သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆၆ (ဃ) ဖျက်သိမ်းရေး အရပ်ဖက်အဖွဲ့အစည်း ကြိုးပမ်းမည်


ပို့ဆောင်ဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဆွေးနွေးစဉ် (ဓါတ်ပုံ-ဆက်သွယ်ရေးဥပဒေကို အမြန်ဆုံးပြင်ဆင်ပေး)
ပို့ဆောင်ဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဆွေးနွေးစဉ် (ဓါတ်ပုံ-ဆက်သွယ်ရေးဥပဒေကို အမြန်ဆုံးပြင်ဆင်ပေး)

အရပ်သားအစိုးရလက်ထက် ဖမ်းဆီးအရေးယူမှု တရားစွဲဆိုမှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဖျက်သိမ်းပေးဖို့ ဘယ်လွှတ်တော်အမတ်ကမှ လွှတ်တော်တွင်း အဆိုတင်သွင်းလာတာမရှိသေးဘူးလို့ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဘက်က ပြောဆိုလိုက်ပေမဲ့ လွှတ်တော်လမ်းကြောင်းကနေ အဲ့ဒီ့အဆိုကိုရအောင်တင်သွင်းဖို့ကြိုးစားသွားမယ်လို့ ၆၆ဃဖျက်သိမ်းရေးလှုပ်ရှားမှုပူးပေါင်းအဖွဲ့က ပြောဆိုလိုက်ပါတယ်။ ၆၆ဃ ဥပဒေ ဖျက်သိမ်းရေးပူးပေါင်းလှုပ်ရှားမှုအဖွဲ့နဲ့ သက်ဆိုင်ရာဝန်ကြီးဌာန၊ လွှတ်တော်တာဝန်ရှိသူတွေ လွှတ်တော်ထဲ တွေ့ဆုံခဲ့ပြီးနောက်ပြောဆိုလိုက်တာပါ။ မဆုမွန် ဆက်ပြောပြပါမယ်။

NLD ပါတီဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ အင်တာနက်အွန်လိုင်း လူမှုကွန်ရက်တွေမှာ ရေးသားမှုတွေ အပေါ် စွဲဆိုတဲ့ ဆက်သွယ်ရေးဥပဒေ (၆၆-ဃ) ပုဒ်မနဲ့ တရားစွဲတဲ့ အမှုပေါင်း ၇၀ အထိ ရှိသွားပြီဖြစ်လို့ ဒီ(၆၆)ဃ ကို လုံးဝဖျက်သိမ်းပစ်ဖို့ လူအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက လွှတ်တော်ကို တောင်းဆိုလိုက်ကြပါတယ်။ နိုင်ငံတွင်းဒီမိုကရေစီစနစ် ဖော်ဆောင်နေချိန်မှာ လွတ်လပ်စွာရေးသားခွင့်နဲ့ ဆန္ဒသဘောထားထုတ်ဖော်ခွင့်ကို ဥပဒေကြောင်းအရ ပိတ်ပင်သလိုဖြစ်လာနေတဲ့အတွက် ပုဒ်မ ၆၆ဃ ကို ဖျက်သိမ်းပေးဖို့အပါအဝင် ဆက်သွယ်ရေးဥပဒေကိုပြင်ဆင်ပေးဖို့ လွှတ်တော်က တာဝန်ရှိသူတွေကို ၆၆ဃ ဖျက်သိမ်းရေးလှုပ်ရှားမှု ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့သီတင်းပတ်က သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။

နေပြည်တော်က အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီနဲ့တွေ့ဆုံရာမှာတော့ ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ညဏစိုးဘက်က သက်ဆိုင်ရာဝန်ကြီးဌာန၊ မည်သည့်လွှတ်တော်အမတ်ကမှ ဆယ်သွယ်ရေးဥပဒေပြင်ဆင်တဲ့ဥပဒေကြမ်းကို တင်သွင်းလာတာ မရှိသေးကြောင်းနဲ့ တကယ်လို့များ တင်သွင်းလာရင် ဒီလှုပ်ရှားမှုအဖွဲ့ဘက်က တင်ပြထားတဲ့ဆွေးနွေးချက်တွေကို ထည့်သွင်းစဉ်းစားသုံးသပ်မယ်လို့ အကြောင်းပြန်ခဲ့တဲ့အကြောင်း ပူးပေါင်းလှုပ်ရှားမှုအဖွဲ့မှာပါဝင်တဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ MIDO (Myanmar ICT for Development Organization) က ဒေါ်ထိုက်ထိုက်အောင်က ရှင်းပြပါတယ်။

“ကျမတို့ကတော့ အဲဒီမှာ သွားတွေ့တာကတော့ အဲဒီနေ့က ဥပဒေကြမ်းကော်မတီနဲ့ပေါ့နော်။ အရမ်းကြီးတော့ အားရကြေနပ်မှုတော့မရှိဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ အဓိက ဥပဒေကြမ်းကော်မတီက သူလုပ်လို့ရတဲ့ဟာက ဒီဥပဒေက လွှတ်တော်ထဲကို ရောက်လာတဲ့အခါမှာမှ သူတို့တွေက စပြီးတော့ ဆွေးနွေးလို့ရမှာလေ။ ဆိုတော့ သူတို့ကတော့ ကျမတို့သွားတော့ ကျမတို့ကို ကတိတော့ပေးခဲ့တယ်။ တကယ်လို့ ဒီဥပဒေကြမ်းက လွှတ်တော်ထဲကိုရောက်လာပြီဆိုရင် ကျမတို့အဖွဲ့တွေအပါအဝင်ပေါ့နော် ကျမတို့ ဒီအရပ်ဘက်အဖွဲ့အစည်းတွေကို ခေါ်ပြီးတော့ ဒီ Public Hearing တွေလုပ်ပါ့မယ်ဆိုပြီးတော့ ကတိတော့ပေးခဲ့တယ်။ အဲဒီ Public Hearing တွေလုပ်တဲ့အချိန်မှာတော့ ကျမတို့ အခွင့်ကောင်းယူပြီးတော့ သွားဖို့တော့ စဉ်းစားထားတယ်။”

၆၆ဃ နဲ့ပတ်သက်ပြီး ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။ ဒီလိုဆက်သွယ်ရေးဥပဒေ ပုဒ်မကိုအသုံးပြုပြီး ဖမ်းဆီးအရေးယူမှုတွေနဲ့ပတ်သက်လို့ ဝန်ကြီးဌာနအနေနဲ့ ဥပဒေပြင်ဆင်နိုင်ရေး အစိုးရအဖွဲ့ကို အကြံပြုတင်ပြဖို့ရှိသလို ဒီပူးပေါင်းအဖွဲ့ရဲ့တောင်းဆိုချက်ကို ထည့်သွင်းစဉ်းစားမယ်လို့ပြန်လည် ဆွေးနွေးခဲ့တာတွေကိုလည်း ဒေါ်ထိုက်ထိုက်အောင်က ဆက်ရှင်းပြပါတယ်။

“ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကနေပြီးတော့ များမကြာခင်မှာပေါ့နော် သူတို့က ဒီဥပဒေကို သူတို့ပြင်ဆင်ချင်တဲ့အချက်တွေကို သူတို့တင်ဖို့တော့ရှိတယ်။ အဲဒီလိုမျိုးတင်လာတဲ့အခါမှာ ကျမတို့ ကိုယ်စားလှယ်တွေက ဝင်ပြီးတော့ ဆွေးနွေးလို့ရတာပေါ့နော်။ အဲဒီ ဝင်ဆွေးနွေးခွင့်ရတဲ့အခါမှာ ကျမတို့ပြောချင်တဲ့ဟာတွေကို ကိုယ်စားလှယ်တွေနားလည်ဖို့ ကျမတို့ ပြည်သူ့အသံတွေက ဘယ်လိုတွေရှိသလဲဆိုတာကို များများသိစေဖို့အတွက်ရှေ့လျောက်မှာလည်း ကျမတို့က ဖြစ်နိုင်ခြေရှိတဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ပြီးတော့ပေါ့နော် ကျမတို့တောင်းဆိုချက်တွေတောင်းဆိုသွားဖို့ ဒီကြားထဲမှာ အများကြီးလုပ်သွားဖို့ စဉ်းစားထားပါတယ်ရှင့်။”

မြန်မာနိုင်ငံလုံးဆိုင်ရာရှေ့နေကွန်ရက်အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ ပူးပေါင်းပြီး ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးအပါအဝင် ၆၆ဃ ဖျက်သိမ်းပေးဖို့ လွှတ်တော်လမ်းကြောင်းကသွားဖို့ တောင်းဆိုနေသလို တကယ်လို့ အနိုင်ရပါတီ NLD ဘက်က လွှတ်တော်ကိုယ်စားလှယ်ဘက်က မတင်သွင်းပေးနိုင်ဘူးဆိုရင်လည်း တခြားနည်းလမ်းနဲ့ ဆောင်ရွက်ကြဖို့ ကြိုးစားနေကြတယ်လို့ ရှေ့နေကွန်ရက်က ရှေ့နေကြီး ဦးသိန်းသန်းဦးကလည်းပြောပါတယ်။

“ကျနော်တို့ ရှေ့နေကွန်ရက်ကနေပါပြီးတော့ အမျိုးသားလွှတ်တော်ထဲမှာရောက်နေတဲ့ ဥပဒေကြမ်းကော်မတီကလူတွေနဲ့ ကျနော်တို့တွေ့တယ်ခင်ဗျ။ သူတို့သဘောထားကတော့ အဆင်သင့်မဖြစ်ဘူး။ ၆၆ဃကို သူတို့မပြင်ချင်ဘူး။ ဒါပေမယ့် သဘောတူတဲ့ လွှတ်တော်အမတ်တွေလည်းရှိနိုင်တယ်။ နည်းလမ်း၁လမ်းကတော့ NLD မဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေတင်ရင်တော့ ဖြစ်နိုင်တယ်။ အခုက NLD လွှတ်တော်ကိုယ်စားလှယ်တွေက barrier တွေရှိနေတယ်။ ဒါတဖက်ကလည်း သဘာဝတော့ ကျပါတယ်။ နိုင်ငံရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေဆိုတော့ policy making က အတည်ပြုချက်ယူရတာတော့ရှိမှာပါ။ အဲဒါကိုဖော်ချင်ရင်တော့ NLD မဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေတင်ရင်တော့ ဝင်ဆွေးနွေးကြတဲ့ အနေအထားကို ရောက်သွားမှာပဲခင်ဗျ။”

ယခင်အစိုးရလက်ထက်တုန်းက ပြဋ္ဌာန်းခဲ့တဲ့ ၆၆ဃ နဲ့ တရားစွဲဆိုခံရမှု (၇) မှု ရှိခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရသူ (၅)ဦးအထိပဲရှိခဲ့ပါတယ် အခု NLD အစိုးရသစ်လက်ထက်မှာတော့ ( ၆၆) ဃ နဲ့ တရားရုံးတင်စွဲဆိုမှုပေါင်း စုစုပေါင်း (၇၀) မှု အထိ ရှိသွားပြီဖြစ်တယ်လို့ ဆက်သွယ်ရေးဥပဒေ အမြန်ဆုံး ပြင်ဆင်ပေးရေး လှုပ်ရှားမှုအဖွဲ့က သတင်းထုတ်ပြန်ထားတာပါ။ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်အပါအဝင် လွတ်လပ်စွာ အမြင်သဘောထားကွဲပြားနိုင်ခွင့်အပေါ် ဥပဒေကြောင်းအရ တရားဝင်ပိတ်ပင်တားဆီးသလိုဖြစ်နေတဲ့ ၆၆ ဃ ဆက်သွယ်ရေးဥပဒေပုဒ်မ အမြန်ဆုံးပြင်ဆင်ပေးရေး ပြည်သူအများမဲဆန္ဒနဲ့ရွေးချယ်တင်မြှောက်ထားတဲ့ဲ့ လူထုကိုယ်စားလှယ်တွေရဲ့လွှတ်တော်တွင်း ပြင်ဆင်မှုတွေဖြစ်လာအောင် လူထုအားနဲ့ ၆၆ ဃ ဖျက်သိမ်းရေးလှုပ်ရှားမှုတွေ ဆက်တိုက် အင်တိုက်အားတိုက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ၆၆-ဃ လူထုလှုပ်ရှားမှု ဦးဆောင်သူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG