သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းဒင်ရွာ လူသတ်မှု စစ်တပ် ဝန်ခံချက် ကန်သံအမတ်ကြိုဆို


မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုဿာန်၌ အမည်မသိ ရုပ်အလောင်း ၁၀ လောင်း တူးဖော်နေစဉ်- (တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းဓာတ်ပုံ။
မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုဿာန်၌ အမည်မသိ ရုပ်အလောင်း ၁၀ လောင်း တူးဖော်နေစဉ်- (တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းဓာတ်ပုံ။

မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့တာဟာ အရေးပါတဲ့ ခြေလှမ်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကပြောကြားလိုက်ပါတယ်။ မနေ့ ကြာသာပတေးနေ့က ရန်ကုန်မြို့ မြန်မာသတင်းပညာသိပ္ပံ မှာ ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် နှင့် ဒီမိုကရေစီအကူးအပြောင်းမှာ သတင်းသမားများရဲ့ အခန်းကဏ္ဍ နဲ့ ပက်သက်တဲ့ ဆွေးနွေးပွဲမှာ အမေရိကန်သံအမတ်ကြီး Scot Marciel က သတင်းထောက်တွေရဲ့ အမေးကို တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က ဆက်ပြီး ပြောပြမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒေသခံ မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှုမှာ လုံခြုံရေးတပ်တွေ ပါဝင်နေတယ်လို့ တပ်မတော်က ဝန်ခံ ထုတ်ဖေါ်ပြောကြား လိုက်တဲ့အပေါ်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ကြိုဆိုလိုက်ပါတယ်။

"ရိုဟင်ဂျာ ၁၀ ယောက်ကို သတ်ဖြတ်ခဲ့တဲ့အမှုမှာ လုံခြုံရေးတပ်တွေ ပါဝင် ပတ်သက် ခဲ့တယ်လို့ မြန်မာစစ်တပ်ရဲ့ ဝန်ခံပြောကြားမှုဟာ အရေးပါတဲ့ ခြေလှမ်းဖြစ်ပါတယ်။"

ဒါအပြင် ဒီလိုတာဝန်ယူမှုမျိုးကနေ ပြစ်မှုကျူးလွန်မှုတွေအတွက် တာဝန်ခံမှု အထိဖြစ်လာဖို့ အမေရိကန်ဘက်က မျှော်လင့်ကြောင်း သံအမတ်ကြီး Marciel က ပြောပါတယ်။

"အခုလို တာဝန်ယူမှု တာဝန်ခံမှုမျိုးနဲ့ ဆက်လက်လုပ်ဆောင်ခြင်းအားဖြင့် ပိုမို ပွင့်လင်းမြင်သာမှုတွေ ဆက်ပြီး ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။"

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာ သုသာန်မှာတွေ့ရှိတဲ့ ရုပ်အလောင်းတွေ ဟာ ရခိုင် ရွာသားတချို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့တဲ့ မွတ်စလင် အကြမ်းဖက် ၁၀ ဦး ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးတွေ့ရှိခဲ့ကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့ရက်စွဲနဲ့ တပ်မတော်က သတင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းအခြေအနေနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်ဘက်က သူတို့ တပ်ဖွဲ့ဝင်တွေ ပြစ်မှုကျူးလွန်ခဲ့ကြောင်း အခုလို ထုတ်ဖေါ်ဝန်ခံတာဟာ အတော်လေးကို ရှားပါးတဲ့ဖြစ်ရပ်ပါ။ ဒါပေမဲ့လည်း ဒေသခံမွတ်စလင် ၆ သိန်းခွဲကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတဲ့အခြေအနေမှာ အင်းဒင်ကျေးရွာ ရုပ်အလောင်းကိစ္စထက် ပိုပြီး ကြီးမားကျယ်ပြန့်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေကြောင်းနဲ့ လွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုတွေရှိဖို့ လိုအပ်ကြောင်း နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

"အင်းဒင် မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကျနော်တို့ မြင်ရသလောက်ဆိုရင် ဖုံးကွယ်ထားတဲ့ ပြဿနာအကြီးကြီးထဲက အသေးအမွှားလေးတခုလို့ ပြောရမှာပါ။ မဖြစ်မနေ ရှာဖွေဖေါ်ထုတ် စုံစမ်းရမယ့် ညှမ်းပန်းနှိပ်စက်မှုတွေ အများအပြားရှိနေပါတယ်။ ဒါကို မြန်မာအစိုးရ ဒါမှမဟုတ် စစ်တပ်က အမှန်တကယ်လုပ်ပါမလား ဆိုတာ ကျနော်တို့ သံသယရှိနေပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာစုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ကျနော်တို့ ဆက်ပြီး တောင်းဆိုနေတာဖြစ်ပါတယ်။"

အင်းဒင်ကျေးရွာ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ ဇန်နဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ တပ်မတော်ရဲ့ ကြေညာချက်မှာ ၂၀၁၇ စက်တင်ဘာ ၁ ရက်နေ့က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက်သမား ၁၀ ယောက်ကို စစ်ဆေးမေးမြန်းပြီး နောက်တနေ့မှာပဲ သုဿန်ကို ခေါ်ဆောင်သွားရာမှာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲ သေဆုံးခဲ့ရသူ ဒေသခံတဦးအတွက် လက်စားချေ တုန့်ပြန်ချင်နေကြတဲ့ မိသားစုဝင် ၂ ဦး အပါအဝင် ရွာသား ၃ ဦးနဲ့အတူ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သတ်ဖြတ် ကျုးလွန်ခဲ့တာကို စုံစမ်းတွေ့ရှိခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG