သုံးရလွယ်ကူစေသည့် Link များ

၆၆ (ဃ) ဖျက်သိမ်းရေး ပြည်တွင်း ပြည်ပ လူ့အခွင့်ရေး ၆၁ ဖွဲ့ တောင်းဆို


၆၆ (ဃ) ဖျက်သိမ်းရေး မုံရွာမြို့လူဆန္ဒပြ (Soe Win Swe)

ပုဒ်မ ၆၆ (ဃ) ကို ရုပ်သိမ်းပေးဖို့ ပြည်တွင်းနဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ စုစုပေါင်း (၆၁)ဖွဲ့က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ အများပြည်သူနဲ့ မီဒီယာ အပေါ် ဖိနှိပ်တဲ့ ဒီဥပဒေကို ဖျက်သိမ်းဖို့ ပြည်တွင်းမှာ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေက အင်နဲ့အားနဲ့ ဆောင်ရွက်နေချိန် အခုလို နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့တွေကပါ ပူးပေါင်းပါဝင်လာတာ ဖြစ်ပါတယ်။ မအင်ကြင်းနိုင်က ဆက်ပြီးတင်ပြမှာပါ။

ဆက်သွယ်ရေးဆိုင်ရာ ဥပဒေကို ပြန်လည်သုံးသပ်ချိန်မှာ အသရေဖျက်မှုကို ရာဇ၀တ်မှုအဖြစ် အရေးယူနိုင်တဲ့ ပုဒ်မ ၆၆ (ဃ)မှာပါတဲ့ အပိုဒ်ကို မြန်မာအစိုးရက ဆက်လက်ထားရှိမယ်ဆိုတဲ့ သတင်းတွေထွက်လာတဲ့အတွက် စိုးရိမ်မကင်းဖြစ်မိကြောင်း လူ့အခွင့်အရေးအဖွဲ့ပေါင်း (၆၁)ဖွဲ့က ပြောဆိုလိုက်ပါတယ်။ အထူးသဖြင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ လွှတ်တော် ဘက်က ဒါကိုဖျက်သိမ်းပေးဖို့ ကြာသာပတေးနေ့က မြန်မာအစိုးရကို သူတို့က တောင်းဆိုလိုက်တာပါ။

ဒီဥပဒေဟာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ချက်တွေကို ထိခိုက်စေသလို၊ သတင်းမီဒီယာတွေကို အသံတိတ်စေတဲ့အပြင် အုပ်ချုပ်ရေးပိုင်ဆိုင်ရာ စီမံခန့်ခွဲမှု၊ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်လို့ အများပြည်သူအနေနဲ့ ထုတ်ဖေါ်မပြောဆိုရဲအောင် ဟန့်တားသလိုဖြစ်နေတယ်လို့လည်း(၆၁)ဖွဲ့ထဲမှာ ပါဝင်တဲ့ နယူးရောက်အခြေစိုက် HRW ခေါ် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က အခုလို ဗွီအိုအေကို ပြောပါတယ်။

“NLD အရပ်သား အစိုးရလက်ထက်မှာ ၆၆ (ဃ) ပုဒ်မကို ဖိနှိပ်ဖို့၊ သတင်းမီဒီယာတွေကို ဆင်ဆာဖြတ်တောက်ဖို့ လက်နက်သဖွယ် အသုံးပြုမယ်လို့  ကျနော်တို့ ထင်မထားခဲ့ ပါဘူး။ ဒီပုဒ်မနဲ့ လူအများအပြားကို ဖမ်းဆီး၊ တရားစွဲဆိုထားပါတယ်။ ၀မ်းနည်းဖို့ကောင်းတာက ဒီလူတွေကို အာမခံ မပေးတာဖြစ်ပြီး သူတို့တွေဟာ တရားရုံးမှာ အမှုရင်ဆိုင်နေဆဲကာလအတွင်း အကျဉ်းထောင်ထဲမှာ အချိန်အကြာကြီး နေကြရပါတယ်။ နောက်ပြီး တရားစွဲဆိုချက်တွေဟာလည်း တရားမျှတမှုမရှိတဲ့အပြင် တိကျခိုင်မာမှုလည်း မရှိပါဘူး။ လူ့အခွင့်အရေးကို လေးစားလိုက်နာပါတယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ ပြောဆိုချက်နဲ့လည်း ရှေ့နောက် မညီဖြစ်နေပါတယ်။”

ဒီဥပဒပုဒ်မနဲ့ တရားစွဲဆိုချက်တွေအတွက် အာမခံပေးဖို့ လိုလားကြောင်း မြန်မာအစိုးရက အကြံပြု ပြောဆိုထားပေမဲ့လည်း သူတို့အဆိုပြုချက်မှာ အာမခံ အလိုအလျှောက် ရမယ်ဆိုတာ မပါဝင်ကြောင်း Brad Adams ထောက်ပြသွားပါတယ်။ တကယ်တမ်း မြန်မာအစိုးရအနေနဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ကို အလွယ်တကူ ရုပ်သိမ်းပေးလို့ ရကြောင်း သူကပြောသွားပါတယ်။

ဒါကြောင့်အခုလို ဆက်သွယ်ရေးဆိုင်ရာ ဥပဒေကို ပြန်လည်သုံးသပ်နေချိန်ဟာ ပုဒ်မ ၆၆ (ဃ)ကို ရုပ်သိမ်းဖို့နဲ့ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေကို နိုင်ငံတကာ လူ့အခွင့်ရေး ဥပဒေ၊ စံနှုန်းတွေနဲ့အညီ ပြင်ဆင်ဖို့ အစိုးရနဲ့ လွှတ်တော်အတွက် အကောင်းဆုံး အခွင့်အရေးပဲဖြစ်ကြောင်း Brad Adams ကဆိုပါတယ်။

“ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးအကျဉ်းသားဟောင်း အများအပြားပါဝင်နေတဲ့ အစိုးရနဲ့ လွှတ်တော်အနေနဲ့ လွတ်လပ်စွာပြောဆိုခွင့်အပေါ် သူတို့ ယုံကြည်မှုနဲ့ မြန်မာနိုင်ငံဟာ နောက်ပြန်မသွားဘူးဆိုတဲ့ ခိုင်မာပြတ်သားတဲ့ မူရပ်တည်ချက်ကို ထုတ်ဖေါ်ပြသဖို့ အခွင့်ကောင်းဖြစ်ပါတယ်။ ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခံရပြီး ထောင်ချခံရသူ အများအပြားဟာ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ကိုက်ညီပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD အဖွဲ့ဝင် အတော်များများဟာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်လည်း အတွေ့အကြုံ ရှိခဲ့ကြပါတယ်။ ဒါကြောင့် ငြိမ်းချမ်းတဲ့ ဆန္ဒထုတ်ဖေါ် ပြောဆိုမှုတွေအတွက် ထောင်ချ အပြစ်ပေးတယ်ဆိုတာ မဖြစ်သင့်ကြောင်း သူတို့ ရှင်းရှင်းလင်းလင်း မြင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။”

ဒီနေရာမှာ အတိုက်အခံတွေကို အသံတိတ်စေချင်တဲ့ စစ်တပ်ကတော့ ဒီဥပဒေပုဒ်မကို ဆက်ပြီးရှိစေချင်ဆိုတာ အထင်အရှားတွေ့ရကြောင်း Brad Adams ကဆိုပါတယ်။

ပုဒ်မ ၆၆ (ဃ)အရ အင်တာနက်အွန်လိုင်းကနေ အသေရေဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ လူပေါင်း အနည်းဆုံး (၇၁)ဦးထိရှိနေကြောင်း ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဆိုင်ရာ သုတေသန အဖွဲ့က ဆိုပါတယ်။ လက်ရှိအချိန်ထိ ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲ၊ ထောင်ချ ခံရမှုတွေမှာ တစ်မှုကို ပြစ်ဒါဏ် ၃ လကနေ ၆ လ အထိပဲ ချမှတ်ထားတာမျိုး ရှိသေးကြောင်း မြန်မာ့အရေးစောင့်ကြည့်သူတွေက ပြောပါတယ်။

၂၀၁၃ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)အရ ဆက်သွယ်ရေး ကွန်ယက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း၊ သို့မဟုတ် ခြိမ်းခြောက်ခြင်း- လို့ ပြဌာန်းထားပြီး အဲလို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒါဏ် ၃ နှစ်နဲ့ ငွေဒါဏ် ကျခံရမှာဖြစ်ပါတယ်။

ကြာသာပတေးနေ့က ပူးတွဲထုတ်ပြန်တဲ့အဖွဲ့အစည်း (၆၁) ဖွဲ့ရဲ့ မြန်မာအစိုးရအပေါ် တိုက်တွန်း အကြံပြုချက်တွေထဲမှာ ပုဒ်မ ၆၆ (ဃ)ကို ရုပ်သိမ်းဖို့၊ တကယ်လို့ အနိမ့်ဆုံးအဆင့် ဒီဥပဒေကို ပြင်ဆင်မယ်ဆိုရင် အသေရေဖျက်မှုဆိုတာ ရာဇ၀တ်မှု မမြောက်ကြောင်း၊ ငွေညှစ်၊ ခြိမ်းခြောက်တာ စတဲ့လုပ်ရပ်မျိုးတွေကိုသာ ရာဇ၀တ်မှုမျိုးအဖြစ် ခွဲခြားသတ်မှတ်ပေးဖို့ ဖေါ်ပြထားပါတယ်။

ကြေညာချက် ပူးတွဲထုတ်ပြန်တဲ့ အဖွဲ့အစည်းတွေထဲမှာ HRW လို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေဖြစ်တဲ့ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ နိုင်ငံတကာ သတင်းထောက်အဖွဲ့တွေဖြစ်တဲ့ RSF နဲ့ CPJ တို့အပြင် အမေရိကန်နဲ့ ဥရောပမှာ အခြေစိုက်တဲ့ မြန်မာ့အရေး လှုပ်ရှားနေတဲ့အဖွဲ့တွေ၊ APHR ခေါ် အာဆီယံ လွှတ်တော်အမတ်များအဖွဲ့၊ နောက် AAPP နဲ့ HRDP လို ပြည်တွင်းနဲ့ နယ်စပ်အခြေစိုက် လူထုအခြေပြုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေလည်း ပါဝင်ပါတယ်။

XS
SM
MD
LG