သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖမ်းခံ သတင်းထောက်သုံးဦး ပုဒ်မ ၁၇/၁နဲ့ အရေးယူခံရမှု ဝေဖန်မှုထွက်ပေါ်


ဖမ်းဆီးခံ သတင်းထောက်သုံးဦး။ ဓာတ်ပုံ- DVB
ဖမ်းဆီးခံ သတင်းထောက်သုံးဦး။ ဓာတ်ပုံ- DVB

မြန်မာ့တပ်မတော်က ဖမ်းဆီးထားတဲ့ DVB နဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက် ၃ ဦးကို အမြန်ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်းက တောင်းဆိုလိုက်သလို၊ တိုင်းရင်းသား သတင်းမီဒီယာ ကွန်ဖရန့်ကလည်း သတင်းသမားတွေ လွှတ်ပေးဖို့ တောင်းဆိုလိုက်ကြတာပါ။

တချိန်ထဲမှာပဲ သတင်းထောက်တွေပေါ် တပ်မတော်က စွဲဆိုထားတဲ့ ပုဒ်မ ၁၇/၁ ဟာ ကိုက်ညီမှု မရှိဘူးလို့ ဥပဒေအထောက် အကူပြုကွန်ရက် အဖွဲ့က ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်း (FCCM)က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ လက်ရှိအဖမ်းခံထားရတဲ့ DVB သတင်းဌာနက အကြီးတန်း သတင်းထောက် ဦးအေးနိုင်၊ ဦးပြည့်ဘုန်းနိုင်နဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက် ဦးသိန်းဇော်(ခေါ်) လဝီဝမ်တို့ ဖမ်းဆီးခံရမှုပေါ် စိုးရိမ်မကင်း ဖြစ်ရကြောင်း ဖေါ်ပြထားပါတယ်။

သတင်းသမားတွေကို ဖမ်းဆီးပြီး မတရားအသင်းပုဒ်မ ၁၇/၁ နဲ့ တရားစွဲဖို့ ပြင်ဆင်လာနေတာဟာ လက်ရှိမြန်မာနိုင်ငံသွားနေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေပြီး၊ နိုင်ငံသားတိုင်း လွတ်လပ်စွာထုတ်ဖေါ်ခွင့်ရှိတယ်လို့ အာမခံထားတဲ့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြဌာန်းချက်ပါ အချက်ကိုလဲ ဆန့်ကျင်နေကြောင်း ထောက်ပြထားပါတယ်။ ဒါကြောင့် ဒီသတင်းထောက်တွေရဲ့ လုံခြုံရေးအတွက် အာမခံချက် ပေးဖို့နဲ့ ဒီသတင်းထောက်တွေကို အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း နိုင်ငံခြား သတင်းထောက်များအသင်းရဲ့ကြေညာချက်မှာ ဖေါ်ပြ ထားပါတယ်။

အဖမ်းခံထားရတဲ့ သတင်းထောက် ၃ဦးဟာ မတရားအသင်းပုဒ်မ ၁၇/၁ ပုဒ်မနဲ့ ညိစွန်းနေတယ်လို့ NLD ပါတီပြောခွင့်ရ ဦးဝင်းထိန်က မီဒီယာ တွေကို ဖြေကြားခဲ့ပါတယ်။

“ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့နဲ့ သူတို့ သွားတွေ့တာတော့ ဥပဒေ အရ သူတို့ ချိုးဖောက်တာ မှန်တယ်။ ချိုးဖောက်တယ်။ ချိုးဖောက်တဲ့ ဥစ္စာကို အရေးယူရမှာက တပ်မတော်မဟုတ်ဘူး ပြည်ထဲရေးက အရေးယူရမှာ။ ပြည်ထဲရေးက အရေးယူရမှာ ဆိုတာ ရဲက အရေးယူရမှာ။ တပ်မတော်က အရေးယူတယ်ဆိုတာက မှားနေပြီ။ဒါနဲ့ ပတ်သက်လို့တော့ ဒီသတင်းထောက်တွေရဲ့ မီဒီယာရဲ့ လွတ်လပ်ခွင့်တော့ ထိခိုက်စရာ အကြောင်း မရှိဘူး။ ဒါက ဘာခေါ်မလဲ ကွက်ဖြစ်တဲ့ ကွက်ပြီးတော့ ဖြစ်တဲ့ အဖြစ်ဘဲ။ သတင်းစာ လွတ်လပ်ခွင့်တော့ ထိခိုက်စရာ အကြောင်း မရှိဘူး။ ၁၇ (၁) ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အချိန်မှာ ငြိမ်းချမ်းရေးနဲ့ ဆိုင်တဲ့သူ သွားတွေ့တာ ဘာမှ ပြသနာ မရှိဘူး။ မဆိုင်တဲ့သူ သွားတွေ့ရင် ၁၇ (၁) ဘဲ။”

ဒါပေမယ့် ဒီသတင်းထောက် ၃ဦးပေါ် တပ်မတော်က ပုဒ်မ ၁၇/၁ နဲ့စွဲဆို ထားတာဟာ ကိုက်ညီမှု မရှိဘူးလို့ ထိုင်းမြန်မာ နယ်စပ်အခြေစိုက် ဥပဒေအထောက်အကူပြု ကွန်ရက်အဖွဲ့က လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ထောက်ပြပါတယ်။

“ ပုဒ်မ ၁၇/၁ မှာ ပြစ်မှုမြောက်ဖို့ရန်အတွက်က မတရားအသင်းရဲ့ အဖွဲ့ဝင် ဖြစ်ရမယ်။ အဲဒီအသင်းရဲ့ အစည်းအဝေးမှာ ပါဝင်ဆောင်ရွက်ရမယ်။အဲဒီအသင်းတွက ်ကူညီငွေ (သို့မဟုတ်) ပစ္စည်းကို တောင်းယူ လက်ခံ ထောက်ပံ့တာမျိုး ရှိရမယ်။ အဲဒီအသင်း လည်ပတ်ရေး အတွက် တနည်းနည်း ကူညီတာမျိုးရှိရမယ်။ ဒီလို ပြဌာန်းထားတယ်။ အဲတော့ ဒီကိစ္စမှာ အင်မတန်သေချာတဲ့ အချက်က ဘာလဲ ဆိုတော့ ဒီသတင်းထောက်တွေဟာ မတရားအသင်းရဲ့ အဖွဲ့ဝင်မဟုတ်ဘူး။

အဲဒီအသင်း အစည်းအဝေးမှာ ပါဝင်ဆောင်ရွက်တာ မဟုတ်ဘူး။ အဲဒီ အသင်းအတွက် ကူညီငွေ (သို့မဟုတ်) ပစ္စည်းကို တောင်းယူ လက်ခံ ထောက်ပံ့တာမဟုတ်ဘူး။ သတင်း ယူဖို့ သွားတာဟာ သူ့အလုပ် သူလုပ်တာပဲ။ သတင်းယူဖို့ သွားတာဟာ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကိုမှ ကူညီ ဖို့သွားတာမဟုတ်ဘူး။ သတင်းယူရုံ သက်သက်နဲ့ သူ့ကို မတရားသင်း ဥပဒေနဲ့ အရေးယူတာ မရှိဘူး။ ဒါက ဥပဒေကို လုံး၀ အဓိပ္ဗါယ် ပြောင်းလဲဖွင့်တာလို့ ကျနော် နားလည်တယ်။ ”

မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးမှု အားနည်းနေတယ်ဆိုတာ တွေ့ရကြောင်း ရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။

“ အဲတော့ ဦးဝင်းထိန်ပြောတာက ဆိုင်တဲ့သူ သွားတွေ့တာက ဘာမှ ပြသနာမရှိဘူးလို့ ပြောလိုက်တာက အစိုးရ အာဏာပိုင်တွေက သတ်မှတ်တဲ့သူ သွားတွေ့ရင်တော့ ဥပဒေချိုးဖေါက်ရာ မရောက်ဘူး။ သာမန်လူ သတင်းထောက်က သွားတွေ့ရင် ဥပဒေ ချိုးဖေါက်ရာ ရောက်တယ်လို့ ဖွင့်ဆိုချက်က ရာနှုန်းပြည့် မှားနေတယ်။ ဥပဒေစိုးမိုးရေး အခြေခံအရ လူတိုင်းက ဥပဒေရှေ့မှောက်မှာ ရှိရမယ်။

အဲတော့ အစိုးရအာဏာပိုင် တွေကရော သာမန်လူတွေကော ခွဲခြားတာ မရှိရဘူး။ အဲတော့ ဗိုလ်ချုပ်နေဝင်း ခေတ်တုန်းက အခုလိုပဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ခေါ်တဲ့အခါကြတော့ မတရားသင်း ဥပဒေကို ဗိုလ်ချုပ်နေဝင်းက ရပ်ဆိုင်းခဲ့တယ် ဆိုတာကိုသတင်းစာဆရာကြီး ဖိုးသောကြာ ကိုယ်တိုင် သေချာ ရှင်းပြခဲ့ ဖူးတယ်။ ဥပဒေ စိုးမိုးရေး အခြေခံကို ဗိုလ်ချုပ် နေဝင်းတောင် သဘောပေါက်တယ်။ အဲဒါ ဘာလည်းဆိုတော့ ဘယ်သူပဲဖြစ်ဖြစ် အစိုးရအာဏာပိုင်ပဲ ဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် ဥပဒေ ချိုးဖေါက်လို့ကိုမရဘူး။ ”

တချိန်ထဲမှာပဲ တိုင်းရင်းသား သတင်းမီဒီယာ ကွန်ဖရန့်ကလည်း အရေးပေါ်အစည်းအဝေး တရပ်ခေါ်ယူပြီး ဒီသတင်းသမား ၃ဦးကို အမြန် ပြန်လွှတ်ပေးဖို့ ဇွန်လ(၂၈)နေ့မှာ တောင်းဆိုခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုထဲပါတဲ့ ကချင် KIA/ တအောင်းပလောင် TNLA/ ကိုးကန့် MNDAA နဲ့ ရခိုင့်တပ်မတော် AA တို့ကို ၂၀၁၆ ခုနှစ်ထဲ ရှမ်းပြည်နယ်လွှတ်တော်မှာ မတရားအသင်းအဖြစ် ဆုံးဖြတ်ကြေညာခဲ့တာပါ။

TNLA လက်နက်ကိုင်တပ်ရဲ့ဘိန်းနဲ့မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို သွားရောက် သတင်းယူခဲ့ပြီး အပြန်လမ်းမှာ DVB သတင်းဌာနက အကြီးတန်း သတင်းထောက် ဦးအေးနိုင်၊ ဦးပြည့်ဘုန်းနိုင်နဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက် ဦးသိန်းဇော်(ခေါ်) လဝီဝမ် တို့ကို ဇွန်လ(၂၆) မွန်းလွဲပိုင်းမှာ တပ်မတော်က ဖမ်းဆီးခဲ့တာပါ။ မတရားအသင်း ဥပဒေအရ ပြစ်ဒဏ်စီရင်ခံရမယ်ဆိုရင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်အထိ ကျနိုင်ပါတယ်။ အဲဒီ သတင်းထောက် သုံးဦးကို လောလောဆယ် သီပေါ အကျဉ်းထောင်မှာ ချုပ်နှောင်ထားပြီး လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့ကျရင် တရားရုံး ထုတ်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG