သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက် ၃ ဦး စစ်တပ်ကဖမ်းဆီးမှု အမေရိကန်သံရုံး အထူးစိုးရိမ်မကင်းဖြစ်


အမေရိကန်သံရုံးကြေညာချက်
အမေရိကန်သံရုံးကြေညာချက်

ဒီမိုကရက်တစ်မြန်မာ့အသံ DVB နဲ့ ဧရာဝတီသတင်းဌာန တို့က သတင်းထောက်သုံးဦးကို တပ်မတော်က ဖမ်းဆီးလိုက်တာနဲ့ပတ်သက်လို့ အထူးစိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ရန်ကုန် အမေရိကန်သံရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ တနင်္လာနေ့ နေ့လည်ပိုင်း က ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဒီသတင်းသမားတွေ ဘယ်နေရာမှာ ထိန်းသိမ်းခံနေရသလဲ ဆိုတာ ခုထိ သေချာ မသိရသေးပါဘူး။ စုံစမ်းမေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်စုံ ပြောပြပေးပါမယ်။

ဒီမိုကရက်တစ်မြန်မာ့အသံ DVB သတင်းဌာနက သတင်းထောက် ဦးအေးနိုင်နဲ့ ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီသတင်းဌာနက သတင်းထောက် ဦးသိန်းဇော် တို့ကို တနင်္လာနေ့ နေ့လည်ပိုင်းက ရှမ်းပြည်နယ်မှာ တပ်မတော်က ဖမ်းဆီးခဲ့တဲ့ကိစ္စအပြင် မြန်မာနိုင်ငံမှာ မကြာခင်က တခြား သတင်းထောက်တွေလည်း ဖမ်းဆီးခံခဲ့ရတာတွေ ရှိတာကြောင့် ဒီအပေါ်မှာ အထူးစိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ရန်ကုန် အမေရိကန် သံရုံး က ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံ အောင်မြင်မှုဖို့အတွက် သတင်းလွတ်လပ်ခွင့်ဟာ အရေးကြီးသလို၊ သတင်းထောက်တွေ အနေနဲ့ သူတို့လုပ်ငန်းတွေ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိရမှာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တနင်္လာနေ့ကထုတ်ပြန်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ - ရှမ်းပြည်နယ် အရှေ့မြောက်ဘက် နမ့်ဆန်-သီပေါ်ကားလမ်းပေါ်မှာ တပ်မတော်စစ်ကြောင်းက လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေချိန် လိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စင်းနဲ့ လိုက်ပါလာတဲ့ ဒီသတင်းထောက်သုံးဦး အပါအဝင် အမျိုးသား ၇ ဦးဟာ TNLA အဖွဲ့နဲ့ ဆက်သွယ်ခဲ့တယ် ဆိုတာ စုံစမ်းတွေ့ရှိရတာကြောင့် တရားဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက် သူတို့ကို လားရှိုးရဲ စခန်းကို လွှဲပြောင်းပေးခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ အခုလို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပေမဲ့၊ ဖမ်းဆီးခံထားရသူတွေ လားရှိုးရဲစခန်းမှာ မရှိသလို၊ ဘယ်နေရာမှာ ထိန်းသိမ်းခံထားရ သလဲ ဆိုတာ ခုထိ စုံစမ်းလို့မရသေးဘူးလို့ DVB သတင်းဌာနက အယ်ဒီတာတဦးဖြစ်တဲ့ ဦးသန်းဝင်းထွဋ်က ပြောပါတယ်။

“နောက်ဆုံးအခြေအနေက ကျနော်တို့မှာ လားရှိုးထိုင်သတင်းထောက်ရှိတယ်လေ၊ လားရှိုး သတင်းထောက်က သွားစုံစမ်းနေတယ် လားရှိုးရဲစခန်းမှာမရှိဘူး။ နောက်ပြီးတော့ လားရှိုးသတင်းထောက်က နမ့်ဆန်ကိုလိုက်သွားတယ် ၊ နမ့်ဆန်ကိုလိုက်သွားတော့ သိပ်မကြာသေးဘူးရောက်နေပြီအဲဒီကိုရောက်နေပြီ။ အခုသိသလောက်ကတော့ လားရှိုးရဲစခန်းကို မလွှဲထားဘူးပေါ့နော်။ ကျနော်တို့သတင်းထောက်ကလည်း ဖမ်းထားနိုင်လောက်တယ်လို့ ယူဆရတဲ့ ဘုရားကုန်းပေါ့နော် အဲဒီကိုတော့ အသွားမခံဘူး ၊ ဆိုတော့ အဲဒီမှာပဲ ရှိနေနိုင်လောက်သေးတယ်လို့ ကျနော်တို့ ခန့်မှန်းရတာပေါ့နော်။ တိုက်ရိုက်အဆက်အသွယ်မရဘူး ဆိုတော့ ကျနော်တို့လည်း အတည်ပြုရခက်တယ်လေ။”

သတင်းသမားတွေဟာ တအောင်း လက်နက်ကိုင်အဖွဲ့ TNLA ကကျင်းပတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားကို သတင်းသွားယူပြီး ပြန်လာချိန်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး တပ်မတော်ကစွပ်စွဲသလိုမဟုတ်ကြောင်းလည်း DVB သတင်းဌာနက ပြောပါတယ်။ အခု ဖမ်းဆီးခံရတဲ့သတင်းထောက်တွေနဲ့ပတ်သက်လို့ မြန်မာသတင်းမီဒီယာကောင်စီက ကြားဝင် ဖြေရှင်းဆောင်ရွက်ပေးဖို့ တောင်းဆို ထားလို၊ တရားဥပဒေလမ်းကြောင်းကနေ လိုအပ်တာတွေ လုပ်ဆောင်ဖို့လည်း ပြင်ဆင်းထားတဲ့အကြောင်း ဦးသန်းဝင်းထွဋ်က ပြောပါတယ်။

“ကျနော်တို့ ဥပဒေအကြံပေးနဲ့လည်း တိုင်ပင်နေတယ်။ ဥပဒေအကြံပေးနဲ့ တိုင်ပင်ပြီးတော့ တကယ်လို့ ဖြစ်မယ်ဆိုရင် ရဲစခန်းရောက်မယ်ဆိုရင် ရှေ့နေနဲ့ တွေ့ခွင့်ပေးဖို့ တိုင်ပင်ဖို့ပေါ့နော် ၁၇/၁ ကိစ္စကအစ ၊ ၁၇/၁နဲ့ စွဲတယ်ဆိုရင်လည်း ဒါနဲ့ ပတ်သက်ပြီး ဥပဒေအကြောင်းအရ ဘာများလုပ်လို့ရမလဲ ရှေ့နေ လိုက်သွားဖို့ရှိတယ်။ နောက်ပြီးတော့ကျနော်တို့ မြန်မာ မီဒီယာကောင်စီကိုလည်း မေတ္တာရပ်ခံပြီးတော့ ၊ ဧရာဝတီကလည်း မေတ္တာရပ်ခံထားတယ်လို့ပြောတယ်။ ဒါက အောက်ခြေနယ်မြေခံတပ်ဖွဲ့တွေက နားလည်မှုလွဲပြီးတော့ ဖမ်းဆီးတာများဖြစ်နေမလား ၊ သတင်းထောက်တွေဘယ်မှာရှိမှန်းမသိတဲ့အခါ မိသားစုတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေ စိုးရိမ်ပူပန်နေကြတဲ့အပေါ်မှာ ကြားဝင်ဖြေရှင်း ကူညီပေးနိုင်မလား ဆိုပြီးတော့ ကျနော်တို့ မေတ္တာရပ်ခံတဲ့စာမျိုး မီဒီယာကောင်စီကိုလည်းပို့ထားတယ်။”

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်သူတွေကို တရားမဝင်တဲ့ အကြမ်းဖက် သောင်းကျန်သူအဖွဲ့တွေနဲ့ ဆက်သွယ်တယ်လို့ ဆိုပြီး ဖမ်းဆီးထိန်းသိမ်းနေတာတွေ အရင်ကလည်း ရှိခဲ့ဖူးပေမဲ့၊ သတင်းသမားတွေကို ဒီလိုမျိုး ဖမ်းဆီးတာကတော့ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဗြိတိသျှကိုလိုနီခေတ်ကတည်းက ရှိခဲ့တဲ့ မတရားအသင်းနဲ့ဆက်သွယ်မှု ပုဒ်မအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်တဲ့ ဥပဒေဟောင်းတွေ ဆက်ပြီး ရှိမနေသင့်တော့ဘူးလို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Human Rights Watch အဖွဲ့က အာရှရေးရာ လက်ထောက်ညွန်ကြားရေးမှူး Phil Robinson က ပြောပါတယ်။

“အခု သတင်းထောက်သုံးဦး အဖမ်းခံရတာက ဘာကို ထပ်ပြီးပြသလဲဆိုရင် - မြန်မာအစိုးရအနေနဲ့ သတင်းမီဒီယာတွေနဲ့ လူထုအခြေပြု လှုပ်ရှားမှုတွေကို ကန့်သတ်နိုင်ဖို့အတွက် လူ့အခွင့်အရေး ချိုးဖောက်တဲ့ ဥပဒေတွေကို အသုံးပြုဖို့ ဝန်မလေးဘူးဆိုတာပါပဲ။ တရားမဝင်အဖွဲ့အစည်းနဲ့ ဆက်သွယ်မှု ဆိုတဲ့ ၁၉၀၈ ခုနှစ်ဥပဒေဟာ ဗြိတိန်ကိုလိုနီခေတ်ကတည်းက ရှိခဲ့တဲ့ဥပဒေပါ။ ဒီဥပဒေကို မြန်မာစစ်တပ်က သူတို့ရန်သူအဖြစ် သတ်မှတ်ထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ စကားပြောတာပဲဖြစ်ဖြစ်၊ ဆွေးနွေးတာပဲဖြစ်ဖြစ် လုပ်တဲ့ နိုင်ငံတွင်းက ဘယ်သူ့ကိုမဆို ဖမ်းဆီးရာမှာ သုံးပါတယ်။ အခုဖြစ်ရပ်မှာလည်း သတင်းထောက်တွေဟာ TNLA နယ်မြေမှာ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့အခမ်းအနားမှာ သတင်းယူဖို့ ဖိတ်ကြားခံရလို့ သတင်းယူကြတယ်။ ဒါ သူတို့အလုပ် သူတို့လုပ်တာပါပဲ။”

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုထားပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ညီညွတ်မှုမရှိတဲ့ မတရားအသင်းနဲ့ဆက်သွယ်မှု ပုဒ်မကို လွှတ်တော်မှာ ဆွေးနွေးပြီး ပြင်ဆင် ပြဌာန်းဖို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG