သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဒ်မ ၆၆ (ဃ) နဲ့ ၁၇ (၁) ဖျက်သိမ်းရေး ကချင်ပြည်နယ်သတင်းထောက်တွေ တောင်းဆို


ရန်ကုန်မှာ သတင်းထောက်တွေ ဆန္ဒပြခဲ့စဉ်။ (ဇွန် ၈-၂၀၁၇)
ရန်ကုန်မှာ သတင်းထောက်တွေ ဆန္ဒပြခဲ့စဉ်။ (ဇွန် ၈-၂၀၁၇)

လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ကို အနှောက်အယှက်ဖြစ်စေတဲ့ ပုဒ်မ၆၆(ဃ )ကိုဖျက်သိမ်းပေးဖို့ တပ်မတော်ကနေ ဖမ်းဆီးထားတဲ့ သတင်းသမားတွေကို ပြန်လွှတ်ပေးဖို့နဲ့ ကချင်ပြည်နယ်အစိုးရအနေနဲ့ သတင်းအချက် အလက်တွေကို ထုတ်ပြန်ပေးဖို့ ကချင်ပြည်နယ်က သတင်းမီဒီယာသမားတွေကနေ ဒီကနေ့မြစ်ကြီးနားမြို့မှာ ဆန္ဒဖေါ် ထုတ်တောင်းဆိုခဲ့ကြပါတယ်။ ဒီအခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ သတင်းသမားတွေကနေစုပေါင်းပြီးအစိုးရအနေနဲ့ ပုဒ်မ၆၆(ဃ )ဖျက်သိမ်းရေး အဖမ်းဆီးခံသတင်း သမားတွေကိုလွှတ်ပေးရေးနဲ့ ကချင်ပြည်နယ်အစိုးရအနေနဲ့သတင်းအချက်အလက်တွေကို ထုတ်ပြန်ပေးဖို့တောင်းဆိုခဲ့ တယ်လို့ ဆန္ဒဖေါ်ထုတ်ပွဲမှာပါဝင်တဲ့ Eleven မီဒီယာက အကြီးတန်းသတင်းထောက် ကိုထွန်းလင်းအောင်ကပြောပါတယ်။

" အစိုးရအဖွဲ့ တပ်မတော်အပြင် အခြားသောအဖွဲ့အစည်းအသီးသီးကနေပြီးတော့ လူထုနဲ့သတင်းမီဒီယာအပေါ် လက်နက်သဖွယ်အသုံးပြုနေသည့် ပုဒ်မ ၆၆ဃ ပေါ့လေ အဲ့တာကို အမြန်ဆုံးဖျက်သိမ်းပေးဖို့၊ နိုင်ငံတော်အစိုးရအနေနဲ့ ဖမ်းဆီးခံတဲ့ သတင်းသမားတွေအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒါကို ကျနော်တို့ တောင်းဆိုတာပါခင်ဗျ။ ကျနော်တို့ ပြည်နယ်အစိုးရနဲ့သက်ဆိုင်တဲ့ တောင်းဆိုချက်ကတော့ အများပြည်သူနဲ့ဆိုင်တဲ့သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ဖြေကြားပေးဖို့ လတ်တလောအရေးတကြီးဖြစ်နေတဲ့ကိစ္စရပ်တွေကို အချိန်စောင့်ဆိုင်းခြင်းမရှိပဲနဲ့ မေးခွန်းတင်ရန်မလိုပဲနဲ့ ဖြေကြားပေးဖု့ိ အစိုးရအဖွဲ့ရဲ့လုပ်ဆောင်ချက်တွေကို ပြည်သူတွေ သိရှိနိုင်ဖို့ဆိုရင် တစ်လတစ်ကြိမ်အစိုးရအဖွဲ့က သတင်းစာရှင်းလင်းပွဲလေးပြုလုပ်ပေးဖို့ အဲ့တာက ပြည်နယ်အစိုးရကို တောင်းဆိုတာခင်ဗျ။"

ဒီကနေ့မနက်(၁၀)နာရီမှာ မြစ်ကြီးနားအခြေစိုက်သတင်းသမား(၃၀)ကျော်ကနေ မြစ်ကြီးနားမြို့ ပြည်နယ်တရားရုံးအရှေ့ ပြည်သူ့ အားကစားကွင်းအရှေ့နဲ့ မြစ်ကြီးနားဘူတာ အရှေ့(၃)နေရာမှာ သတင်းလွတ်လပ်ခွင့်ရှိစေရေး၊ မီဒီယာဖိနှိပ်မှုရပ်၊ ဖမ်းဆီးခံသတင်းသမားများ အမြန်လွှတ်ပေး စသည့်စာတန်းပါ တွေကိုကိုင်ဆောင်ပြီး စုရုံးဆန္ဒဖေါ်ထုတ်ခဲ့ကြတာပါ။

အထူးသဖြင့် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ကို အနှောက်အယှက်ဖြစ်စေတဲ့ ပုဒ်မ၆၆(ဃ)ကို ကန့်ကွက် ရတာနဲ့ပက်သက်လို့ ကိုထွန်း လင်းအောင်က အခုလိုဆက်ပြောပါတယ်။

"၆၆ဃ နဲ့ပတ်သက်လို့ ပြောကြတဲ့အခါကျတော့ သတင်းမီဒီယာတွေက တင်ပြတဲ့အခါ လူမှုကွန်ရက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်ခ်တို့ မြန်မာနိုင်ငံမှာ အထူးသဖြင့် တင်ကြတယ်။ သတင်းတခုသည် ဒီသတင်းဟာ ပြည်သူအတွက် အစိုးရအတွက်လည်း ပြင်စရာရှိတာ ပါမယ် လူထုအတွက်လည်း သိသင့်တာလေးတွေပါမယ်ဆိုရင် သတင်းတိုက်တွေ အားလုံးက ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ် တင်ကြတယ်။ ဒီလိုတင်ကြတဲ့အခါ သူတို့ရဲ့ဥပဒေကြီးက အဆိုးဆုံးက အာမခံမရတာ အဆိုးဆုံးပဲ။ ၆၆ဃ ဆိုတာနဲ့ ခင်ဗျား အချုပ်ထဲမှာနေဆိုတဲ့အဓိပါယ်သက်ရောက်နေတယ်။ ဒါတော့ လုံးဝမဖြစ်သင့်ဘူး။"

ကချင်ပြည်နယ်အတွင်းမှာလဲ ပြည်နယ်အစိုးရအနေနဲ့ သတင်းမီဒီယာတွေကနေမေးမြန်းလာတဲ့မေးခွန်းကိုဖြေကြားပေးဖို့နဲ့ သတင်း ထုတ်ပြန်ပေးဖို့အားနည်းနေတဲ့အပိုင်းမှာရှိနေတယ်လို့ ဒီအခြေအနေနဲ့ပက်သက်လို့ မြစ်ကြီးနားအခြေစိုက် မြစ်ကြီးနားဂျာနယ်အယ်ဒီတာချုပ်ဆိုင်းမိုင်က ပြောပါတယ်။

"ပြန်ကြားရေးနဲ့မှာ ကျနော်တို့မှာ အခက်အခဲတွေ အများကြီးရှိတယ်။ ဘယ်လို အခက်အခဲရှိလဲ ဆိုတော့ ကျနော်တို့ သတင်းထဲမှာ မချပြနိုင်ပါဘူး။ သူတို့တစ်နှစ်စာ ဘာတွေ လုပ်ဆောင်သွားသလဲဆိုတာ ကျနော်တို့ ဘာမှ မသိရပါဘူး။ ကျနော်တို့မသိရတာမဟုတ်ပါဘူး ပြည်သူတွေ မသိရတာပါ။ သူတို့ သတင်းတွေ မထုတ်ပြန်ပေးတဲ့အပေါ်မှာ သူတို့ကို မေးခွန်းတွေတင်ရပါတယ် ကျနော်တို့ မေးခွန်းတွေ တင်ရတဲ့အခါ ၅လ ၊ ၆လ ရှိပါပြီ အခုအချိန်အထိ ဖြေကြားပေးခြင်းမရှိပါဘူး။"

ကချင်ပြည်နယ်အစိုးရအနေနဲ့ မီဒီယာတွေနဲ့ထိတွေ့ဖို့ အားနည်းနေတဲ့ အခြေအနေနဲ့ပက်သက်လို့ အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဦးမြသိန်းကအခုလိုရှင်းပြပါတယ်။

" ကျနော်တို့ အားနည်းရတဲ့အပိုင်းကတော့ တချို့သောသတင်းတွေက ကျနော်တို့ ဒီကချင်ပြည်နယ်က တခြားက တိုင်းနဲ့ပြည်နယ်နဲ့ မတူတဲ့အချက်ကတော့ တိုက်ပွဲတွေရှိတယ်ဆိုတဲ့အခြေအနေအရရော အဲ့ဒီ့အပေါ်မှာလည်း လုံခြုံရေး သတိထားပြီးမှ စကားကို နည်းနည်းဆင်ဆင်ခြင်ခြင် ပြောရတဲ့အပိုင်း ရှိတာလည်း ပါမယ်လို့ ထင်တယ်ခင်ဗျ။ အဲ့မိမိကြောင့်မို့ အစိုးရအဖွဲ့တောင်မှ ပြသနာ တစုံတရာတက်သွားနိုင်တယ်ဆိုတဲ့အခြေအနေက ကျနော်တို့ဆီမှာ ရှိနေတယ်ခင်ဗျ။ တတ်နိုင်သမျှ သတင်းမီဒီယာကို ရှောင်တယ်ဆိုတဲ့အဓိပါယ်တော့ နည်းနည်းထွက်တယ်ခင်ဗျ။"

ဒါ့အပြင် ဇွန်လ၂၆ရက်နေ့ကတအာင်း(ပလောင်)TNLAနယ်မြေအတွင်းမူးယစ် ဆေးဝါး တိုက်ဖျက်ရေးနဲ့ပတ်သက်တဲ့ သတင်းသွား ယူပြီးအပြန်မှာ မြန်မာ့တပ်မတော်က ဖမ်းဆီးပြီး မတရားအသင်း ဥပဒေ ပုဒ်မ ၁၇ (၁)နဲ့အမှုဖွင့်အရေးယူခဲ့တဲ့ DVBသတင်းထောက် ကိုပြည့်ဘုန်းအောင်၊ အကြီးတန်းသတင်းထောက် ဦးအေးနိုင်နဲ့ ဧရာဝတီ သတင်းထောက် ဦးသိန်းဇော် (လဝီဝမ်)တို့ကိုပြန်လွှတ် ပေးဖို့ ကိုလဲတောင်းဆိုခဲ့ပါတယ်။

ပွင့်လင်းလာတဲ့နိုင်ငံရဲ့ နိုင်ငံရေးအနေအထားကြောင့် သတင်းရယူရေးမှာ အဟန့်အတားဖြစ်စေတဲ့ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ဟာ မရှိသင့်တော့ဘူးလို့ Eleven မီဒီယာက အကြီးတန်းသတင်းထောက် ကိုထွန်းလင်းအောင်ကပြောပါတယ်။

"မီဒီယာကဏ္ဍအတွက်ကတော့ ၁၇ ၁ ဆိုတဲ့ကိစ္စမျိုး က အခုလက်နက်ကိုင်တွေ အဖွဲ့ပေါင်း ၂၀နီးပါးရှိတယ်။ ပြည်သူတွေသိသင့်တာတွေကို သတင်းမီဒီယာက ရေးသားဖော်ပြကြတယ်။ သူတို့ကိုလည်း ဆက်သွယ်ရတယ် ဒါသူတို့နဲ့ ဆက်သွယ်တယ် ဆိုပြီးတော့ ၁၇/၁ လို ပုဒ်မ တပ်တယ်။ ဒီလိုဆိုရင်တော့ သတင်းမီဒီယာရဲ့ ပွင့်လင်းမြင်သာမှု သတင်းမီဒီယာရဲ့လမ်းကြောင်းက အများကြီး လွဲကုန်မှာပဲဗျ ဒီလိုသာဆက်သွားလို့ရှိရင်။ ဒီပြည်သူလူထုကို အခြေခံတဲ့သတင်းသမားတယောက်က လက်နက်ကိုင်အဖွဲ့လည်း စည်းထားမှာမဟုတ်ဘူး။ နောက် တပ်မတော်လည်း စည်းထားမှာမဟုတ်ဘူး။ အစိုးရလည်း စည်းထားမှာမဟုတ်ဘူး။ ဒီသတင်းဒီကိစ္စက ပြည်သူတရပ်လုံးနဲ့သက်ဆိုင်တယ်ဆိုရင် ကျနော်တို့ကတော့ မေးမှာပဲ ၁၇/၁ လို မျိုးကတော့ ရှင်းရှင်းပြောရရင် လုံးဝကို မရှိသင့်တဲ့ကိစ္စပါ။"

အခုတလော သတင်းသမားတွေ ဖမ်းဆီးတရားစွဲဆိုခံရတဲ့ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ တပ်မတော်နဲ့ သတင်းမီဒီယာအကြားဖြစ်တဲ့ ပြဿနာတွေလို့မမြင်ဘဲ၊ တည်ဆဲ ဥပဒေတွေဟာ တရားမျှတမှုရှိမရှိဆိုတဲ့ ရှုထောင့်ကနေကြည့်ဖို့ သတင်းသမားတွေ စိုးရိမ်နေကြတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ကိုပြင်ဆင်ပြဌာန်းဖို့စဉ်းစားနေတဲ့ အကြောင်းနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကနေ နေပြည်တော်နိုင်ငံခြားရေးဌာနမှာ နော်ဝေနိုင်ငံခြားရေးဝန်ကြီးနဲ့ မနေ့ကပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG