ်သက်လို့ ဦးစားပေး ကူညီဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ အမေရိကန်လွှတ်တော် အမတ်တွေနဲ့ အစိုးရပိုင်းတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ဒါပေမယ့် ၂၀၁၅ ခရီးမှာ အဖုအထစ်တွေ အကဲစမ်းချက်တွေတော့ ရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦး တင်ဆက်ပေးမှာပါ။

အာရှ ပစိဖိတ်ဒေသတွင်း ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အထက်လွှွတ်တော်ကြားနာပွဲ အတွင်းမှာ မြန်မာနိုင်ငံတွင်း က နိုင်ငံရေးဖြစ်ထွန်းမှု အခြေအအနေတွေကို အမေရိကန်လွှတ်တော် အမတ်တွေနဲ့ အစိုးရပိုင်းတာဝန်ရှိသူတွေ သုံးသပ်ဆွေးနွေးခဲ့ကြတာပါ။ မနေ့က မနက်ပိုင်း အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီ ရဲ့ အာရှ ပစိဖိတ်ရေးရာ ကြားနာပွဲ အတွင်းမှာပဲ အာရှပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဌဖြစ်တဲ့ အထက်လွှတ်တော်အမတ် Benjamin Cardin မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တရားမျှတမှုရှိရေးအတွက် အကူအညီပေးရေးဟာ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်း ဦးစားပေးကိစ္စ တရပ်ဖြစ်တယ် ဆိုပြီး ပြောသွားတာပါ။

ကြားနားစစ်ဆေးခံသူတဦးဖြစ်တဲ့ နိုင်ငံခြားရေးဌာန ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Bair ကလည်း ဒီအချက်ကို လက်ခံပါတယ်။ အခုလာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ အရင်တုန်းက ၂၀၁၀ ရွေးကောက်ပွဲနဲ့ မတူ ကွဲလွဲပြီး မြန်မာနိုင်ငံအတွက် သမိုင်းတွင်မယ့် ဖြစ်ရပ်ဖြစ် လာလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောသွားပါတယ်။

ဒါပေမယ့်လည်း ၂၀၁၅ မတိုင်ခင် ခရီးလမ်းမှာ အခက်အခဲတွေ အတားအဆီးတွေ ရှိလာနိုင်တယ်လို့လည်း တွက်ဆပါတယ်။ အခုလို နိုင်ငံရေးအရ အခြေအနေတွေ တိုးတက်လာဖို့ဆိုရင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အားကောင်းခိုင်မာလာရေးဟာ အရေးကြီးတယ်လို့ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Bair က ပြောသွားပါတယ်။

“တိုင်းပြည်ရဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ခိုင်မာအားကောင်းလာတော့မှ မြန်မာနိုင်ငံရဲ့ဖူးပွင့်စ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဟာလည်း အောင်မြင်နိုင်မှာဖြစ်ပါတယ်။ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ အားကောင်းမှုဟာ၊ အသွင်ကူးပြောင်းရေးကို အထောက်အကူပြုနိုင်ပါတယ်။ ဒါကြောင့်လည်းပဲ အကျဉ်းထောင်တွေက ပြန်လွတ် လာတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ လူ့အဖွဲ့အစည်း အတွင်း နိုင်ငံသား အခွင့်အရေးတွေ ပြန်လည်ရရှိစေဖို့ ကျနော်တို့ ဆက်ပြီး တွန်းအားပေးနေ ပါတယ်။ အစိုးရအနေနဲ့လည်း မကြာခင်က ဖွဲ့လိုက်တဲ့ နိုင်ငံရေး အကျဉ်းသားစီစစ်ရေးကော်မတီ အပါအဝင် အဲဒီ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေကို တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုတွေလုပ်ဖို့ အားပေးတိုက်တွန်းနေပါတယ်။”

နိုင်ငံခြားရေးဌာန အာရှ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက် ယွန်းကလည်း မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ တိုးတက်ပြောင်းလဲမှုတွေကြောင့် အမေရိကန်- မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးပိုင်းမှာ အခန်းကဏ္ဍသစ် ပွင့်လာစေတယ်လို့ ပြောပါတယ်။ အထူးသဖြင့်တော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံသွားရောက်ခဲ့တာကို ထောက်ပြပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အပြောင်းအလဲတွေဟာ မျှော်မှန်းတာထက်ကို ပိုမိုခဲ့တာကြောင့်၊ မြန်မာနိုင်ငံ အခြေအနေအပေါ်မှာ အကောင်းမြင်တယ်လို့ သူက သုံးသပ်ပါတယ်။ ဒီထက် ပိုမို တိုးတက်လာဖို့ မြန်မာနိုင်ငံ တွင်းက ပြုပြင်ပြောင်းလဲရေးလိုလားသူတွေ အားကောင်းခိုင်မာလာအောင် အမေရိကန်ပြည်ထောင်စုက ထိစပ် ကူညီသွားမှာဖြစ်ပါတယ်လို့ ဂျိုဆက် ယွန်းက ပြောပါတယ်။

“သမ္မတ အိုဘားမားရဲ့ ပြီးခဲ့တဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရှိလာဖို့ အမေရိကန်ပြည်ထောင်စုက အကူအညီပေးမယ်ဆိုတာကို အဓိက အလေးပေးပြောခဲ့ပါတယ်။ အထူးသဖြင့်ကတော့ လူ့အခွင့်အရေးဆိုင်ရာ အကဲစမ်းချက်တွေကို ဖြေရှင်းတဲ့နေရာမှာ အကူအညီပေးဖို့ပါ။ ဒါ့အပြင် ပြုပြင်ပြောင်းလဲရေးလိုလားသူတွေ အားကောင်းလာဖို့အတွက် ကျနော်တို့ အကူအညီတွေ ပေးသွားမျာပါ။ အပြုသဘော တိုးတက်မှုတွေကို မြင်တွေ့နေရတဲ့ တချိန်တည်းမှာပဲ၊ လူ့အခွင့်အရေးဆိုင်ရာ လိုအပ်ချက်တွေ ဒီမိုကရေစီရေးမှာ အားနည်းနေတာတွေကို တိုးတက်ကောင်းမွန်လာဖို့အတွက်လည်း ဆက်ပြီး တွန်းအားပေးသွားမှာပါ။”

ဒါပေမယ့်လည်း ဒီလိုအခြေအနေမှာပဲ စိုးရိမ်ပူပင်စရာ စိန်ခေါ် အကဲစမ်းချက်တွေကတော့ ရှိနေတုန်းပဲလို့ မစ္စတာယွန်းက ထောက်ပြခဲ့ပါတယ်။ အဲဒီထဲ တိုင်းရင်းသားလူနည်းစုပြဿနာ နှစ်ခု ရှိနေတယ်လို့ ထောက်ပြပါတယ်။ တခုကတော့ ကချင်ကိစ္စဖြစ်ပြီး၊ နောက်တခုကတော့ ရိုဟင်ဂျာ လူနည်းစုကိစ္စလို့ ဆိုပါတယ်။ မြန်မာနဲ့ ဆက်ဆံမှုတွေ တိုးမြင့်လာတဲ့အချိန် ဖွံဖြိုးရေးအကူအညီတွေ တိုးပေးသလိုပဲ၊ စစ်ဖက်ချင်း ဆက်ဆံရေးကိုလည်း ခြေလှမ်းငယ်သဘော စတင်လှမ်းလာပြီလို့ မစ္စတာ ယွန်းက ပြောခဲ့ပါတယ်။ ကြားနာပွဲမှာ ပါဝင်တဲ့ Freedom House လူ့အခွင့်အရေးအဖွဲ့က Ellen Bork ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိပေမယ့်လည်း၊ လက်ရှိ ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေအားလုံး အလျင်အမြန် ပြန်လည် ရုပ်သိမ်းသွားမျာကို စိုးရိမ်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ရလဒ်အထိ စောင့်ကြည့်သင့်တယ်၊ စစ်တပ်က နိုင်ငံရေးထဲ ပါဝင်နေမှု လျှော့ချ လာတဲ့အထိ စောင့်ကြည့်သင့်တယ်လို့ အကြံပြုသွားတာတွေ့ရပါတယ်။
XS
SM
MD
LG