သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမဆန်တဲ့ပြစ်မှုတွေ စစ်တပ်ကျူးလွန်လို့ AI စွပ်စွဲ


နယ်ခြားစောင့်တပ်များကိုတွေ့ရစဉ် (၂၀၁၂)
နယ်ခြားစောင့်တပ်များကိုတွေ့ရစဉ် (၂၀၁၂)

တနင်္လာနေ့က ထုတ်ပြန်တဲ့ Amnesty International – AI အဖွဲ့က အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့တာမှာ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေကို ဖြေရှင်းရာမှာ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ပစ်မှာတ်ထားပြီး စနစ်တကျနဲ့ အကြီးအကျယ် တိုက်ခိုက်မှုတွေနဲ့ လူသားမဆန်တဲ့ပြစ်မှုတွေ ကျူးလွန်တယ်လို့ ရေးသားဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာကို AI အဖွဲ့က အောက်တိုဘာ လကနေ ဒီဒီဘာအထိ ၃ လအတွင်းမှာ ဒုက္ခသည်တွေ၊ မျက်မြင်သက်သေတွေနဲ့ တွေ့ဆုံ မေးမြန်းမှု ၃၅ ခုကို အခြေခံပြီး ရေးသားခဲ့ပြီး လူတွေ့ အင်တာဗျူးတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ် ဘဇားနယ်ထဲမှာ တွေ့ဆုံမေးမြန်းခဲ့ ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တခြား ပုဂ္ဂိုလ်တွေ အနေနဲ့ လူ့အခွင့်အရေးစောင့်ကြည့်နေသူတွေ၊ လူ့အခွင့် အရေးဆိုင်ရာဝန်ထမ်းတွေ၊ စာနယ်ဇင်းသမားတွေနဲ့ ရိုဟင်ဂျာ ခေါင်းဆောင် တွေကိုလည်း မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းမခွာညိုက ပြောပြမှာပါ။

တနင်္လာနေ့က ထုတ်ပြန်တဲ့ Amnesty International အဖွဲ့က အစီရင်ခံစာ
တနင်္လာနေ့က ထုတ်ပြန်တဲ့ Amnesty International အဖွဲ့က အစီရင်ခံစာ

အဓိကအင်တာဗျူးတွေကိုတော့ အစိုးရက ကန့်သတ်ပိတ်ပင်ထားတဲ့အတွက် ရခိုင်ပြည်နယ်အတွင်း ကိုယ်တိုင်ဝင်ရောက်ခွင့်မရလို့ နိုင်ငံ ပြင်ပကနေ တယ်လီဖုန်းနဲ့ မေးမြန်းခဲ့ကြောင်း AI အဖွဲ့က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှု ရှိနေတယ် ဆိုတဲ့ ပြောကြားချက်တွေကို မြန်မာအစိုးရက ငြင်းဆိုနေတယ်လို့ အစီရင်ခံစာရေးသားသူ Amnesty International အဖွဲ့က သုတေသီ Laura Haigh ကခုလို ပြောပါတယ်။

“အခြေအနေပိုဆိုးအောင်၊ တင်းမာမှုတွေပိုဆိုအောင် နိုင်ငံတကာအသိုင်းအဝိုင်းက လုပ်နေတယ်လို့ မြန်မာအစိုးရက စွပ်စွဲပါတယ်။ ဖြစ်နေတဲ့ အခြေအနေတွေကို ထုတ်ဖော်ပြောဖို့ကြိုးစားတဲ့ ရိုဟင်ဂျာတွေက ကူညီထောက်ပံ့မှုတွေရအောင် အကြမ်းဖက်မှုတွေဖြစ်နေပါတယ်လို့ လုပ်ကြံ ပြောနေတယ်ဆိုပြီး စွပ်စွဲပါတယ်။ တချိန်ထဲမှာ အစိုးရက ရခိုင်ပြည်နယ်ထဲ ဘယ်သူ့ကိုမှ သွားခွင့်မပေးပါဘူး။ အောက်တိုဘာ ၉ ရက်ထဲ သီးခြား လွတ်လပ်တဲ့ နိုင်ငံတကာ လေ့လာသူတွေ ဘယ်သူမှသွားလို့မရတာပါ။ ကျွန်မတို့ စုံစမ်းသိရှိ မှတ်တမ်းတင်နိုင်တဲ့အတိုင်းဆိုရင် ရိုဟင်ဂျာဖြစ်တာ ကြောင့်ရော သူတို့ဘာသာယုံကြည်ကိုးကွယ်မှုကြောင့်ပါ သူတို့အပေါ် ပြစ်မှတ်ထား အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေတယ်ဆိုတာ ရှင်းပါတယ်။ လူသားမဆန်တဲ့ ပြစ်မှုတွေလို့ ပြောရလောက်တဲ့အထိ ပြစ်မှုကျူးလွန်မှုတွေဖြစ်နေတယ်လို့ ကျွန်မတို့ပြောလို့ရပါတယ်။”

အခုလို ရိုဟင်ဂျာတွေအပေါ် အဓိကထား တိုက်ခိုက်နေမှုတွေကို စစ်တပ်က လုပ်နေတာဖြစ်ကြောင်း AI ရဲ့ အစီရင်ခံစာရေးသားသူ က ပြောပါတယ်။

“ကျွန်မတို့ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အကြမ်းဖက်မှုအများစုကို စစ်တပ်က ကျူးလွန်တာဖြစ်တဲ့အတွက် စစ်တပ်အနေနဲ့ အခုလိုလုပ်နေတာတွေ ရပ်သွားအောင် လုပ်ဖို့လိုပါတယ်။ အဲဒီလိုဖြစ်အောင် နိုင်ငံတကာကဖိအားတွေအများကြီးလိုအပ်ပါတယ်။ အဲဒီသူတွေအတွက် လူသားချင်း စာနာတဲ့ အထောက်အပံ့ အကူအညီတွေပေးနိုင်ဖို့လည်းလိုပါတယ်။ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ဘယ်အသိုင်းအဝိုင်းအတွက်မှ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေ မကူညီနိုင်တာ ၂ လခွဲလောက်ရှိပါပြီ။ အထူးသဖြင့် နယ်မြေရှင်းလင်းရေးလုပ်နေတယ်ဆိုတဲ့ နေရာတွေက ရိုဟင်ဂျာတွေအတွက် အကူအညီတွေမပေးနိုင်ပါဘူး။”

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကတော့ ရခိုင်ပြည်နယ်အတွင်း တရားဥပဒေနဲ့အညီ ပြင်ဆင်ဆောင်ရွက်မယ့်အကြောင်း တစိုက်မတ်မတ် ပြောလာနေတာပါ။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်ရဲ့ ဆောင်ရွက်မှုတွေအပေါ်မှာ တားဆီးနိုင်ခြင်းမရှိဘူးလို့ AI အဖွဲ့က သုံးသပ်ပါတယ်။

“နိုင်ငံရဲ့ခေါင်းဆောင်လို့ ပြောနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးအရရော၊ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာတာဝန်အရပါ လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို အပြစ်တင်ဖို့ ပျက်ကွက်နေတယ်လို့ ကျွန်မတို့ကမြင်ပါတယ်။ တချိန်ထဲမှာ သူ့ရဲ့ အရပ်သားအစိုးရအနေနဲ့ စစ်တပ်အပေါ် လွှမ်းမို းနိုင်ခြင်းမရှိတာကိုလည်း ကျွန်မတို့က နားလည်ပါတယ်။ စစ်တပ်က အရပ်ဖက်ထိန်းချုပ်မှုအပြင်မှာ သီးခြား ဆောင်ရွက်နေတာပါ။ နိုင်ငံထဲမှာ စစ်တပ်ရဲ့အာဏာအဲဒီလောက်များနေသမျှ ခုလိုပြဿနာတွေ ထပ်ဖြစ်နေတာကို မြင်ရဦးမှာပါ။”

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်း အသွားအလာကန့်သတ်ထားတာတွေကို အဆုံးသတ်ပြီး လူ့အခွင့်အရေးအဖွဲ့တွေ၊ သတင်းသမား တွေနဲ့ အထူးသဖြင့် အကူအညီပေးရေးအဖွဲ့တွေကို ဝင်ရောက်ခွင့်ပြုဖို့နဲ့အတူ အပြစ်ကျူးလွန်သူတွေကိုလည်း သီးခြားလွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေလုပ်ပေးဖို့ AI - လူ့အခွင့်အရေးအဖွဲ့ကြီးက မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG