သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာ-ထိုင်း ဝန်ကြီးအဆင့်စည်းဝေးမှု မြန်မာ့သုံးသပ်သူတွေအမြင်


မဲခေါင်-ဂင်္ဂါ အစည်းအဝေး
မဲခေါင်-ဂင်္ဂါ အစည်းအဝေး
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ ဇူလိုင် ၁၆ ရက်က တွေ့ဆုံခဲ့တဲ့ မဲခေါင်-ဂင်္ဂါ အစည်းအဝေးမှာ အိန္ဒိယအနေနဲ့ ရလဒ်တစုံတရာမထွက်ပဲ မြန်မာနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအသုံးချခံ သက်သက်သာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။ နယ်စပ်တည်ငြိမ်ရေးနဲ့ သုံးနိုင်ငံဆက် အဝေးပြေးလမ်း အမြန်ဆုံးပြီးစီးဖို့ အိန္ဒိယက မျှော်လင့်ထားထားတာပါ။ ရန်ကုန်က ပေးပို့လာတဲ့ဒီသတင်းကို ကိုဉာဏ်ဝင်းအောင်ပြောပြပါမယ်။
တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ကျင်းပသွားတဲ့ မဲခေါင်-ဂင်္ဂါအစည်းအဝေး (MGC) မှာ သုံးနိုင်ငံ အဝေးပြေးလမ်းတည်ဆောက်ရေးကို ဦးတည်ဆွေးနွေးခဲ့ပေမဲ့၊ အချိန်ကိုက်ကျင်းပတဲ့ ဒီအစည်းအဝေးဟာ ထိုင်းနဲ့ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံရေး အသုံးချမှုသက်သက်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူ တွေက ပြောပါတယ်။ အင်ဒိုနီးရှားခရီးစဉ်ကနေ ထိုင်းကိုရောက်လာတဲ့ အိန္ဒိယနိုင်ငံခြားရေးရာဝန်ကြီး ဒေါက်တာ Jaishankar ဟာ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထိုင်းနဲ့ မြန်မာစစ်ကောင်စီနိုင်ငံခြားရေး ဝန်ကြီးတွေကိုတွေ့ဆုံခဲ့တာပါ။ ရာခိုင်နှုန်း ၇၀ နီးပါးပြီးနေတဲ့ သုံးနိုင်ငံအဝေးပြေးလမ်းတည်ဆောက်ရေးလုပ်ငန်းတွေမှာ မြန်မာဘက်က ကြန့်ကြာနေတာကို အိန္ဒိဘက်က အဓိက ဆွေးနွေးခဲ့ပါတယ်။
တကယ်တော့ ဒီတွေ့ဆုံပွဲဟာ မကြာခင် အနားယူတော့မယ့် ထိုင်းအိမ်စောင့်အစိုးရအဖွဲ့က မြန်မာစစ် ကောင်စီကို နိုင်ငံတကာက အသိအမှတ်ပြုလာအောင် ဖန်တီးပေးတဲ့ တွေ့ဆုံပွဲတခုလို့သာ မြင်ကြောင်း India for Myanmar က ဆလိုင်းဒိုခါရ်က ပြောပါတယ်။ ဒါကြောင့် အိန္ဒိယက အသုံးချခံသက်သက်သာ ဖြစ်တယ်လို့ သူကပြောပါတယ်။
" ဒီတွေ့ဆုံမှုကို ကြည့်မယ်ဆိုရင် အိန္ဒိယဘက်ကနေ ရလဒ် တိတိကျကျ မျှော်လင့်လို့ရတဲ့ဟာ မရှိပါဘူး။ ထိုင်းနိုင်ငံခြားရေးကလည်း မကြာခင်မှာ အနားယူတော့မယ်၊ စ.က.စ ကလည်း ၂နှစ်ကျော်တဲ့အထိ ပြည်သူလက်ခံမှုမရတဲ့ အခါမှာ ယနေ့အချိန်အထိ တိုင်းပြည်ကို အုပ်ချုပ်ခွင့်မရတဲ့ စ.က.စ ဖြစ်နေတယ်။ ဆိုတော့ ဒီတွေ့ဆုံမှုက ဘယ်လိုခေါင်းစဉ်မျိုးပဲတပ်တပ် ဘယ်လိုအခြေအနေမျိုးပဲ အခြေခံပြီး ဆွေးနွေးဆွေးနွေး ဒီရလဒ်က အိန္ဒိယအတွက် အသုံးဝင်တာ မရှိဘဲနဲ့ ဒီဟာကို အမြတ်ထွက်အောင် သုံးနေတဲ့ဟာကတော့ စ.က.စ နိုင်ငံခြားရေးဝန်ကြီးပါပဲ။ အာဏာရှင်တွေရဲ့ အသုံးချမှုကို အိန္ဒိယက သတိမထားဘဲ လိုက်လျောအသုံးချခံတဲ့ ပုံစံမျိုးလို့ မြင်ပါတယ်။"
အိန္ဒိယဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အရပ်သားသတ်ဖြတ်ခံရမှုတွေနဲ့ ပတ်သက် ပြီး လူသိရှင်ကြား မှတ်ချက်ပေးခဲ့တာမျိုး ဝေဖန်တာမျိုး မရှိပါဘူး။ ဒီသုံးနိုင်ငံ တွေ့ဆုံပွဲမှာတော့ မြန်မာနဲ့ နယ်စပ်လုံခြုံရေးကို စိုးရိမ်ကြောင်း မကြာသေးခင်က သူ့နိုင်ငံသားတချို့ သတ်ဖြတ်ခံရတဲ့ ကိစ္စကို ရည်ညွှန်းပြီး ပြောခဲ့ပါတယ်။ ချင်းလက်နက်ကိုင် CDF ကတော့ လူသတ်တရားခံကို ဖမ်းဆီးပြီး အိန္ဒိယကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီကိစ္စကို ကြည့်မယ်ဆိုရင် အိန္ဒိယအနေနဲ့ သူ့ရဲ့နယ်စပ်လုံခြုံရေးမှာ စစ်ကောင်စီ ကို အားကိုးလို့မရတာထင်ရှားကြောင်း ဆလိုင်းဒိုခါရ်က ပြောပါတယ်။ နယ်စပ်က လက်နက်ကိုင်တွေက အိန္ဒိယနဲ့ ပူးပေါင်းဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတဲ့ ကြေညာချက်တွေလည်း ရှိနေပါတယ်။ ဒါပေမယ့်လည်း အိန္ဒိယနိုင်ငံဟာ မြန်မာအိမ်နီးချင်း တရုတ်နိုင်ငံက ချည်းကပ်ပုံမျိုးပဲ မြန်မာအပေါ်ချည်းကပ်နေပုံရတယ်လို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
" ဆိုတော့ အိန္ဒိယကတောက်လျှောက် မြန်မာနိုင်ငံကို ချဉ်းကပ်မှုက လုပ်သမျှက ကျနော်တို့ပြည်သူတွေက ပူးပေါင်းဖို့ဆိုတဲ့ တောင်းဆိုချက်တွေကို မျက်ကွယ်ပြုပြီး တရုတ်ရဲ့ လုပ်ဆောင်ချက်အတိုင်းကို အတုခိုးပြီးမှ လိုက်လုပ်နေတဲ့ အနေအထားဖြစ်တယ်။ အိန္ဒိယရဲ့ လက်ရှိလုပ်ဆောင်ချက်တွေကို ခြုံပြီး သုံးသပ်မယ် ဆိုရင် စ.က.စ ဆီကနေ သူ့ကိုယ်ကျိုးစီးပွား ပြန်လည်ပတ်အောင် အကာကွယ်ယူနိုင်မလား၊ မယူနိုင်ဘူး လား ဆိုတဲ့ဟာကို တွန်းနေတဲ့ပုံစံမျိုး ဖြစ်တယ်။ ဒီအပေါ်မှာ စ.က.စ ကလည်း အကာအကွယ် မပေးနိုင်ဘူးဆိုရင် နောက်ပိုင်းမှာ အိန္ဒိယရဲ့ ရပ်တည်ချက်ကလည်း ပြောင်းလဲလာနိုင်ခြေ ရှိတယ်လို့တော့ ကျနော် သုံးသပ်မိပါတယ်။"
အိန္ဒိယဟာ နယ်စပ်က နာဂသူပုန်ကိစ္စမှာ စစ်ကောင်စီရဲ့ အကူအညီနဲ့ အပေးအယူလုပ်ပြီး နှိမ်နင်းခဲ့တာမျိုး ရှိပါတယ်။ ဒါကြောင့် စစ်ကောင်စီနဲ့ ဆက်ဆံရေးကို သူကဆက်ရှိချင်တာပါ။ တရုတ်နိုင်ငံနဲ့လည်း နယ်စပ်ပြဿနာတွေ ရှိနေပေမဲ့ BRI စီမံကိန်းမှာ တရုတ်နဲ့ ပူးပေါင်းဖို့လည်း ကတိပြုထားပါတယ်။ ဒါတွေကိုအားလုံးကို အိန္ဒိယက အပေးအယူလုပ်ပြီး သံခင်းတမန်ခင်းနဲ့ စီးပွားရေးကို ချိန်ညှိထားတယ်လို့ တချို့က ပြောပါတယ်။ ဒါကြောင့်လည်း လက်ရှိ မြန်မာ့အရေးမှာ တက်လာတဲ့အစိုးရတရပ်နဲ့ ဆက်ဆံမယ်ဆိုတဲ့ သဘောထားရှိကြောင်း နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက ဗွီအိုအေကို ပြောပါတယ်။
" ဒီမိုကရေစီ အကြီးဆုံးနိုင်ငံတွေဘာတွေ ကြွေးကြော်နေပေမဲ့ လက်တွေ့မှာ ဒီမိုကရေစီ အင်အားစုတွေကို အားပေးတာမတွေ့ဘူး။ ဒုက္ခသည်တွေတောင် မလွှဲသာလို့သာ လက်ခံထားရတဲ့ အခြေအနေရှိတယ်။ အဲဒီအင်အားစုတွေကို သူ့ဆီမှာ လုံးဝ အသိအမှတ်လည်း မပြုဘူး၊ အကူအညီပေးတာလည်း မရှိဘူး။ ဒါကတောက်လျှောက် အိန္ဒိယရဲ့ ကျင့်သုံးလာတဲ့ ပေါ်လစီပေါ့။ အထူးသဖြင့် တရုတ်နဲ့ ဆက်ဆံရေးလည်း မပြတ်ချင်ဘူး၊ သူ့စီးပွားရေးအနေနဲ့။ မြန်မာနဲ့ ဆက်ဆံရေးကြတော့ နယ်စပ်ဒေသ လုံခြုံရေးကို အစိုးရနှစ်ဖွဲ့က အပြန်အလှန် နှိမ်နင်းခဲ့တာတွေရှိတယ်။ အခုအချိန်မှာ စစ်ကောင်စီနဲ့ပဲ ပိုပြီးဆက်ဆံရေး တည်ဆောက်နေတာ တွေ့တယ်။"
ဒါပေမဲ့ တော်လှန်ရေးအဖွဲ့အစည်း‌တွေဘက်က အသာစီးရလာရင်တော့ အိန္ဒိယရဲ့ အမြင်က ပြောင်းလဲသွားနိုင်တယ်လို့ သူကပြောပါတယ်။ တော်လှန်ရေး အင်အားစုတွေကလည်း အိန္ဒိယအကူအညီနဲ့ မြန်မာပြည်တွင်း တရုတ်လွှမ်းမိုးမှုကို လျှော့ချနိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း ဦးဖေသန်းက ဗွီအိုအေကို ပြောပါတယ်။
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG