သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆၆ (ဃ) နဲ့ မတရားသင်းဆက်နွယ်မှုဥပဒေပယ်ဖျက်ရေး၊ တိုင်းရင်းမီဒီယာညီလာခံတောင်းဆို


တိုင်းရင်းမီဒီယာညီလာခံ (Karen share)
တိုင်းရင်းမီဒီယာညီလာခံ (Karen share)

သတင်းထောက်တွေ အတွက် ခြိမ်းခြောက်မှု ဖြစ်နေတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့ မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မတွေကို ဖျက်သိမ်းပေးဖို့၊ ဒီပုဒ်မတွေနဲ့ စွဲဆို ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေကို လွှတ်ပေးဖို့ တိုင်းရင်းမီဒီယာ ညီလာခံကနေ တောင်းဆိုလိုက်ပါတယ်။ တိုင်းရင်းဒေသ သတင်းထောက်တွေ အနေနဲ့ အစိုးရရဲ့ ဥပဒေတွေ အရ ခြိမ်းခြောက်မှုတွေ အပြင် လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှုတွေလည်း ရင်ဆိုင်နေရတာကြောင့် သတင်းထောက်တွေ လုံခြုံရေး၊ လွတ်လပ်စွာ သတင်းရယူခွင့်ရရေးအာမခံချက်ရှိအောင် ဆောင်ရွက်ဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ် ထိန်းချုပ်ရာ ဒေသတွင်း သတင်းရယူမှုနဲ့ သတင်းထောက် သုံးဦးကို တပ်မတော်က ဖမ်းဆီးထားတာကနေ ပြန်လွှတ်ပေးဖို့ သတင်းရယူခွင့်၊ ရေးသား ပြောဆိုခွင့်ကို အတားအဆီး ဖြစ်စေတဲ့ ဥပဒေတွေကို ရုပ်သိမ်းဖို့ တိုင်းရင်းမီဒီယာ ညီလာခံကနေ တောင်းဆိုလိုက်တာပါ။ ကရင်သတင်းဌာန KIC ရဲ့ အယ်ဒီတာချုပ် နန်းဖော့ဂေ က အခုလို ပြောပါတယ်။

“သတင်းသမား ၃ ဦးဖမ်းခံရတဲ့ကိစ္စဆိုရင်လည်း တရားမဝင်အသင်းနဲ့ ဆက်သွယ်မှုနဲ့ တကယ်တမ်းဆိုရင် သတင်းသမားက သတင်းသွားယူတယ်၊ ကိုယ့်အလုပ်ကိုလုပ်တာပေါ့နော် မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မတွေ အဲဒီလို ဥပဒေတွေက ကျမတို့ မီဒီယာသမားတွေအတွက် အဟန့်အတားတွေဖြစ်စေတာပေါ့နော် အဲဒီဥပဒေတွေကို ရုပ်သိမ်းပေးဖို့ကို ညီလာခံကနေ တောင်းဆိုတာပါ။”

ကယားပြည်နယ် လွိုင်ကော်မှာ သုံးရက်ကြာ ပြုလုပ်ခဲ့တဲ့ ပဉ္စမ အကြိမ် တိုင်းရင်း မီဒီယာ ညီလာခံကိုတော့ ပြည်နယ် ၇ ခုက တိုင်းရင်းသား မီဒီယာ အဖွဲ့အစည်းတွေ၊ ပင်မ မီဒီယာ အဖွဲ့အစည်းတွေ၊ အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁၈၀ လောက် တက်ရောက်ခဲ့ကြတာပါ။ ပြည်နယ်တွေမှာ အခြေစိုက် တိုင်းရင်း သတင်းဌာနတွေရဲ့ သတင်းထောက်တွေ အနေနဲ့ အပစ်မရပ်သေးတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် သတင်းရယူတာမှာ အစိုးရရဲ့ မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မကို ကြောက်နေရသလို၊ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးနဲ့ ဆိုင်တဲ့ သတင်းတွေကို ရေးသားတဲ့ အခါမှာလည်း ခြိမ်းခြောက်မှုတွေ ကြုံရတယ်လို့ နိုင်ငံတကာ မြန်မာ့သတင်း - BNI အဖွဲ့ဝင် ကရင် သတင်းဌာန KIC ရဲ့ အယ်ဒီတာချုပ် နန်းဖော့ဂေ က ပြောပါတယ်။

“ပစ်ခတ်ရပ်စဲပြီးသားဒေသတွေမှာလည်း တခြားပဋိပက္ခဆန်တဲ့ အခြေအနေတွေ၊ မမြင်နိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုသတင်းတွေ ၊ဒီလိုသတင်းတွေဆိုရင် စစ်တပ်နဲ့ ဆက်စပ်ပြီးတော့ ထိခိုက်နစ်နာမှုတွေရှိတယ် အဲဒီလို သတင်းရေးသားမှုမှာတွေလည်း အခက်အခဲ စိန်ခေါ်မှုတွေရှိသလို မူးယစ်ဆေးဝါးသတင်းတွေကလည်း ဆက်စပ်ပြီးတော့ ကရင်၊ မွန်ပြည်နယ်ဆိုရင် မူးယစ်ဆေးဝါးဆက်စပ်တာတွေက အများကြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာတွေဆိုတော့ အဲဒီသတင်းတွေရယူတဲ့အခါမှာဆိုရင်လည်း ပတ်သက်ဆက်နွယ်မှုသူတွေရဲ့ ပြန်ပြီးတော့ တုန့်ပြန်မှုတွေက ကျမတို့တိုင်းရင်းသားဒေသမှာတွေဆိုရင် ကျမတို့သတင်းထောက်တွေက တဦးတည်းရပ်တည်နေရတဲ့အခြေအနေတွေမှာဆိုရင် သူတို့အတွက် အရမ်းအသက်အန္တရာယ်ရှိတယ်။ အဲလိုမျိုးတွေပေါ့နော် စိန်ခေါ်မှု အခက်အခဲတွေရှိပါတယ်ရှင့်။”

တိုင်းရင်းဒေသ သတင်းထောက်တွေ အနေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှုတွေ နောက် ဘယ်သူဘယ်ဝါမှန်း မသိရသူတွေရဲ့ ချောင်းမြောင်း တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့နေရပြီး လုံခြုံရေး အာမခံချက် ကင်းမဲ့နေတယ်လို့လည်း တိုင်းရင်း သတင်းဌာနတွေက ပြောပါတယ်။ နိုင်ငံတကာ မြန်မာ့သတင်း - BNI အဖွဲ့ရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဒါရိုက်တာ၊ နောက် သျှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာချုပ် စိုင်းမိဏ်းက အတွေ့အကြုံ တချို့ကို အခုလို ပြောပါတယ်။

“လက်တွေ့မှာက ဒါမျိုးကြုံတွေ့ရတာတွေကရှိတယ်။ လွန်ခဲ့တဲ့ ၂ လလောက်က ကျနော်တို့သတင်းထောက် ဂွနဲ့ ပစ်ခံရတယ် ၊ မျက်မှန်ကွဲသွားတယ်ပေါ့နော် တောင်ကြီးမြို့ပေါ်မှာရှိတယ်။ အဲဒါတွေက သတင်းထောက်လုံခြုံမှုကို ဘယ်သူယူပေးမှာလည်း ၊ သတင်းထောက်မို့လို့ ပစ်ခံရတာလား ၊ ဘယ်သူပစ်တာလဲ စတာတွေကျနော်တို့က မသိနိုင်ဘူး အဲဒါမျိုးတွေ ကျနော်တို့ ကြုံရတယ်။ နောက်ပြီးတော့မှ ပြင်ပမီဒီယာတွေကနေပြီးတော့ ရှမ်းပြည်မြောက်ပိုင်းမှာ ဖမ်းခံရတဲ့ ကိစ္စနည်းတူပဲ တိုင်းရင်းသားဒေသတွေမှာ နေထိုင်နေတဲ့ သတင်းထောက် နမ့်ခန်းဘက်က ကျနော့သတင်းထောက်ဆိုရင် ပြည်သူ့စစ်အကြောင်းတွေရေးတယ်၊ သစ်မှောင်ခိုအကြောင်းတွေရေးတော့ စာနဲ့ ခြိမ်းခြောက်ခံရတယ်၊ ခြေရာပြတ်ချင်သလား၊ ခြေရာပျောက်ချင်သလား စသည်ဖြင့် အဲလိုလုပ်တော့ စိုးရိမ်စိတ်တွေရှိပြီးတော့မှ ကျနော့် သတင်းဌာနကနေ ထွက်ရတဲ့ အဆင့်တွေလည်းရှိတယ်။”

တိုင်းရင်းသား ဒေသတွေက သတင်းတွေကို အထူးပြု ရေးသား ဖော်ပြနေကြတဲ့ တိုင်းရင်း သတင်းမီဒီယာတွေ အနေနဲ့ အရည်အသွေး၊ နည်းပညာ စတဲ့ အခက်အခဲမျိုးစုံနဲ့ ရေရှည် ရပ်တည်ရေး အခက်အခဲလည်း ရှိတာကြောင့် နိုင်ငံတကာ အလှုရှင်တွေ၊ အဖွဲ့အစည်းတွေ၊ ပင်မ မီဒီယာ အဖွဲ့အစည်းတွေက ဝိုင်းဝန်း ကူညီကြဖို့ကိုလည်း တိုင်းရင်း မီဒီယာ ညီလာခံက တိုက်တွန်းပါတယ်။ လာမယ့်နှစ် တိုင်းရင်း မီဒီယာ ညီလာခံကိုတော့ ကရင်ပြည်နယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG