သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအခြေအနေ လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်


မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပေမဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်မှုပြဿနာတွေ ရှိနေဆဲ ဖြစ်တဲ့အကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Human Rights Watch က ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား တိုက်ပွဲတွေကြောင့် ဒေသခံထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသလို၊ မတရားသတ်ဖြတ်တာ၊ နှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်တာတွေ အပါအဝင် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း ပြောဆိုထားပါတယ်။ အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနေတဲ့ တချိန်တည်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာကိုလည်း ထောက်ပြထားတာပါ။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ စခန်းတွေကို အောက်တိုဘာလ ၉ ရက်နေ့က ရိုဟင်ဂျာစစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုနောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်းမှာလည်း ရိုဟင်ဂျာရွာသားတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့လည်း အစီရင်ခံစာက ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု နောက်အဖွဲ့တခုဖြစ်တဲ့ Amnesty International ကလည်း မြန်မာအာဏာပိုင်တွေရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း ၂၀၁၆ အောက်တိုဘာလဆန်းကစလို့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထိန်းသိမ်းခံနေရတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ ချုပ်နှောင်ထားစဉ် စစ်ဆေးမေးမြန်းရင်း သေဆုံးခဲ့ရသူတွေလည်းရှိတယ်လို့ မနေ့ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ စံနှုန်းတွေနဲ့အညီ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားခံရသူတွေ အားလုံးကို ချက်ခြင်း ပြန်လွှတ်ပေးဖို့နဲ့ ဒီကိစ္စတွေအတွက် လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ စုံစမ်းစစ်ဆေး အရေးယူမှုတွေ လုပ်ဆောင်ဖို့ မြန်မာအာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG