သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ သတင်းထောက် ၃ ဦး ကို ချက်ချင်းပြန်လွှတ်ပေးဖို့ AI တောင်းဆို


ရှမ်းပြည်နယ်မှာ မြန်မာ့တပ်မတော်က လတ်တလော ဖမ်းဆီးလိုက်တဲ့ သတင်းထောက် ၃ ဦးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ A.I ခေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ TNLA ပလောင်တပ်ဖွဲ့က မူးယစ်ဆေးဝါး ဖျက်ဆီးတဲ့ပွဲကို သွားရောက် သတင်းယူပြီး အပြန်လမ်းမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

နိုင်ငံတော်အစိုးရကို ဆန့်ကျင်တိုက်နေတဲ့ TNLA အကြမ်းဖက်အဖွဲနဲ့ ဆက်သွယ်ဆောင်ရွက်ပြီး ရှမ်းပြည်အရှေ့မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာကနေ ပြန်လည်ထွက်ခွာလာကြတဲ့ DVB အကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ ဦးပြည့်ဘုန်းနိုင်နဲ့ ဧရာဝတီသတင်းထောက် ဦးသိန်းဇော်တို့ကို ဇွန်လ ၂၆ရက် မွန်းလွဲပိုင်းက အစိုးရတပ်က ဖမ်းဆီးလိုက်ပြီး၊ တရားဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက မနေ့က သတင်းထုတ်ပြန် ခဲ့တာပါ။

သတင်းသမားတွေအနေနဲ့ သူတို့အလုပ်ကို သူတို့လုပ်ခြင်းသာ ဖြစ်တာကြောင့် တပ်မတော်က အခုဖမ်းဆီးထားတဲ့ သတင်းထောက် ၃ ဦးကို ချွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးဖို့ A.I ခေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးက တောင်းဆိုလိုက်ကြောင်း A.I ရဲ့ ဝါရှင်ဒီစီရုံးတာဝန်ခံ Mr. T Kumar က VOA မြန်မာပိုင်းကို ပြောပါတယ်။

“ အခု အဖမ်းခံထားရတဲ့ သတင်းထောက်တွေအတွက် A.I အဖွဲ့ကြီးက စိုးရိမ်မကင်းဖြစ်ရပြီး ၊ သူတို့ကို ချွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရ အာဏာပိုင်တွေကို တောင်းဆိုလိုပါတယ်။ သူတို့တွေဟာ သတင်းသမားတွေဖြစ်ကြပါတယ်၊ နိုင်ငံရေးလှုပ်ရှားသူတွေ မဟုတ် ကြပါဘူး။ ဒီ သတင်းထောက်တွေကို ပြန်လွှတ်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ရှိတယ်ဆိုတာကို ပြသရမှာဖြစ်ပါတယ် ”

ဇွန်လ ၂၆ ရက် တနင်္လာနေ့ဟာ ကုလသမဂ္ဂက ပြဌာန်းထားတဲ့ နိုင်ငံတကာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ဖြစ်တာကြောင့် TNLA တအာင်း ပလောင်တပ်ဖွဲ့ကလည်း မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့ပွဲကို နမ့်ဆန်မြို့နယ်ထဲက သူတို့ရဲ့ တပ်မဟာ(၂)နယ်မြေမှာ ပြုလုပ်ခဲ့ပြီး သတင်းထောက်တချို့ကို ဖိတ်ကြားခဲ့တာ ဖြစ်တယ်လို့ TNLA တပ်ဖွဲ့ရဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး တာပန်လက ပြောပါတယ်။

“ဒီနိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ ကျနော်တို့လည်း ၂၀၁၅-၂၀၁၆-၂၀၁၇ တွေမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ကျနော်တို့က မီးရှို့ဖျက်ဆီးတာပေါ့နော်။ ကျနော်တို့ကိုစာရင်းပေးတာတော့ ဧရာဝတီ သတင်းဌာနရယ်၊ DVBသတင်းဌာနရယ် နောက် အလွတ်တန်းသတင်းထောက်တွေ ၇ ယောက် -၈ယောက်လောက်တော့ လာကြပါတယ်။ မနေ့က မနက်၈ နာရီ လောက်မှာ ကျနော်တို့ အခမ်းအနားစတင်ဖွင့်လစ်ပါတယ်။ ဒေသခံ ၃၀၀၀ နီးပါးလောက်လည်း တက်ရောက်ကြပါတယ်။ ၁၀ နာရီလောက်မှာ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပါတယ်။ ၁၂ နာရီလောက်မှာ ကျနော်တို့အခမ်းအနားအောင်မြင်စွာ ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီနောက်ပိုင်းမှာ အမျိုးမျိုးခွဲပြီးတော့ ပြန်ကြတာပေါ့လေ။ အဲလိုပြန်တဲ့အခါမှာ မီဒီယာတွေပါတဲ့ကားကတော့ နမ့်ဆန်မြို့နားမှာ မြန်မာ့တပ်မတော်ဘက်က တားဆီးပြီးတော့ ဖမ်းသွားတာမျိုး ကြုံရပါတယ်။

အခုလို သတင်းထောက် ၃ဦးကို ဖမ်းဆီးလိုက်တာဟာ မီဒီယာကို တားဆီပိတ်ပင်တဲ့ သဘောဖြစ်ကြောင်းနဲ့ TNLAအဖွဲ့နဲ့လူထုကြား အဆက်သွယ် ပိုပြတ်သွားအောင် တပ်မတော်က လုပ်ဆောင်လာတာတွေ့ရကြောင်း ဗိုလ်မှူး တာပန်လက သုံးသပ်ပါတယ်။

“မြန်မာ့တပ်မတော်နဲ့ မြန်မာအစိုးရက လူထုနဲ့ ကျနော်တို့အကြားကို ဆက်သွယ်ရေးဖြတ်တောက်ဖို့ ကြိုးပမ်းနေတယ်၊ လုပ်နေတယ်လို့ ကျနော်တို့အဲလိုမျိုးနားလည်ပါတယ်။ ကျနော်တို့ဆီလာပေမယ့်လည်း ကျနော်တို့အလုပ်ကိုလုပ်တာမဟုတ်ဘူး သူ့မီဒီယာလုပ်ငန်းကိုပဲ လာလုပ်တာဖြစ်တဲ့အတွက် သူတို့တွေကို ပြန်လွှတ်ဖို့လိုအပ်ပါတယ်။”

ရှမ်းပြည်နယ် နမ့်ဆန်-သီပေါကားလမ်း ဘုရားကြီးကျေးရွာနားမှာ သီပေါဘက်ကို မောင်းလာတဲ့ လင်ခရူဇာ အမျိုးအစားနဲ့ WISH အမျိုးစား မသင်္ကာဖွယ် လိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီးကို တွေ့ရှိ စစ်ဆေးခဲ့ရာက TNLA အဖွဲ့နဲ့ ဆက်သွယ်ပြီး ပြန်လည်ထွက်ခွာလာတဲ့ DVB သတင်းထောက် ဦးအေးနိုင်၊ ဦးပြည့်ဘုန်းနိုင်နဲ့ ဧရာဝတီ သတင်းထောက် ဦးသိန်းဇော်တို့ကို တပ်မတော်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို တရားဥပဒေနဲ့ အရေးယူနိုင်ဖို့ လားရှိုးမြို့နယ် ရဲစခန်းကို လွှဲပြောင်းခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်တဲ့သတင်းမှာ ဖေါ်ပြထား ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG