မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကြီး ၂၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်-ဟံသာဝတီအဝိုင်းကနေ ဆူးလေအထိ ငြိမ်းချမ်းစွာ လမ်းမတွေပေါ် စီတန်းလမ်းလျှောက်ကြသူတွေကို ခေါင်းဆောင်တယ်ဆိုပြီး ပုဒ်မ (၁၈) အရ ခွင့်ပြုမိန့်မရဘဲ စီတန်းလမ်းလျှောက်မှုနဲ့ တက်ကြွလှုပ်ရှားသူ ၂ ဦးကို ရန်ကုန်တိုင်း၊ မြို့နယ် ၆ မြို့နယ်က ရဲစခန်းတွေက တရားလိုလုပ်ပြီး အမှုတင်ခဲ့ပါတယ်။ အလားတူပဲ မြေသိမ်းယာသိမ်းမှုတွေကို ဆန့်ကျင်ပြီး (၈) လေးလုံးနှစ်ပတ်လည်နေ့မှာ တကိုယ်တော်ဆန္ဒပြခဲ့တဲ့ သံတွဲမြို့က အရပ်သား တစ်ဦး ကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ ၂၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို လမ်းလျှောက်ချီတက်လာကြတဲ့ အရပ်သားတွေပါတဲ့ စီတန်းလမ်းလျှောက်မှုကို ဦဆောင်တယ်ဆိုပြီး နိုင်ငံသားများအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုအပါအဝင် နှစ်ဦးကို ကျောက်တံတားမြို့နယ်အပါအဝင် မြိုနယ် ၆ မြို့နယ်ရဲ့ ရဲစခန်းတွေက ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။
သူတို့ဟာ ဟံသာဝတီအဝိုင်းကနေ ဆူးလေအထိ လမ်းလျှောက်ခဲ့ကြပြီး ၈ ရက်နေ့ညနေပိုင်းမှာ ရဲစစ်ဆေးချက်တွေ ခံခဲ့ရကြောင်း တရားစွဲခံရသူ ဦးဝင်းချိုက ပြောပါတယ်။
“ကျနော်တို့ မနေ့က မနက်ကိုးနာရီမှာ ဟံသာဝတီအဝိုင်းကနေစပြီးတော့ (၈) လေးလုံးငွေရတု အထိမ်းအမှတ်နေ့နဲ့ လမ်းပေါ်မှာပဲ ကျဆုံးသွားခဲ့တဲ့ အညတရပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လမ်းလျှောက်ကြပါတယ်။ ဆူးလေအထိ ဖြစ်ပါတယ်။ အဲဒီတော့ လမ်းတလျှောက် ဖြတ်သန်းမြို့နယ်တွေဖြစ်တဲ့ ကမာရွတ်၊ ဒဂုံ၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနဲ့ ကျောက်တံတားမြို့နယ် ၆ ခုက ခွင့်ပြုချက် မရယူဘဲနဲ့ စီတန်းလမ်းလျှောက်တဲ့ အတွက် ဆိုပြီး အမှုဖွင့်ထားပါတယ်။ လက်ရှိအချိန်အထိ ကျနော်သိသလောက်ကတော့ ကျနော်နဲ့ ဒေါ်ဖြူဖြူဝင်းနဲ့ကို အမှုဖွင့်ထားပါတယ်။ အဲဒီအတွက် ဥပဒေအရ ကျနော်တို့ စစ်ဆေးမေးမြန်းဖို့အတွက်ကိုလည်း ပူးပေါင်း ကူညီပေးပါ-ဆိုပြီး သူတို့ လာခေါ်ပါတယ်။ ကျနော်လည်း ရဲစခန်းကိုလိုက်သွားပြီးတော့ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်တဲ့အတွက် အစစ်ခံလိုက်ပါတယ်။”
(၈) လေးလုံး နှစ်ပတ်လည်နေ့အတွက် လာကြသူတွေကို ဦးဆောင်ခေါ်လာခြင်း မရှိကြောင်းနဲ့ သူတို့အသိစိတ်ဓာတ်နဲ့ ပူးပေါင်းပါဝင်လာတာ ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် လူအုပ်စုကြီးရဲ့ ခေါင်းဆောင်မဟုတ်ဘူးလို့ နိုင်ငံသားအခွင့်အရေး အတွက် တိုက်ပွဲဝင်နေသူ ဦးဝင်းချိုက ဆိုပါတယ်။
“တကယ်တန်းပြောရရင် ဦးဆောင်သူ မရှိဘဲနဲ့ မိမိအသိစိတ်နဲ့ ပူးပေါင်းပါဝင်တဲ့ သာမန်ပြည်သူတွေ ဖြစ်ပါတယ်။ (၈) လေးလုံးအရေးတော်ပုံကြီးက လမ်းပေါ်မှာ စပြီးတော့ လမ်းပေါ်မှာပဲ ဆုံးသွားတာဖြစ်တဲ့အတွက် ဒီအခမ်းအနားဟာ လမ်းပေါ်မှာပဲ သူတို့ကို ဂုဏ်ပြုဖို့သင့်တယ်လို့ ဆုံးဖြတ်တဲ့လူတွေရဲ့ ကိုယ်ပိုင်အသိစိတ်နဲ့ ပူးပေါင်းပါဝင်တာဖြစ်တဲ့အတွက် ကျနော် ဦးဆောင်တာလည်း မဟုတ်ဘူး၊ တခြား ဘယ်သူမှ ဦးဆောင်တာလည်း မဟုတ်ဘူး။ အားလုံးက ပူးပေါင်းပါဝင်တာ။”
ရခိုင်ပြည်၊ သံတွဲမြို့မှာလည်း (၈) လေးလုံး ၂၅ နှစ်ပြည့်နေ့မှာ လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်းမှုတွေအတွက် လမ်းမပေါ်မှာ တကိုယ်တော်ထွက်ပြီး ဆန္ဒပြခဲ့တဲ့ သံတွဲမြို့က ကိုစိုးရီဆိုတဲ့ အရပ်သားတစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး အခုထိ ပြန်မလွှတ်သေးဘူးလို့ သံတွဲခရိုင်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခရိုင်ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောပါတယ်။
“အဲဒါနဲ့ပတ်သက်ပြီး ဘာမှ ဆောင်ရွက်တာတော့ မကြားသေးဘူးခင်ဗျ။”
အလားတူ စုဝေးမှု၊ လမ်းလျှောက်မှုတွေ လုပ်တဲ့အခါတိုင်း အရေးယူဆောင်ရွက်မှုတွေက ခွဲခြားမှုတွေ ရှိကြောင်း ဦးဝင်းချိုက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ၊ အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒဖော်ထုတ်ပွဲတွေ၊ ခေါင်းဆောင်တွေလာတဲ့အခါ ထောက်ခံကြိုဆိုပွဲတွေကို ရံဖန်ရံခါဆိုသလို လုပ်လေ့ရှိကြတာပါ။ ဒါတွေကိုတော့ ပုဒ်မ ၁၈ နဲ့ အရေးယူတာမျိုးတွေ မရှိတဲ့အတွက် နိုင်ငံသားတွေအနေနဲ့ အခွင့်အရေးအတူတူ ရှိသင့်တယ်လို့ ဦးဝင်းချိုက ပြောပါတယ်။
“ဆိုလိုတာကဗျာ၊ သမ္မတကြီးပြန်လာတယ်၊ လေဆိပ်မှာအားလုံး သွားကြိုကြတယ်။ ဒါကော ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ မသက်ဆိုင်ဘူးလား။ အဲဒီလိုမျိုး ခေါင်းဆောင်တွေလာတဲ့အချိန်မှာ သွားကြိုကြတာ၊ အန်တီလာတဲ့ အချိန်မှာလည်း အဲသလိုကြိုတာတွေ ရှိပါတယ်။ ကိုမိုးသီးတို့လာတုန်းကတောင်မှ အဲသလို ကြိုတာတွေ ရှိပါတယ်။ အဲဒီတော့ ဒီအကြောင်းအရာတွေကကော ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ မသက်ဆိုင်ဘူးလား။ ကျနော်တို့ကျမှ ဘာဖြစ်လို့ တရားစွဲရတာလဲဆိုတာကိုတော့ သိချင်ပါတယ်။ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတွေအရ ဒီလိုအကြောင်းအရာတွေအတွက် ကျနော်တို့မှာ အပြစ်ရှိတယ်ဆိုရင် ကျနော်တို့လို အမှုကိုပဲ ကျနော်တို့နဲ့အတူတူ ကျူးလွန်တဲ့ တခြားသူတွေကို တရားမစွဲသလဲဆိုတာကျတော့ မေးစရာဖြစ်နေပါတယ်။”
(၈) လေးလုံး အထိမ်းအမှတ်ပွဲတွေကို တိုင်းနဲ့ပြည်နယ်၊ မြို့နယ်အတော် များများမှာ ခွင့်ပြုမိန့်နဲ့ လုပ်ခွင့်ပေးခဲ့ကြပေမဲ့ ပဲခူးတိုင်းမှာတော့ ကျောက်တိုင်မှာ ပန်းခွေချတဲ့ ကိစ္စမျိုးတွေကို ခွင့်မပြုခဲ့တာ ဖြစ်ပါတယ်။ စီတန်းလှည့်လည်မှုဟာ အခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေးဖြစ်တယ်လို့ ရှေ့နေများ ကွန်ယက်က ဦးသိန်းသန်းဦးက ဆိုပါတယ်။
“လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ဆိုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မ ၅၄ မှာ- နိုင်ငံသားအခွင့်အရေးတွေ ပေးထားတာရှိတယ်လေ။ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်၊ စုဝေးခွင့်တယ်။ အဲဒါတွေပေးကြောင်း နိုင်ငံတကာသိအောင် ဖွဲ့စည်းပုံမှာဖော်ပြထားပြီးတော့ နောက်တခါ ဒီဘက်က ၂၀၁၁ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေအမှတ် (၁၅) ပေါ့နော်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနဲ့ ပြန်ကန့်သတ်ထားတာဗျ။”
စီတန်းလမ်းလျှောက်မှုတွေကို တချို့နေရာတွေမှာ နားလည်မှုနဲ့ခွင့်ပြုထားပြီး တချို့နေရာတွေမှာတော့ ပုဒ်မ ၁၈ နဲ့ အရေးယူတာတွေ၊ တရားစွဲတာတွေ လုပ်နေတာပါ။ ပုဒ်မ ၁၈ နဲ့ လူတချို့ကို စွဲချက်တင်ပြီး လူတချို့ကိုတော့ အာမခံပေးတာတွေလည်း ဥပဒေပိုင်းမှာ တွေ့နေရတဲ့အတွက် မြန်မာနိုင်ငံဟာ ဖွဲ့စည်းပုံက ချမှတ်ပေးထားတဲ့ ဥပဒေဟာ တနေရာမှတစ်မျိုး ဆက်ဆံနေပြီး မညီမျှမှုတွေ ရှိနေတယ်လို့လည်း ရှေ့နေများကွန်ယက်ကလည်း ဆိုပါတယ်ရှင်။