သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ကျပ်ငွေလဲနှုန်း အနည်းငယ်ပြန်ကျ


မြန်မာငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နေစဉ်။
မြန်မာငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နေစဉ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်ရက်တွေတုန်းက အမေရိကန်ဒေါ်လာနဲ့ ကျပ်ငွေလဲနှုန်း သိသိသာသာ တက်သွား ခဲ့ပေမဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက် တရက်ဖြစ်တဲ့ ဒီနေ့မှာတော့ ဈေးအနည်းငယ် လျော့ကျသွားပါတယ်။ ဒါပေမဲ့လည်း မြန်မာကျပ်ငွေဈေး ကျဆင်း နေတာကို ဘယ်လောက်အထိ ဆက်ထိန်းနိုင်မလဲဆိုတာ မသေချာတဲ့အတွက် စီးပွားရေးအခြေအနေတွေအပေါ် ရိုက်ခတ်လာမှာကိုလည်း လုပ်ငန်းရှင်တွေ စိုးရိမ်နေကြတာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်း သိသိသာသာ တက်လာခဲ့ရာမှာ မနေ့ တုန်းက ဘဏ်တွေပိတ်ချိန်မှာတော့ အမေရိကန် ၁ ဒေါ်လာကို ၁၄၀၀ ကျပ်ကျော်အထိ ဈေးပေါက်ခဲ့တာပါ။ ဒါပေမဲ့လည်း မနေ့တုန်းက ငွေကြေးဈေးကွက်ကသူတွေ၊ ဘဏ်လုပ်ငန်းရှင်တွေ အပါအဝင် စီးပွားရေးလောက ကသူတွေနဲ့ အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက်မှာတော့ ဒီနေ့မှာ ငွေလဲနှုန်းဟာ ကျပ်ငွေ ၂၀ လောက် လျော့ကျသွားခဲ့ ကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုလုပ်ငန်း အသင်းချုပ်ရဲ့ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

"မနေ့က သောကြာနေ့ကတော့ မနက်ပိုင်းမှာ ငွေလဲတဲ့သူတွေကို အစည်းအဝေးခေါ် တယ်ပေါ့နော်၊ နေ့ခင်းပိုင်းကတော့ ဘဏ်လုပ်ငန်းလုပ်တဲ့သူတွေကို ခေါ်တာပေါ့။ သူတို့ခေါ်ပြီး ဆွေးနွေးတဲ့အချိန်မှာတော့ ဒေါ်လာဈေးကတော့ အခုနပြောတဲ့အချိန်အထိ ဒေါ်လာဈေးကတော့ ကျပ် ၂၀ လောက် ပြန်ဈေး ကျသွား တာပေါ့နော်။ Intervention လုပ်တာတော့၊ အစည်းအဝေးခေါ်တာတော့ တွေ့တယ်-သောကြာနေ့က။ အဲဒီ effect ကတော့ ဒေါ်လာဈေး နည်းနည်း ပြန်ငြိမ်သွားတာပေါ့နော်။"

ဒေါ်လာနဲ့ ကျပ်ငွေလဲလှယ်မှုတွေ မတည်မငြိမ် ဖြစ်ရတာဟာ ပြည်ပက ငွေကြေးဈေး ကွက်ရဲ့ ရိုက်ခတ်မှုတွေကြောင့် သာမက ပြည်တွင်းက အခြေအနေတွေနဲ့လည်း ဆက်နွယ်နေတယ်လို့လည်း မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်းလည်းဖြစ် လက်ရှိ ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်းအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ဦးသန်းလွင် ကပြောပါတယ်။

"ဒီ ဒေါ်လာဈေး တက်တဲ့အကြောင်းရင်းထဲမှာတော့ အခြေခံအကြောင်းရင်းတွေတော့ ရှိတာပေါ့လေ။ ဥပမာဆိုရင် tourist တွေက မဝင်လာတော့ဘူး။ Tourist တွေက အဝင် သိပ်နည်းလာတော့ အဲဒီမှာလည်း ဒေါ်လာ supply က နည်းသွားတာကိုး။ ရတာကလည်း နည်းသွားတယ်။ အဲဒါကလည်း တချက်ပါတာပေါ့။ FDI (Foreign Direct Investment) လည်း ထင်သလောက်မတက်လာတော့ အဲဒါလည်း တချက်ပါတာတွေ့ရတယ်။ ဒါတွေ အကုန်လုံးက Tourism နဲ့လည်းနွယ်တယ်။ နောက်တခုက Investment နဲ့လည်း နွယ် တယ်။ နောက်တခုက ပြည်ပ ပို့ကုန်အနေနဲ့ဆိုရင်လည်း ဥပမာ ဆိုပါစို့၊ ပဲမျိုးစုံ- ခါတိုင်းက အိန္ဒိယနိုင်ငံကို အတော်လေးရောင်းရတာကိုး။ အခုက အိန္ဒိယနိုင်ငံက သိပ်ပြီးမဝယ်တော့ အဲဒီမှာ ပဲဈေးတွေလည်း ထိုးကျတော့ အဲဒီမှာလည်း နိုင်ငံခြားသုံးငွေရဖို့ အလားအလာ၊ ဒေါ်လာတွေရဖို့ အလားအလာတွေက ပြန်ပြီးတော့ လျှော့ချသွားတဲ့ သဘောတွေ ရှိတာကိုး။ ဒါတွေ အကုန်လုံးက အကြောင်းတွေက စုံသွားတဲ့သဘောရှိတယ်။ ဈေးကစားတာလည်း တချက် ပါတာပေါ့။"

ပြီးခဲ့တဲ့သီတင်းပတ်ထဲ အမေရိကန်ဒေါ်လာဈေးနှုန်း အရမ်းမြင့်တက်သွားပြီး ငွေလဲနှုန်း မငြိမ်သက်မှုတွေနဲ့ကြုံရတဲ့အတွက် လုပ်ငန်းရှင်တွေ အခက် ကြုံရသလို စက်သုံးဆီနဲ့ စားသုံးကုန်ပစ္စည်းတွေ ဈေးမြင့်တက်လာတာမျိုးတွေလို နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ရှိခဲ့ကြောင်းလည်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒီအတွက်လည်း ပြည်တွင်းစီးပွားရေးမှာ ရေခံမြေခံကောင်းတွေ လိုအပ်နေတယ်လို့လည်း ပို့ကုန်သွင်းကုန် စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောပါတယ်။

"ရေရှည်ကတော့ ထုံးစံအတိုင်းပေါ့၊ export ပဲ ကျနော်တို့က အားကောင်းအောင် လုပ်ရမှာပေါ့နော်။ export နဲ့ import မှာ ကျနော်တို့က ကုန်သွယ်ရေး လိုငွေပြရင်တော့ ဒေါ်လာဈေးက တက်လာနိုင်တဲ့သဘောရှိတာပေါ့။ နောက်တခု ကျနော်တို့ဆီမှာဖြစ်နေတာက တရုတ်နယ်စပ်က ငွေဝင်တာ များတယ်လေ။ ကျနော်တို့ export က တရုတ်နယ်စပ်ကို သွားတာ ကျနော်တို့အတွက် surplus trade က..ပိုနေ တာပေါ့နော်။ normal trade ထက်စာရင်။ အဲဒီ ပိုနေတဲ့ ယွမ်ငွေတွေကို ဒီဘက်ကို ပြန် လည်ဖြည့်ဆည်းနိုင်အောင်လုပ်ဖို့အတွက် အစိုးရအနေနဲ့ mechanismတခု ဖန်တီးပေးဖို့ လိုတယ်။ အဲဒီကနေ ဒီဘက်ကို လွှဲတဲ့နေရာမှာ ပိုလျှံတဲ့ export ရတဲ့ ယွမ်ငွေတွေကို ဗမာပြည်ကနေ ပြန်ပြီး တရားဝင် ငွေဖြစ်အောင်လုပ်တဲ့စနစ် မပေါ်သေးဘူးပေါ့နော်။ အဲဒီဟာ ပေါ်အောင် လုပ်လိုက်ရင်တော့လည်း ရေရှည်မှာ cash flow တော့ မှန်သွားနိုင် တဲ့ အနေအထားရှိတာပေါ့။"

လတ်တလော မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ ပြည်ပကို ကုန်တင်ပို့မှုထက် ပြည်ပက တင် သွင်းမှု များနေတဲ့အတွက်လည်း စီးပွားရေးမှာ ဘက်မမျှတဲ့ အခြေအနေတွေ ကြုံနေရ တယ် လို့ စီးပွားရေး အသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။

ပြည်ပနဲ့ ချိတ်ဆက် လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေမှာ အခုလို ငွေကြေးလဲလှယ်မှုတွေကြောင့် ရိုက်ခတ်မှုတွေ ကြုံရတဲ့အခါ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထိန်းကြောင်းပေးနိုင် တာတွေ ရှိတယ်လို့လည်း ဘဏ္ဍာရေးလုပ်ငန်းရှင် ဦးသန်းလွင် ကပြောပါတယ်။

"ဒေါ်လာဈေး တက်တယ်၊ ကျတယ်ဆိုတာက supply and demand ပဲလေ။ ဝယ်လိုအား၊ ရောင်းလိုအားရဲ့ ...ဖြစ်တယ်။ အဓိက-က အဲဒါပဲ။ ဝယ်လိုအား-ရောင်းလိုအားဖြစ်တဲ့ အတွက် သာမန်အားဖြင့်တော့ နိုင်ငံခြားမှာဆိုရင်တော့ ဗဟိုဘဏ်တွေကတဆင့်ပေါ့လေ-ဗဟိုဘဏ်တွေက ဘာလို့လဲဆိုတော့ ငွေပြန် ထုတ်ရောင်းတာကို။ နော်- supply များ လာအောင်လို့။ ဒီက ဗမာပြည်ကတော့ ဗဟိုဘဏ်က ကြည့်ရတာ ...နည်းလို့လား မပြောတတ်ဘူး။ နောက်တခု ကလည်း ပြည်တွင်းမှာလည်း foreign exchange market ကလည်း ပီပီပြင်ပြင် မဖြစ်လာသေးတော့လေ၊ အဲဒါလည်း တကြောင်းပါတယ်။ market ပီပီပြင်ပြင် ဖြစ်လာရင်တော့ ပြဿနာမရှိဘူး။'"

မြန်မာအစိုးရကတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေ တစိတ်တပိုင်းအဖြစ် ဘဏ္ဍာရေးလုပ်ငန်းတွေမှာ အပြောင်းအလဲတွေ လုပ်သွားဖို့လည်း ကတိပြုထားတာပါ။ ဘဏ္ဍာငွေကြေး ကဏ္ဍမှာ ဆိုရင်လည်း ပြည်တွင်းဘဏ်တွေ၊ နိုင်ငံတကာ ကုန်သွယ် မှုတွေ ကြား ငွေလွဲှပြောင်းမှုတွေနဲ့ လဲလှယ်မှုတွေ ပိုမိုသွက်လက်မြန်ဆန်အောင် စီစဉ်ဖို့လည်း ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG