သုံးရလွယ်ကူစေသည့် Link များ

မြန်မာလူ့အခွင့်အရေးလှုပ်ရှားသူများ ခြိမ်းခြောက်ခံရမှုရှိဆဲ


နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နိုင်ငံရေးအပြောင်းအလဲတွေ အတော်များများ ရှိခဲ့ပေမဲ့လို့၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူတွေ ခြိမ်းခြောက်ခံ၊ အနှောက်အယှက်ပေးခံရတဲ့ အခြေအနေတွေကတော့ မပြောင်းလဲတဲ့အပြင် ပိုဆိုးလာတဲ့ အခြေအနေတွေတောင် ရှိတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ နိုင်ငံတကာ သဘောတူစာချုပ်တွေမှာ ဖော်ပြထား တဲ့ ပြဌာန်းချက်တွေနဲ့အညီ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အကာအကွယ်ပေးဖို့လည်း တိုက်တွန်းပါတယ်။ အပြည့်စုံကို စုံစမ်းမေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးပါမယ်။

မြန်မာအပါအ၀င် ကမ္ဘာတ၀ှမ်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေ ခြိမ်းခြောက် ခံရတာ၊ အနှောက်အယှက်ပေးခံရတာ၊ ဖမ်းဆီး သတ်ဖြတ်ခံတာတွေဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း ပိုပြီး ဆိုးရွားလာခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က မေလ ၁၆ ရက်နေ့ နေ့စွဲနဲ့ အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း အရပ်သား အစိုးရ တက်လာပြီးနောက်ပိုင်းမှာကိုပဲ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ ဆက်ပြီး စောင့်ကြည့်ခံရ၊ အနှောက်အယှက်ပေး ခံနေရဆဲဖြစ်ပြီး အဲဒီလိုဖြစ်ရပ်တွေမှာ အစိုးရအာဏာပိုင်တွေသာမက၊ အစိုးရအာဏာပိုင်အဖွဲ့အစည်း မဟုတ်တဲ့သူတွေရဲ့ အနှောက်အယှက် ပေးမှုတွေလည်း ပိုများလာတယ်လို့ Amnesty International အဖွဲ့က မြန်မာ့အရေးသုတေသီ Laura Haigh က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေရဲ့ အခြေအနေဟာ အထူး စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေတုန်းပါပဲ။ လူ့အခွင့်အရေး လှုပ်ရှားတဲ့အတွက် ခြိမ်းခြောက်ခံရတာ၊ အနှောက်အယှက်ပြု ခံရတာတွေ ရှိနေတာကို ဆိုလိုတာပါ။ ဒါကိုတော့ အစိုးရ အာဏာပိုင်တခုတည်းက လုပ်တောင်တာမဟုတ်ပါဘူး။ လူ့အခွင့်အရေးကာကွယ်သူတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်၊ ဓာတ်ပုံရိုက် မှတ်တမ်းတင်တဲ့ အဖွဲ့တွေ ရှိပါတယ်။ တချို့ ထိလွယ်ရှလွယ်တဲ့ အကြောင်းအရာတွေကို မကြောက်မရွံ့ ထုတ်ဖော် ပြောကြတဲ့သူတွေဆိုရင် အနှောက်အယှက်ပေး ခံရတာ၊ ခြိမ်းခြောက် ခံရတာတွေ ရှိနေတုန်းပါ။ နံမည်ကြီး ရှေ့နေတွေ၊ သတင်းသမားတွေ ခြိမ်းခြောက်ခံနေရဆဲပါ။ ဒါကြောင့် အစိုးရအနေနဲ့ ဒီလိုအခြေအနေတွေကို သေသေချာချာ စုံစမ်းစစ်ဆေးပြီး၊ အပြစ်ရှိသူတွေကို ထိထိရောက်အရောက် အရေးယူဖို့ လိုပါတယ်။”

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပိုင်းတွေအတွင်း အစိုးရအပြောင်းအလဲ၊ နိုင်ငံရေး အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့တာ မှန်ပေမဲ့၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ စောင့်ကြည့် အနှောက်အယှက်ပေးခံရတဲ့ အခြေအနေကတော့ သိသိသာသာ ပြောင်းလဲ မသွားဘူးလို့ Laura Haigh က ပြောပါတယ်။

အပြစ်ကျူးလွန်သူတွေကို အစိုးရက ထိထိရောက်ရောက် ဟန့်တား အရေးယူနိုင်ခြင်း မရှိတာကြောင့် ဒီလို အခြေအနေတွေ ဆက်ဖြစ်နေတာလို့လည်း Laura Haigh က ထောက်ပြပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒါကို ပြောင်းလဲပစ်ရလိမ့်မယ်လို့ လည်း သူက ပြောပါတယ်။

“လက်ရှိ အစိုးရဟာဆိုရင် အပြောင်းအလဲတွေ လုပ်ဖို့ အချိန်တန်ပြီလို့ပြောပြီး တက်လာခဲ့တဲ့အစိုးရပါ။ တကယ်လည်း အပြောင်းအလဲတွေ လုပ်ဖို့ တကယ့်ကို လိုအပ်နေတာပါ။ လူထုတွေဆိုတာ ဆယ်စုနှစ်တွေနဲ့ချီပြီး ခြိမ်းခြောက်ခံရမှုတွေ၊ အနှောက်အယှက်ပေးမှုတွေနဲ့ ကြုံခဲ့ရတာပါ။ ဒါကြောင့် ဒီအခြေအနေကို ရပ်ပစ်ဖို့လိုပါတယ်။ ဒီလိုရပ်ပစ်ဖို့မှာလည်း အစိုးရက အဓိကအခန်းကဏ္ဍမှာ ရှိနေတာပါ။ သန္နိဌာန်အခိုင်အမာချပြီး ထိထိရောက်ရောက် လုပ်ဆောင်ဖို့လိုပါတယ်။”

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေအပေါ် သံသယနဲ့စောင့်ကြည့်မှုတွေ၊ အနှောက်အယှက်ပေး ခြိမ်းခြောက်တာတွေကို ထိထိရောက်ရောက် ဟန့်တားဖို့ဆိုရင် အစိုးရအနေနဲ့ မူဝါဒတွေ ချမှတ်ရုံနဲ့ မလုပ်လောက်ဘဲ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ညီမျှခြင်း မြန်မာအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ဒီအစိုးရဘက်က ထိပ်သီးပိုင်းက ဘယ်လောက်အထိပဲ လူ့အခွင့်အရေးကိစ္စပြောပေမယ့် ရပ်ရွာအုပ်ချုပ်ရေးအပိုင်းကို လုပ်ဆောင်တဲ့အခါမှာ လူ့အခွင့်အရေးပညာပေးတဲ့သူတွေ ကာကွယ်တဲ့ သူတွေကို သံဿရနဲ့ စောင့်ကြည့်နေတုန်း ပဲ နောက်ယောင်ခံသတင်း လိုက်တာတွေရှိနေတုန်းပဲ၊ အထူးသဖြင့် ကုလသမဂ္ဂနဲ့ ပတ်သက်ပြီးတော့ အထူးစုံစမ်းစစ်ဆေးရေးနဲ့ တွေ့တဲ့အချိန်မှာ အခုအချိန်အထိ ကျနော်တို့ရဲ့ ဓါတ်ပုံကို ခိုးရိုက်နေတဲ့အဆင့်အထိ မပျောက်သေးဘူး။ အဲဒီတော့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့သူတွေကို Policy အရပြောင်းလဲပေမယ့် တကယ်တမ်းလက်တွေ့မှာ အောက်ခြေအထိမဆင်းသေးပဲနဲ့ ခုနလို နောင်ယောင်ခံလိုက်တာတွေ ၊ အနှောင့်အယှက်ပေးတာတွေလည်း ဆက်လက်ကြုံတွေ့နေတုန်းပဲ။ အဲဒီတော့ ၂၀၁၆ မှာဆိုရင် အစိုးရရဲ နှောင့်ယှက် တွေက မလျော့သေးသလို နောက်ထပ် အန္တရာယ်ပေးတဲ့ အချင်းချင်းပြည်သူ နှောင့်ယှက် တာတွေကို ပုံစံအသစ်တမျိုးနဲ့ တိုးယူတာတွေတွေ့ရပါတယ်။”

Amnesty International အဖွဲ့က ထုတ်ပြန်တဲ့ အခုနောက်ဆုံး အစီရင်ခံစာထဲမှာ - ၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာတ၀ှမ်းမှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ၂၈၁ ယောက် အသတ်ခံခဲ့ရပြီး ဒီ့အရင် ၂၀၁၅ ခုနှစ်တုန်းကတော့ အသတ်ခံရသူ ၁၅၆ ယောက်ရှိခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။ မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့အတူ “Brave Campaign” လို့ခေါ်တဲ့ ကမ္ဘာတ၀ှမ်း လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေအပေါ် တိုက်ခိုက်ခံရမှုတွေ အဆုံးသတ်ရေး လှုပ်ရှားမှုတရပ်ကိုလည်း Amnesty International အဖွဲ့က စတင်လိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG