သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆက်သွယ်ရေးဥပဒေပြင်ဆင်ချက်မူကြမ်း အမျိုးသားလွှတ်တော်တင်သွင်း


လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့်ကို ထိခိုက်စေတယ်ဆိုပြီး ဝေဖန်နေကြတဲ့ ဆယ်သွယ်ရေးဥပဒေ ပြင် ဆင်ချက် မူကြမ်းကို အမျိုးသားလွှတ်တော်မှာ စတင် တင်သွင်းလိုက်ပြီဖြစ်ပါတယ်။ ဒီ ဥပဒေ မူကြမ်းမှာလည်း အငြင်းပွားစရာတွေ ရှိနေဆဲမို့ အများပြည်သူရဲ့ အကြံပြုဆွေးနွေးမှုတွေအပေါ် သေချာဆန်းစစ် လေ့လာပြီးမှ အတည်ပြု ပြဌာန်းပေးဖို့ တတ်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ဒီမိုကရေစီ စံနှုန်းတွေကို အဟန့်အတားဖြစ်စေတဲ့ ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ထားတဲ့ ဥပဒေ မူကြမ်းကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ဒီကနေ့ ဇူလိုင်လ ၁၃ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ တင် သွင်းလိုက်တာပါ။

"လက်ရှိ ပြဌာန်းထားတဲ့ ဥပဒေအရ တရားစွဲဆိုခံရသူအနေနဲ့ မမှန်မကန် စွပ်စွဲ တိုင်ကြားခြင်းခံရတာက နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ပြည်သူများအကြား ဝေဖန်မှုများ မြှင့်တက်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။"

ပြင်ဆင်ထားတဲ့ ဆက်သွယ်ရေး ဥပဒေ မူကြမ်းမှာ တရားစွဲဆိုခံရသူက အာမခံရနိုင်တယ်ဆိုတဲ့ အချက် ကလွဲလို့ ထိရောက်တဲ့ ပြင်ဆင်မှုမျိူး မပါတာမို့ လွှတ်တော်အနေနဲ့ အများပြည်သူရဲ့ အကြံပြုဆွေးနွေးမှု ကို သေချာ ခံယူဖို့ ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေးနဲ့ပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ လွှတ်တော်အနေနဲ့ အများပြည်သူရဲ့ အကြံပြုဆွေးနွေးမှုကို လက်ခံမလား ဆို တာ စောင့်ကြည့်ရမယ်လို့ ဆက်သွယ်ရေး ဥပဒေပြင်ဆင်ရေးနဲ့ ပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေး လှုပ်ရှားသူ မဇာခြည်ဦးက အခုလိုပြောပါတယ်။

" အမတို့ တောင်းဆိုချင်တာကတော့ Public Hearing လုပ်ပေးပါပေါ့။ အဲ့လိုတောင်းဆိုတဲ့အခါမှာ အမတို့ အဖွဲ့သာမက အခြားသော အရပ်ဖက်အဖွဲ့အစည်းတွေကိုပါ ဖိတ်ခေါ်ပြီးတော့ Public Hearing လုပ်ပေးပါ့မယ်လို့ သူတို့ဘက်က ကတိပေးထားတာရှိပါတယ်။ အဲ့တော့ တချက်က သူတို့ ဒါကို ချက်ချင်းအတည်ပြုလိုက်မလားပေါ့။ အတည်ပြုလိုက်တယ်ဆိုရင် ဒါဟာ သမိုင်းမှာ သက်သေဖြစ်သွားပြီ။ ပြည်သူ့အသံသည် လွှတ်တော်အသံလို့ ပြောထားတဲ့ လွှတ်တော်ဟာ ပြည်သူ့ရဲ့ အသံကို နားမထောင်ဘဲနဲ့ ဒါကို Pass လုပ်လိုက်တယ်ဆိုရင် သမိုင်းမှာ သက်သေဖြစ်သွားမယ်။ အဲ့လိုမဟုတ်ပဲနဲ့ Public Hearing လုပ်မယ်၊ အများပြည်သူ ပါဝင်ခွင့်ရအောင် လုပ်မယ်ဆိုတဲ့ဟာမျိုးကို လမ်းဖွင့်ပေးလိုက်မယ်ဆိုရင်လည်း ဒါဟာ သမိုင်းမှာ သက်သေဖြစ်သွားပြီ။ လွှတ်တော်ဟာ ပြည်သူ့အသံကို နားထောင်တယ်၊ လွှတ်တော်ဟာ တကယ်ပဲ ပြည်သူတွေရဲ့ စကားကို ထည့်သွင်းစဉ်းစားတယ်ဆိုတာမျိုးဖြစ်သွားမယ်။ အဲ့တော့ လွှတ်တော်ဟာ ဘယ်လမ်းကို ရွေးမလဲဆိုတာတော့ စောင့်ကြည့်ရပါလိမ့်မယ် "

အသစ်ရေးဆွဲထားတဲ့ ဥပဒေကြမ်းမှာ ပုဒ်မ ၆၆(ဃ)နဲ့ တရားဆွဲဆိုနိုင်တဲ့ အသေရေဖျက်ခြင်း ပြစ်မှု ကျန်ရှိနေသေး သလို ပုဒ်မ ၆၆ ပုဒ်မခွဲ (ဂ)၊ (ဃ)နဲ့ ပုဒ်မ ၆၈ ပုဒ်မခွဲ (က)ပါ ပြစ်မှုတွေနဲ့ တရားစွဲဆိုမယ်ဆိုရင် ဆက် သွယ်ရေး ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ယူစရာမလိုဘဲ ပြည်ထဲရေးဌာန လက်အောက် ရဲတပ်ဖွဲ့ လုပ်ပိုင်ခွင့်နဲ့ တိုက်ရိုက် တရားစွဲဆိုနိုင်မယ့်အပေါ် ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားသူတွေက စိုးရိမ်နေကြ တာပါ။

ဆက်သွယ်ရေး ဥပဒေ ပြင်ဆက်ချက် မူကြမ်းကို လွှတ်တော်မှာ ဆွေးနွေးတဲ့အခါ လွှတ်တော် ကိုယ်စား လှယ်တွေအနေနဲ့ ပြည်သူ့ဆန္ဒကို လျစ်လျူမရှုဘူးဆိုတာ ယုံကြည်တယ်လို့ အမျိုးသား လွှတ်တော် အမတ် မထုမေက ပြောပါတယ်။

" ပြည်သူ့ကိုယ်စားလှယ် အများစု ဖွဲ့စည်းထားတဲ့ လွှတ်တော်မို့လို့ ပြည်သူ့အသံကိုတော့ နားထောင်ကြပါလိမ့်မယ်။ ပြည်သူ့အသံကိုတော့ ကိုယ်စားပြုကြပါလိမ့်မယ် လို့တော့ ယူဆတယ်။ ဘာလို့လဲဆိုတော့ အခုမှ လွှတ်တော်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနက တင်တာပဲရှိသေးတယ်ပေါ့နော်။ ဒီအပေါ်မှာ ဘယ်သူက ဘယ်လိုဆွေးနွေးမယ် ဆိုတာတော့ ကျွန်မအပါအဝင်ပေါ့။ အကုန်လုံးကတော့ Freedom of Expression ရဲ့ တန်ဖိုးတရားကို လက်ကိုင်ထားပြီး ဆွေးနွေးကြမယ်လို့တော့ ယုံကြည်ပါတယ်ရှင့်"

လက်ရှိ NLD အစိုးရလက်ထက် ဆက်သွယ်ရေး ဥပဒေနဲ့ တရားရုံးတင် တရားစွဲဆွဲခံရတဲ့ အမှုပေါင်း ၆၅မှု အထိရှိပြီး တပ်မတော်က တရားစွဲဆိုခဲ့တဲ့ အမှု ၇မှု၊ NLD ပါတီက တရားစွဲဆိုတာ ၆မှုနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ကြားလူက တရားစွဲဆိုခဲ့တာ ၈ မှု ပါဝင်ပါ တယ်။ အဲ့ဒီအထဲမှာ သတင်းမီဒီယာသမားတွေအပေါ် အရေးယူထားတဲ့ အမှု ၉ မှု အထိရှိနေပြီး လက်ရှိ မှာ သတင်းသမား ၁၄ဦး တရားရင်ဆိုင်နေရတာလဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG