သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံသတင်းထောက်(၃)ဦး သီပေါ အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း အတည်ပြု


ဖမ်းဆီးခံသတင်းထောက်(၃)ဦး (DVB)
ဖမ်းဆီးခံသတင်းထောက်(၃)ဦး (DVB)

TNLA ခေါ် တအာင်း(ပလောင်)တပ်ဖွဲ့ရဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို သွားရောက်သတင်းယူခဲ့တဲ့ DVB သတင်းထောက် ဦးအေးနိုင်အပါ ၆ဦးကို ရှမ်းပြည်နယ် သီပေါမြို့နယ်ရဲတပ်ဖွဲ့မှုရုံးမှာ မတရားအသင်းနဲ့ ဆက်သွယ်မှု နဲ့ အမှုဖွင့်ထားပါတယ်။ လောလောဆယ်မှာတော့ ဦးအေးနိုင်နဲ့အဖွဲ့ကို သီပေါအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ သီပေါမြို့နယ်ရဲတပ်ဖွဲ့မှုရုံးက တာဝန်ရှိသူက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီမိုကရက်တစ် မြန်မာ့အသံ DVB အကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ကိုပြည့်ဘုန်းနိုင် နဲ့ ဧရာဝတီ သတင်းဌာနသတင်းထောက် ကိုသိန်းဇော်ခေါ် ကိုလဝီဝမ်အပါအဝင် ၇ဦးကို ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာအနီးမှာ TNLA ခေါ် တအာင်းပလောင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ ဆက်သွယ်တာကြောင့် တပ်မတော်ကနေ တနင်္လာနေ့က ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးပြီးနောက်မှာ လားရှိုးမြို့နယ် ရဲစခန်းကို လွဲှပြောင်းအပ်နှံခဲ့ကြောင်းနဲ့ လိုအပ်တဲ့စစ်ဆေးမှုတွေ ဆောင်ရွက်နေကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ သက်ဆိုင်ရာသတင်းဌာနတွေက လားရှိုးနဲ့ နမ့်ဆန်ရဲစခန်းတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ စုံစမ်းလို့ မရခဲ့ကြပါဘူး။

ဒီကနေ့မှာတော့ သီပေါမြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှာ မတရားအသင်းနဲ့ဆက်သွယ်မှုနဲ့ အမှုဖွင့်ထားပြီး သီပေါအကျဉ်းထောင်မှာ ထိန်းသိမ်းထားကြောင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“ခမရ ၅၀၃ ကပါခင်ဗျ၊ခမရ ၅၀၃ကနေပြီးတော့ ကျနော်တို့ကို လာပြီးတော့ အမှုဖွင့်ထားပါတယ်ခင်ဗျ။ မတရားအသင်း ၁၇/၁ နဲ့ ဖွင့်ထားပါတယ်ခင်ဗျ။ အခုက ဦးအေးနိုင် အပါ ၆ဦးပါခင်ဗျ ။ လောလောဆယ် သီပေါအကျဉ်းထောင်မှာပါခင်ဗျ။”

ဖမ်းဆီးစဉ်က စုစုပေါင်း၇ဦးဖြစ်ပြီး ဖမ်းဆီးပြီးနောက်မှာ သီပေါမြို့အခြေစိုက် ခမရ ၅၀၃တပ်ရင်းမှာ စစ်ဆေးမေးမြန်းခဲ့တဲ့နောက် သီပေါမြို့နယ်ရဲတပ်ဖွဲ့ကို လွဲှအပ်လိုက်တာဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ သံဃာတော်တပါးကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရဲ့ အယ်ဒီတာ ဦးခင်မောင်စိုးကတော့ မတရားအသင်းအဖွဲ့နဲ့ ဆက်သွယ်မှုအပေါ် ပြန်လည်ဆန်းစစ်ပြီး ဥပဒေကြောင်းအရ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

“အဓိကတော့ ဒါကတော့ ၁၇/၁ ဆိုတာကို ဘယ်လိုအထောက်အထားတွေနဲ့ စွဲချက်တင်မလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိအောင်လုပ်ရမယ်ထင်တယ်။ ကျနေ်ာ့အမြင်ကတော့ ၁၇/၁ ဆိုတာက အစိုးရကို လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့အစည်းနဲ့ ဆက်သွယ်ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းဘက်ကနေ အစိုးရကို ပူးပေါင်းပြီးကြံစည်တာမျိုးကို ၁၇/၁ မြောက်မယ်လို့ ယူဆတယ်ခင်ဗျ။ ကျနော်တို့လွှတ်တယ်ဆိုတာကတော့ သတင်းပဲလေ၊ သူတို့မူးယစ်ဆေးဝါး သတင်းကိစ္စပေ့ါခင်ဗျ။ ကျနော်တို့ကတော့ အဲဒီလို အမှုဖြစ်လာတယ်ဆိုရင်တော့ ဥပဒေကြောင်းအရ ဖြေရှင်းရမှာပဲ။”

လောလောဆည်မှာ ရှေ့နေတွေနဲ့ တိုင်ပင်ဆောင်ရွက်နေကြောင်း ပြောပါတယ်။

သတင်းထောက် ၃ ဦးကို တပ်မတော်က ဖမ်းဆီးလိုက်တာနဲ့ ပတ်သက်လို့ ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးက အထူးစိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သလို ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်တဲ့ Burma Campaign UK ချက်ခြင်း ပြန်လွတ်ပေးဖို့ တောင်းဆို လိုက်ပါတယ်။

မြန်မာပြည်အခြေစိုက်သတင်းမီဒီယာအဖွဲ့အစည်းတွေအပြင် CPJ ခေါ် သတင်းထောက်များ အကာကွယ်ပေးရေး ကော်မီတီနဲ့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးတို့ကလည်း ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ ပြန်လွတ်ပေးရေးအတွက် တောင်းဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG