သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွာသားတွေ အရိုက်ခံရမှု စုံစမ်းပေးဖို့ Fortify Rights တောင်းဆို


ရှမ်းပြည်နယ်အတွင်း အမည်မသိ ဒေသခံ တိုင်းရင်းသား ၆ ဦးကို မြန်မာ စစ်တပ်က ဖမ်းဆီး နှိပ်စက်နေတဲ့ ဗွီဒီယိုမှတ်တမ်းတွေ စနေနေ့က ထွက်လာပြီးတဲ့နောက် အဲဒီလူတွေ ဘေးကင်းလုံခြုံစွာ ရှိနေရေးအတွက် အာဏာပိုင်တွေအနေနဲ့ ချက်ချင်း စုံစမ်း စစ်ဆေးပေးဖို့ Fortify Rights လို့ခေါ်တဲ့ လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

၁၇ မိနစ်လောက် ကြာတဲ့ အဲဒီ ဗွီဒီယိုထဲမှာ လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးခံထားရတယ်လို့ ယူဆရတဲ့ အမျိုးသား ၆ ဦးကို ယူနီဖောင်း ဝတ်ထားတဲ့ တပ်မတော်သား တချို့က မျက်နှာကို ခြေထောက်နဲ့ကန်တာ၊ စစ်သံခမောက်နဲ့ မျက်နှာကို ရိုက်တာ၊ ပါးရိုက်တာ စတဲ့ ကျူးလွန်မှုတွေ ပြုလုပ်နေတာကို ပြသထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသကလို့ ယူဆရတဲ့ ဗွီဒီယိုမှတ်တမ်းထဲက အဲဒီလူတွေရဲ့ အခြေအနေကို မြန်မာအစိုးရအနေနဲ့ ချက်ချင်း စုံစမ်းပေးဖို့နဲ့ သူတို့ရဲ့ အသက်အန္တရာယ်ကို အကာကွယ်ပေးဖို့ တောင်းဆိုကြောင်း Fortify Rights အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ ဗွီဒီယို မှတ်တမ်းဟာ Facebook လူမှုကွန်ယက်ပေါ်မှာ မေလ ၂၇ ရက်၊ မနက် ၁ နာရီလောက်မှာ စတင် ထွက်ပေါ်ခဲ့တာဖြစ်ကြောင်းနဲ့ ဗွီဒီယိုထဲမှာ ပါတဲ့ တပ်မတော်သားတွေဟာ ခြေမြန်တပ်ရင်း ၈၈ ကဖြစ်ကြောင်းနဲ့ သူတို့တွေဟာ ဖမ်းဆီးခံထားရသူတွေကို သေနတ်တွေ ဘယ်မှာရှိတယ်ဆိုတာကို မေးမြန်း စစ်ဆေးနေကြောင်းလည်း Fortify Rights အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီ ခြေမြန်တပ်ရင်း ၈၈ ဟာ အရင်ကလည်း ရှမ်းပြည် မြောက်ပိုင်းဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲ ခံထားရတဲ့ တပ်ရင်းတခုဖြစ်ပါတယ်။ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာရှိတဲ့ အစိုးရ တပ်ဖွဲ့တွေဟာ ဒေသခံတွေကို တရားမဝင် သတ်ဖြတ်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေ၊ လုပ်အားပေး ခိုင်းစေမှုတွေအပါအဝင် တခြား လူ့အခွင့်အရေးတွေကို ချိုးဖောက်နေကြောင်း ရှမ်းနဲ့ ကချင် တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့အစည်းတွေက မကြာခန ထောက်ပြ ပြောဆိုနေကြကြောင်းလည်း Fortify Rights အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရွာသားတွေ အရိုက်ခံရမှု စုံစမ်းပေးဖို့ Fortify Rights တောင်းဆို
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG