သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ EU စေလွှတ် မည်


၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကာလအတွင်း မဲရေတွက်စဉ်။ (ဧပြီ ၁၊ ၂၀၁၂)
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကာလအတွင်း မဲရေတွက်စဉ်။ (ဧပြီ ၁၊ ၂၀၁၂)

လာမယ့်နိုဝင်ဘာလ မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ကို EU ဥရောပ သမဂ္ဂ က စောင့်ကြည့် လေ့လာနိုင်ဖို့ မြန်မာအစိုးရ ဘက်က ခွင့်ပြုလိုက် ပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာ EU သံအမတ်ကြီး Roland Kobia နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးဆိုင်ရာတာဝန်ခံ ဒေါက်တာ ဒေါ်မြင့်ကြည်တို့က နားလည်မှုစာချွန်လွှာ MOU ကိုနေပြည်တော်မှာ ဒီကနေ့ လက်မှတ်ရေးထိုးလိုက်တာပါ။

ဒီသဘောတူညီချက်အရ ဥရောပသမဂ္ဂရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့အနေနဲ့ ရွေးကောက်ပွဲကာလအတွင်း ဆောင်ရွက်ပုံအဆင့်ဆင့်ကို လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီလေ့လာ စောင့်ကြည့်ရေးအဖွဲ့မှာ အဖွဲ့ဝင် ၁၀၀ ကျော်ပါဝင်မှာဖြစ်ပြီး EU အဖွဲ့ဝင်ကိုယ်စားလှယ်တွေ အပြင် ကနေဒါ၊ ဆွစ်ဇာလန်နဲ့ နော်ဝေနိုင်ငံက ကိုယ်စားလှယ်တွေလည်း ပါဝင်မှာပါ။

EU က ထုတ်ပြန်တဲ့ ကြေညာချက်မှာ EU သံအမတ်ကြီး ရိုလန်ကိုဘီယာ က လေ့လာစောင့်ကြည့်ရေးအဖွဲ့စေလွှတ်ရေး ဟာ EUနဲ့ မြန်မာနိုင်ငံ ရဲ့ ကျယ်ပြန့်တဲ့ ဆက်ဆံမှုတွေထဲက အစိတ်အပိုင်း တစ်ရပ်ဖြစ်ကြောင်း၊ ဒီထပ်ဆင့်ပူးပေါင်းဆောင်ရွက်မှုတွေဟာ နိုင်ငံရေးအသွင် ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ခိုင်မာလာစေဖို့ ရည်ရွယ်ကြောင်း၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခြင်းဟာ အားလုံးပါဝင်နိုင်မှု၊ ပွင့်လင်းမြင်သာမှု၊ ယုံကြည်လက်ခံနိုင်မှုတွေရှိတဲ့ ရွေးကောက်ပွဲများကို ကူညီပံ့ပိုးချင်တဲ့ ဥရောပသမဂ္ဂရဲ့ဆန္ဒကို ထုတ်ဖော်ပြသတာ ဖြစ်တဲ့အပြင် ဥရောပသမဂ္ဂရဲ့မူဝါဒအစိတ်အပိုင်းလည်းဖြစ်တဲ့ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး နဲ့ လူ့အခွင့်အရေး ကို အားဖြည့်ဖြစ်တယ်လို့ ပြောဆိုကြောင်း ဖော်ပြ ထားပါတယ်။

မကြာခင်မှာ ဒီမစ်ရှင် ဦးဆောင်မယ့်သူကို ရွှေးချယ်သွားမှာဖြစ်တယ်လို့ အီးယူ နိုင်ငံခြားရေးနဲ့ လုံခြုံရေးရာဌာန အကြီးအကဲ Federica Mogherini ကလည်း ပြောပါတယ်။ EU လေ့လာစောင့်ကြည့်ရေးအဖွဲ့ဟာ နိုဝင်္ဘာ ၈ ရက်နေ့ မတိုင်ခင် လပိုင်းအလိုမှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်အရပ်ရပ် ပြီးဆုံးချိန်ထိ မြန်မာနိုင်ငံ အတွင်း ရှိနေမှာ ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၃၈ နိုင်ငံက ရွေးကောက်ပွဲပေါင်း တရာလောက် ကို စောင့်ကြည့် လေ့လာ ခဲ့တဲ့ ကာတာ စင်တာကလည်း လာမယ့်ရွေးကောက်ပွဲ ကို စောင့်ကြည့်လေ့လာသွားမှာဖြစ်ပြီး လက်ရှိမှာ မြန်မာနိုင်ငံ တွင်း ရွေးကောက်ပွဲ ဆိုင်ရာ သင်တန်းပေးမှုတွေနဲ့ ကူညီပံ့ပိုးမှုတွေကို လုပ်ဆောင်ပေးနေပါတယ်။

မြန်မာပြည်တွင်းက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ကြမယ့် လူထုအခြေပြုအဖွဲ့အစည်းတွေ ကလည်း နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေ ပါဝင်လာတဲ့အပေါ် ကြိုဆိုကြပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာ လိုအပ်ချက်တွေကို အရင်ဆုံး လေ့လာဖို့နဲ့ နယ်စပ်ဒေသတွေ၊ ရွှေ့ပြောင်း အလုပ်သမားအများအပြားရှိတဲ့ဒေသတွေမှာ သွားရောက်လေ့လာဖို့ကိုလည်း တိုက်တွန်းပါတယ်။

နိုဝင်ဘာမှာကျင်းပမယ့် ရွေးကောက်ပွဲဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်း ကျင်းပခဲ့တဲ့ရွေးကောက်ပွဲတွေ အတွင်း မြန်မာအစိုးရ ဘက်က နိုင်ငံ တကာ စောင့်ကြည့် လေ့လာ သူတွေကို ဝင်ရောက်လေ့လာခွင့်ပြုတဲ့ တခုတည်းသော ရွေးကောက်ပွဲ လည်း ဖြစ်ပါတယ်။

XS
SM
MD
LG