သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းစီမံကိန်း ရပ်ဖို့ AI တောင်းဆို


ဆားလင်းကြီးမြို့နယ်အတွင်း သတ္တုတူးဖော်နေတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း။
ဆားလင်းကြီးမြို့နယ်အတွင်း သတ္တုတူးဖော်နေတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း။

လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ အခုထိ ဆက်လက်ရှိနေဆဲဖြစ်တဲ့ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း တူးဖေါ်ရေးလုပ်ငန်းကိုချက်ချင်း ရပ်ဆိုင်းပစ်ဖို့ Amnesty International လူ့အခွင့်ရေး အဖွဲ့ကြီးက မြန်မာအာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

လက်ပံတောင်းကြေးနီစီမံကိန်း ဝန်းကျင်မှာ နေထိုင်တဲ့ ထောင်နဲ့ချီတဲ့ မိသားစုတွေဟာ ဒီစီမံကိန်း တိုးချဲ့မှုနဲ့အတူ အိုးအိမ်ရွှေ့ပြောင်းရတာ၊ လယ်ယာဆုံးရှုံးရတာတွေ ရှိနေသလို သူတို့နေထိုင်ရာနေရာမှာ သဘာဝဝန်းကျင်ပျက်စီးမှုတွေကြုံတွေ့နေရပြီး ဒီစီမံကိန်းကို ဆန့်ကျင် ကန့်ကွက် သူတွေကိုလည်း အာဏာပိုင်တွေဘက်က ဆက်ပြီး ဖိနှိပ်ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့AI အဖွဲ့ရဲ့ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ ဒုက္ခတောင်တန်းလို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်အစိုးရပိုင် လက်နက်နဲ့ သတ္တုတူးဖေါ်ရေးလုပ်တဲ့ NORINCO ကုမ္ပဏီကြီးရဲ့ လက်ခွဲဖြစ်တဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီက တူးဖေါ်နေတာဖြစ်ပြီး ၂၀၁၆ စက်တင်ဘာလမှာ ကြေးနီစတင် ထုတ်လုပ်ခဲ့တာပါ။ ဆယ်စုနှစ်နဲ့ချီ စီးပွါးရေး ဒဏ်ခတ်မှု ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရသစ် တက်လာခဲ့တဲ့နောက်ပိုင်း နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာဖို့ လုပ်ဆောင်နေချိန်မှာ လက်ပံတောင်းလို့ စီမံကိန်းကြီးတွေဟာ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ လုပ်နေပြီး တာဝန်ခံ တာဝန်ယူမှု မရှိဘူးလို့ AI အဖွဲ့ရဲ့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံအတွက် စီးပွါးရေး တိုးတက်ဖွ့ံ့ဖြိုးမှု ရှိစေဖို့ လက်ပံတောင်းတောင် စီမံကိန်းလို့ စီမံကိန်းကြီးတွေ နဲ့ လုပ်ဆောင်ဖို့ လိုနေတာ ထင်ရှားပေမယ့် ဒီလိုတိုးတက်ဖို့ ဒေသခံတွေကို စတေးရတာမျိုးတော့ မဖြစ်သင့်ဘူးလို့ AI အဖွဲ့ရဲ့ သုတေသနမှုး Mark Dummett ကပြောပါတယ်။ ဒါ့ကြောင့် အစိုးရသစ်အနေနဲ့ ဒီကိစ္စကို ကြားဝင်ဆောင်ရွက်ဖို့ လိုသလို ဒေသတွင်း လူ့အခွင့်ရေး ချိုးဖေါက်မှုတွေနဲ့ သဘာဝ ဝန်းကျင် ပျက်စီးမှုတွေနဲ့ ပါတ်သက်ပြီး စံနစ်တကျ စုံစမ်းစစ်ဆေးပြီး ဖေါ်ထုတ်ဖို့လည်း တိုက်တွန်းထားပါတယ်။

လက်ပံတောင်းစီမံကိန်းက ရတဲ့ အကျိုးအမြတ်ကို မြန်မာဝမ်ပေါင် ကုမ္ပဏီနဲ့ မြန်မာစစ်ဘက်က ဦးပိုင်လီမိတက် တို့ခွဲဝေယူကြတာ ဖြစ်ပါတယ်။ဦးပိုင်အဖွဲ့ရဲ့ အက်ဆစ်စက်ရုံ စွန့်ပစ်ပစ္စည်းတွေကနေ ဒေသတွင်း သောက်သုံးရေတွေမှာ အာဆင်းနစ်၊ ကြေးနီနဲ့ ခဲဓါတ်တွေ စိမ့်ဝင်မှုတွေနဲ့ သဘာဝ ဝန်းကျင်ပျက်စီးခဲ့ရသလို စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြသူတွေကို ၂၀၁၂ ခုနှစ်နှိမ်နင်းမှုမှာ ဖေါ့စဖရပ်ပါတဲ့ ဗုံးနဲ့ပစ်ခတ်မှုကြောင့် မီးလောင်ဒဏ်သင့်စေတာနဲ့ ၂၀၁၄ ခုနှစ်က ဆန္ဒပြကျေးရွာသူ ဒေါ်ခင်ဝင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးရတာတွေ အပါအဝင် ဖမ်းဆီး ခြိမ်းခြောက်မှုတွေ အခုထိ ရှိနေဆဲ ဖြစ်ကြောင်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG